တွံတေး ဖေဖော်ဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး တွံတေးမြို့နယ်၊ ခတ္ထိယကျေးရွာ၊ ခတ္ထိယတိုက်နယ် ဆေးရုံဖွင့်ပွဲ အခမ်းအနား ကို ယမန်နေ့ နံနက် ၁၀ နာရီတွင် အဆိုပါဆေးရုံ၌ကျင်းပရာရန်ကုန်တိုင်းဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းတက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ ဒုတိယဥက္ကဋ္ဌ ဦးလင်းနိုင်မြင့်၊ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီး ဒေါ်မိုးမိုးစုကြည်၊ တိုင်းကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမြင့်တို့က အခမ်းအနားကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးပြီး ဆေးရုံအတွင်း လှည့်လည်ကြည့်ရှုခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း က အမှာစကားပြောကြားရာ ယခုဖွင့်လှစ်ပေးလိုက်သော တိုက်နယ်ဆေးရုံတွင် ဒေသခံပြည်သူတွေရော ဆေးရုံဝန်ထမ်းတွေပါ အသုံးပြုနိုင်ရန် တန်ဖိုးကြီးမားတဲ့ ဆေးရုံသုံးပစ္စည်းတွေ ၊ ပရိဘောဂ
တွေကိုလည်း ဖြည့်ဆည်းပေးထားပါကြောင်း၊ ဆေးရုံဝန်ထမ်းအင်အားအနေဖြင့်လိုအပ်လျှက်ရှိသော သူနာပြုဆရာမ၊ ဓာတ်ခွဲကျွမ်းကျင် ၊သားဖွားဆရာမ ဝန်ထမ်းများကိုအမြန်ဆုံးချထားပေးသွားမှာဖြစ်ပါကြောင်း ၊နိုင်ငံတော်အစိုးရအနေနဲ့ပြည်သူများ၏ ကျန်းမာရေး စောင့်ရှောက်မှုများအပေါ် မြို့ပေါ်ရော ကျေးလက်ပါတပြေးညီဖြည့်ဆည်းဆောင်ရွက် ပေးလျှက်ရှိရာ ဆေးရုံဝန်ထမ်းများ ၊ပြည်သူများအနေဖြင့်နိုင်ငံတော်အစိုးရ၏စေတနာ နှင့်ဆောင်ရွက်ချက်များကို နားလည်သဘောပေါက်ပြီးရရှိ လာသော ဆေးရုံသစ်ကြီးနှင့် ဆေးရုံသုံး ပစ္စည်းများကိုတန်ဖိုးထားသုံးစွဲကြဖို့အရေးကြီးပါကြောင်းပြောကြားခဲ့သည်။
ယင်းနောက်လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းနှင့်လွှတ်တော်ကိုယ်စားလှယ်များက အီးစီဂျီစက်၊ အောက်စီဂျင်အိုး၊ အောက်စီဂျင် တိုင်းကိရိယာနှင့် ခွဲစိတ်ခန်းသုံး မျက်နှာဖုံးများကို ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် ဆေးရုံသစ်အတွက် အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းများ ပြန်လည်ပေးအပ်ခဲ့သည်။
အဆိုပါဆေးရုံသို့အနီးအနားရှိ ထန်းတပင် ၊ညောင်တုန်း ၊ မအူပင် မြိူ့နယ်များရှိကျေးရွာ၅၀ ကျော်မှ လူဦးရေ ၄၅,၀၀၀ ခန့်ကိုဆေးကုသဝန်ဆောင်မှုများပေးနေပါကြောင်းနှင့်ဆေးရုံအားကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြု ဘဏ္ဍာ - ၆၄၃,၄၀ဝ,ဝဝဝ ကျပ် ဖြင့် ၂၀၁၇ ခုနှစ် မတ်လ ၂၁ ရက်နေ့မှစတင်တည်ဆောက်ခဲ့ရာ ၂၀၁၉ ခုနှစ် မတ်လ၃၁ ရက်နေ့တွင်ပြီးစီးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာ မျိုးဇော်လှ၏ပြောပြချက်အရ သိရသည်။
ဆန်းကျော်ဦး(ပြန် /ဆက်)