နေပြည်တော် ဖေဖော်ဝါရီ ၉
မိတ္ထီလာစီးပွားရေးတက္ကသိုလ်၏ ဖွံ့ဖြိုးမှုပညာမဟာဘွဲ့၊ ဘဏ်လုပ်ငန်းနှင့် ဘဏ္ဍာရေးပညာ မဟာဘွဲ့သင်တန်း အမှတ်စဉ် (၂) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် နေပြည်တော် အမှတ်(၈) အခြေခံပညာ အထက်တန်းကျောင်းရှိ သင်တန်းခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက နေပြည်တော်တွင်ရှိသည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သော ဘဏ္ဍာရေးပညာမဟာဘွဲ့ အခြားပုဂ္ဂလိကဝန်ထမ်းများ လွယ်ကူစွာ ပညာဆက်လက် သင်ကြားနိုင်ရေးနှင့် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် တည်ဆောက်ရေးလုပ်ငန်းစဉ်များတွင် ထိထိရောက်ရောက် ပါဝင် အထောက်အကူ ဖြစ်စေရန် ယခုလိုသင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြစ်ပါကြောင်း။
ယခု သင်တန်းများသည် နေပြည်တော်ကောင်စီနယ်မြေတွင်ရှိသော သင်ယူလိုသူများအတွက် သင်ယူနိုင်မှု အခွင့်အလမ်းများကို မြှင့်တင် ပေးခြင်း ဖြစ်ပါကြောင်း၊ သင်တန်းသား သင်တန်းသူ များအနေဖြင့် မိမိဌာနအသီးသီးနှင့် နိုင်ငံအတွက် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံ ထူထောင်ရာတွင် မိမိတို့ အရည်အသွေးများကို အသုံးချကာ နိုင်ငံတော်အစိုးရ၏ ရည်ရွယ်ချက်များဖြစ်သည့် ဒီမိုကရေစီဖက်ဒရယ်စနစ် ထွန်းကားရေး၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဘဏ်လုပ်ငန်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ၏ လူနေမှုဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ပေးကြရန် တိုက်တွန်း ပါကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် မိတ္ထီလာစီးပွားရေးတက္ကသိုလ် တာဝန်ခံပါမောက္ခချုပ် ဒေါက်တာ ထွန်းအောင်က သင်တန်းနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
အခမ်းအနားသို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်း၊ ဒုတိယ အမြဲတမ်းအတွင်းဝန်များ၊ ပညာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှတာဝန်ခံ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ဆရာ ဆရာမများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ကြသည်။
ယနေ့ဖွင့်လှစ်သည့် ဖွံ့ဖြိုးမှုပညာမဟာဘွဲ့ (MDevS)၊ ဘဏ်လုပ်ငန်းနှင့်ဘဏ္ဍာရေးပညာ မဟာဘွဲ့ (MBF) သင်တန်းအမှတ်စဉ် (၂) မဟာဘွဲ့သင်တန်းများတွင် မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ တာဝန်ခံပါမောက္ခချုပ်နှင့် ပါမောက္ခများအပြင် နိုင်ငံ့ဝန်ထမ်းအကြီးအမှူး များ၊ အငြိမ်းစားအရာရှိကြီးများနှင့် ပြင်ပပညာရှင်များက သင်ကြားပို့ချပေးမည်ဖြစ်ပြီး သင်တန်းကာလမှာ (၂)နှစ်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)