Skip to main content

နိုဗယ်ကိုရိုနာဗိုင်းရပ်စ်(အဆုတ်ရောင်ရောဂါ) ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ပူးပေါင်းဆောင်ရွက်

ရန်ကုန် ဖေဖော်ဝါရီ ၉

မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ တာချီလိတ်ခရိုင် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနတို့နှင့်ပူးပေါင်း၍ ဇန်နဝါရီ ၃၁ ရက်မှစတင်ကာ မြန်မာ-ထိုင်း နယ်စပ်အမှတ် (၁) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်လာသူများအား ကိုယ်အပူချိန်တိုင်း ကိရိယာဖြင့်တိုင်းတာခြင်းစသည့် ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

ဖေဖော်ဝါရီ ၁ ရက်က ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှု ကော်မတီ ရုံးခန်းမ၌ ကချင်ပြည်နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ ပူးပေါင်းပြီး နိုဗယ် ကိုရိုနာဗိုင်းရပ်စ်အကြောင်း သိကောင်း စရာဆွေးနွေးပွဲပြုလုပ်ခဲ့ရာ ကချင်ပြည်နယ် မြစ်ကြီးနားခရိုင် မြစ်ကြီးနားတက္ကသိုလ်၊ မြစ်ကြီးနား နည်းပညာတက္ကသိုလ်၊ ဝိုင်းမော်မြို့နယ်တို့မှ ကြက်ခြေနီ စေတနာလုပ်အားရှင်များနှင့် ကချင်အထူး စီမံချက်မှဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဖေဖော်ဝါရီ ၂ ရက်က မိတ္ထီလာ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များသည် မိတ္ထီလာမြို့နယ်တွင် လူမှုကူညီရေးအသင်းများ၊ ရပ်မိရပ်ဖများနှင့်အတူ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်းများကို ရပ်ရွာလူထုများအား ပေးဝေခြင်းတို့ ဆောင်ရွက်ကြသည်။ ထို့အတူ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များသည် ပုသိမ်ကြီးမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ဝန်ထမ်းများနှင့်အတူ ရောဂါကာကွယ်ရေး အသိပညာပေး လက်ကမ်း စာစောင်များကို ရပ်ရွာလူထုများ အားပေးဝေခြင်းတို့ကို ဆောင်ရွက်သည်။

ပြင်ဦးလွင်မြို့နယ် ကြက်ခြေနီ အသင်းခွဲ မြို့နယ်တပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီတပ်ဖွဲ့ဝင်များသည် မြို့နယ်ကျန်းမာရေးဌာနနှင့် ပူးပေါင်းပြီး ဖေဖော်ဝါရီ ၂ ရက်မှ စတင်ကာ ပြင်ဦးလွင် တိုးဂိတ်တွင် ခရီးသွားများအား ကိုယ်အပူချိန်တိုင်းကိရိယာဖြင့် အပူချိန်တိုင်းခြင်း၊ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ နှာခေါင်းစည်းများပေးဝေခြင်း စသောရောဂါကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီ ၅ ရက်က မွန်ပြည်နယ် သံဖြူဇရပ် တပ်နယ်တွင် တပ်မတော်သားများနှင့် မိသားစုဝင် များအား နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကူးစက်ရောဂါအကြောင်း သိကောင်းစရာ အသိပညာပေး ဆွေးနွေးပွဲကျင်းပရာ သံဖြူဇရပ်မြို့နယ် ကြက်ခြေနီ အသင်းခွဲမှ ကြက်ခြေနီ သူနာပြု တပ်ဖွဲ့ဝင်များက ပူးပေါင်းကူညီဆွေးနွေးခဲ့ကြသည်။

ဖေဖော်ဝါရီ ၆ ရက်က မြန်မာနိုင်ငံ ကြက်ခြေနီအသင်း၊ ရန်ကုန်ရုံးခွဲရှိ အရေးပေါ်ကွပ်ကဲရေးစင်တာ အစည်းအဝေးခန်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ ကျန်းမာရေးဌာနမှ ဦးဆောင်၍ 2019 Novel Corona Virus နှင့်ပတ်သက်၍ ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့ရာ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာ ဒေါ်အမယာမော်နိုင်နှင့် ညွှန်ကြား ရေးမှူးများ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီနှင့်လခြမ်းနီ အသင်းများဖက်ဒရေးရှင်းနှင့် မိတ်ဖက်ကြက်ခြေနီအသင်းများမှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကပြီး ရောဂါ ကြိုတင်ကာကွယ် တားဆီးရေးနှင့် စပ်လျဉ်း၍ ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအတွက် ဆွေးနွေး ညှိနှိုင်းခဲ့ကြသည်။

ဖေဖော်ဝါရီ ၆ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် ကြက်ခြေနီ အသင်းခွဲနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတို့ ပူပေါင်းကာ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကြိုတင်ကာကွယ် ရေးအသိပညာပေး ဟောပြောပွဲကို အခြေခံပညာ အထက်တန်းကျောင်း၊ သဲတောတွင် ကျင်းပခဲ့ရာ လက်ဆေးခြင်းအကြောင်း သိကောင်းစရာများ၊ ရောဂါကြိုတင်ကာကွယ်နိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်ရမည့် အကြောင်းအရာများကို ဟောပြောခဲ့ကြပြီး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြသည်။ အလားတူမြို့ပေါ်ရှိ အထက (ဝမ်းတွင်း)၊ အမှတ်(၁) အထက(ခွဲ)နှင့်အခြေခံပညာမူလတန်း/အလယ် တန်းကျောင်းများတွင် အသိပညာ ပေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက်ခဲ့ ကြသည်။

ဖေဖော်ဝါရီ ၇ ရက်က စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ကြက်ခြေနီအသင်းခွဲမှ ခရိုင် တပ်ဖွဲ့မှူး ဦးဆောင်သော ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များသည် မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနဝန်ထမ်းများနှင့် ပူးပေါင်းကာ အိန္ဒိယနိုင်ငံဘက်မှ တမူးမြို့ နန်းဖာလုံဈေးသို့ ဈေးဝယ် လာရောက်ကြသူများအား ကိုယ်အပူ ချိန်တိုင်းကိရိယာဖြင့် တိုင်းတာခြင်း စသည့် နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပါဝင်ကူညီဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းအနေဖြင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်မှုကိုခံယူ ကာတိုင်းဒေသကြီး၊ ပြည်နယ် အသီးသီးရှိ ကြက်ခြေနီစေတနာ လုပ်အားရှင်များသည် သက်ဆိုင်ရာ ဒေသအသီးသီးရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေး အသင်းအဖွဲ့များ ပြည်သူ လူထုနှင့်အတူ ပူးပေါင်းကာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ် (အဆုတ်ရောင်ရောဂါ) ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်းစဉ်