Skip to main content

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ ဝန်ကြီးဌာနထံ လာရောက်လှူဒါန်း

ရန်ကုန်၊ (၂၀၂၀) ပြည့်နှစ်၊ ဖေဖော်ဝါရီလ (၉) ရက်

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ဖေဖော်ဝါရီလ (၈) ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီးရှိ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာ သက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့နှင့် အတူ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် အသုံးပြုရန် ဆေးပစ္စည်းများ ဝန်ကြီးဌာနထံ လာရောက်လှူဒါန်းမှုကို လက်ခံခဲ့ပါသည်။

လှူဒါန်းမှုနှင့်ပတ်သက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်း ဥက္ကဋ္ဌဒေါက်တာမောင်မောင်မြင့်နှင့် တာဝန်ရှိသူများက ပြောကြားရာတွင် -

• ယခုလှူဒါန်းမှုမှာ ကြက်ခြေနီနှင့်လခြမ်းနီလှုပ်ရှားမှုမိတ်ဖက်အသင်းအဖွဲ့များဖြစ်သည့် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ နော်ဝေနိုင်ငံကြက်ခြေနီအသင်း၊ ဂျာမနီနိုင်ငံကြက်ခြေနီ အသင်း၊ ဒိန်းမတ်နိုင်ငံကြက်ခြေနီအသင်း၊ တူရကီနိုင်ငံလခြမ်းနီအသင်း နှင့် ဆွီဒန်နိုင်ငံကြက်ခြေနီအသင်းတို့မှ အမေရိကန်ဒေါ်လာ (၁၆,၅၀၀) တန်ဖိုးရှိ တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (personal protective equipment) (၂၅၀) စုံ နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (၅,၀၀၀) တို့ကို လှူဒါန်းခြင်းဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ နယ်စပ်ဝင်၊ ထွက်ပေါက်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုမှုလုပ်ငန်းများဆောင်ရွက်လျက်ရှိပါကြောင်း၊

• ဝန်ကြီးဌာနနှင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့တို့မှ ထုတ်ဝေထားသော ကျန်းမာရေးအသိပညာပေး အချက်အလက်များကို အသုံးပြု၍ ကျန်းမာရေးအသိပညာပေး ပိုစတာနှင့် လက်ကမ်း စာစောင်များ ထုတ်ဝေကာ ပြည်သူများထံဖြန့်ဝေ ပေးအပ်မည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်းတွင် လျင်မြန်တုံ့ပြန်အဖွဲ့ (rapid response team) များဖွဲ့စည်းထားရှိပြီး ယခုကဲ့သို့ ကပ်အသွင်ရောဂါဖြစ်ပွားပျံ့နံ့မှုများနှင့် ပတ်သက်၍လည်း သင်တန်းပေးလေ့ကျင့်ထားသူ (၃၀၀) ဦးခန့်ရှိပါကြောင်း၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်း ဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် ဝန်ကြီးဌာနနှင့် ပူးပေါင်းလက်တွဲ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက ပြောကြားရာတွင် -

• ယခုကဲ့သို့ မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ပံ့ပိုးမှု၊ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိပါကြောင်း၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ အသင်းဝင်အင်အားသည် များပြားပြီး အသင်း၏ လုပ်ငန်းများတွင် လျင်မြန်တုံ့ပြန်ဆောင်ရွက်မှုများ ပါဝင်သည်ဖြစ်သဖြင့် ဝန်ကြီးဌာန၏ 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်အားဖြည့်ဆောင်ရွက်မှုများတွင် များစွာအထောက်အကူပြုနိုင် မည်ဖြစ်ပါကြောင်း၊

• ဝန်ကြီးဌာနအနေဖြင့် ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင် ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများ၊ နိုင်ငံတကာနှင့် ပြည်တွင်း အစိုးရမဟုတ်သော အဖွဲ့အစည်းများ သက်ဆိုင်ရာကဏ္ဍအလိုက်ပါဝင်ကြရန် စာဖြင့်အကြောင်းထားပြီးဖြစ်ပါကြောင်း၊

• လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျချိန်သားကိုက်ပူးပေါင်းချိတ်ဆက်ဆောင်ရွက်မှု များ (systematic and synchronized coordination and collaboration) သည် အထူးအရေးကြီးပါကြောင်း၊

• ထိုသို့ပူးပေါင်းဆောင်ရွက်မှုတွင် လုပ်ငန်းတာဝန်ခွဲဝေသတ်မှတ်မှုများ စနစ်တကျရှိစေရေး အတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနခွဲ တို့ အသေးစိတ်ဆွေးနွေးရမည်ဖြစ်ပါကြောင်း၊

• မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် မြို့နယ်အဆင့်များတွင် သက်ဆိုင်ရာမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူးများနှင့် ချိတ်ဆက်ဆောင်ရွက်ကြရ မည်ဖြစ်ပါကြောင်း၊

• ကျန်းမာရေးအသိပညာအချက်အလက်များဖြန့်ဝေရာတွင် ပြည်သူလူထုထံရောက်ရှိမှု၊ နားလည်မှု၊ အမှန်တကယ်အသုံးချမှုများရရှိစေရေး ထိရောက်စွာဆောင်ရွက်သွားရ မည်ဖြစ်ပါကြောင်း၊

• 2019-nCoV လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ အရှိန်အဟုန်ဖြင့်ဆောင်ရွက်ရာတွင် အားလုံးစုစည်းပူးပေါင်းဆောင်ရွက်သွား စေလိုပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် မြန်မာနိုင်ငံကြက်ခြေနီ အသင်းနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ (၁၆,၅၀၀) တန်ဖိုးရှိ တစ်ကိုယ်ရေသုံးရောဂါကာကွယ်ရေးဝတ်စုံ (Personal Protective Equipment - PPE) (၂၅၀) စုံ နှင့် ပါးစပ်နှင့်နှာခေါင်းစည်း (၅,၀၀၀) တို့ကို လက်ခံခဲ့ပါသည်။

Ref; Ministry of Health and Sports, Myanmar