Skip to main content

နည်းပညာတက္ကသိုလ်(လွိုင်ကော်)၏ (၁၆)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အားပေး

လွိုင်ကော်    ဖေဖော်ဝါရီ  ၉

နည်းပညာတက္ကသိုလ်(လွိုင်ကော်)သည် ကယားပြည်နယ်၏ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်နယ်၏ စီးပွားရေး၊ လူမှုရေး၊ နည်းပညာမြင့်မားရေး စသည့်ကဏ္ဍများအတွက် အထောက်အပံ့ဖြစ်စေပြီး ပြည်နယ်အတွင်း အင်ဂျင်နီယာဆိုင်ရာ ကဏ္ဍများအတွက် အတတ်ပညာရှင်များ မွေးထုတ်ပေးလျက်ရှိရာ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၏ (၁၆)ကြိမ်မြောက် အင်ဂျင်နီယာ ဘွဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန် က လွိုင်ကော်မြို့၊ နည်းပညာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားသို့ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှို ၊ စည်ပင်သာယာရေးနှင့် လူမှုရေးဝန်ကြီး ဒေါက်တာ အောင်ကျော်ဌေး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးတီရယ်၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမော်မော်၊ ဗမာတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးလှမျိုးဆွေ၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ နည်းပညာတက္ကသိုလ် (လွိုင်ကော်)မှ ဒုတိယ ပါမောက္ခချုပ်နှင့် ပါမောက္ခ ဆရာ/ ဆရာမများ၊ ဘွဲ့လက်မှတ်ရယူမည့် ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ၊ ဖိတ်ကြားထားသူများတက်ရောက်ကြသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခများမှ စင်မြင့်ထက်တွင် နေရာယူခဲ့ကြပြီး ဒုတိယ ပါမောက္ခချုပ် မှ ဘွဲ့နှင်းသဘင်အခမ်းအနားစတင် ကြောင်းကြေညာခဲ့သည်။

ထို့နောက် နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ်က အင်ဂျင်နီယာ ဘာသာရပ်အသီးသီးမှ ဘွဲ့ရမောင်မယ်တို့အား ဘွဲ့လက်မှတ်များ အပ်နှင်းခြင်း ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် နည်းပညာတက္ကသိုလ်(လွိုင်ကော်) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ဇော်ဝင်းအောင် က အင်ဂျင်နီယာဘွဲ့ အပ်နှင်းခြင်းနှင့် စပ်လျဉ်း၍ မိန့်ခွန်းပြောကြားပြီး နည်းပညာတက္ကသိုလ် (လွိုင်ကော်)၏ (၁၆) ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့ အပ်နှင်းခြင်းအခမ်းအနား အောင်မြင်စွာပြီးမြောက်ခဲ့သည်။

ယနေ့ နည်းပညာတက္ကသိုလ်(လွိုင်ကော်)၏ (၁၆)ကြိမ်မြောက် အင်ဂျင်နီယာဘွဲ့အပ်နှင်းမှုတွင် ဘွဲ့လက်မှတ် တက်ရောက်ရယူမှု အနေဖြင့် အင်ဂျင်နီယာဘွဲ့(မြို့ပြ)ဘွဲ့ရမောင်မယ် (၄၁) ဦး၊ အင်ဂျင်နီယာဘွဲ့ (အီလက်ထရောနစ်) ဘွဲ့ရမောင်မယ် (၁၀)ဦး၊ အင်ဂျင်နီယာဘွဲ့ (လျှပ်စစ်စွမ်းအင်)ဘွဲ့ရ မောင်မယ် (၁၁)ဦး၊ အင်ဂျင်နီယာဘွဲ့ (စက်မှု)ဘွဲ့ရမောင်မယ် (၁၃)ဦးဖြစ်ပြီး ဘွဲ့လက်မှတ် အဝေးရောက် ရယူမှုအနေဖြင့် ဘွဲ့ရမောင်မယ် (၂၂)ဦး စုစုပေါင်း အင်ဂျင်နီယာဘာသာရပ် အသီးသီးမှ ဘွဲ့ရမောင်မယ် (၉၇)ဦးတို့အား ဘွဲ့လက်မှတ်များ အပ်နှင်းပေးခဲ့ကြောင်းသတင်းရရှိသည်။

ထွန်းလေး