ရှမ်းရွာသစ် ဖေဖော်ဝါရီ ၉
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းမှ ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်သည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှမ်းရွာသစ်မြို့ သန္တိသုခဘုန်းတော်ကြီးကျောင်း၌ ဒေသနေ ပြည်သူများ နှင့် ယနေ့ နံနက် (၉)နာရီက တွေ့ဆုံပွဲကို ကျင်းပပြုလုပ်သည်။
အဆိုပါတွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်က ယနေ့လာရောက်ခြင်းသည် ဒေသနေပြည်သူတို့၏ လူမှုအခက်အခဲ များ၊ စီးပွားရေးဆိုင်ရာအခက်အခဲများနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေးအတွက် တွေ့ဆုံခြင်း ဖြစ်ကြောင်း၊ ဒေသနေပြည်သူတို့၏ လိုအပ်ချက်များကိုလည်း ဌာနဆိုင်ရာများနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်ကြောင်း စသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်း များနှင့်ပတ်သက်၍ အမှာစကား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များတို့က ရှမ်းရွာသစ်မြို့ရှိ ဒေသနေပြည်သူများ အား နိုင်ငံသားစိစစ်ရေးကတ်ပြား (၅၂၃) ကတ်၊ အိမ်ထောင်စုစာရင်း (၃၁) တို့ကိုပေးအပ်ခဲ့ရာ တာဝန်ရှိသူများနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး များက လက်ခံရယူခဲ့ပြီးနောက် ဌာနဆိုင်ရာများနှင့် ဒေသနေပြည်သူများက ရေရရှိရေး၊ ဆရာ/မ နေအိမ်ရရှိရေး၊ ကျေးလက်ဆရာမ ရရှိရေးနှင့် ဒေသလိုအပ်ချက်များကို တင်ပြခဲ့ရာ ပြည်နယ်ဝန်ကြီးချုပ်က တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ဇင်လေး (ပြန်/ဆက်)