မုံရွာ ဖေဖော်ဝါရီ ၁၀
၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြခန်းများဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ကန်သာယာ (ရွှေလိမ္မော်ကျွန်း)တွင် ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်၊ တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသန်း၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ် ဦးမျိုးအောင်တို့က ဖွင့်ပွဲမုခ်ဦးအား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့က ကန်သာယာ (ရွှေလိမ္မော်ကျွန်း)တွင် ၂၀၂၀ ပြည့်နှစ် (၇၃)နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ခင်းကျင်းပြသထားသော မီးသတ်ဦးစီးဌာန ပြခန်း၊ သစ်တောဦးစီးဌာနပြခန်း၊ စည်ပင်သာယာရေးဝန်ကြီးဌာန ပြခန်း၊ ပြန်ကြားရေးဝန်ကြီးဌာန ပြခန်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြခန်း၊ စစ်ကိုင်းတိုင်းဒေသကြီး ရဲတပ်ဖွဲ့ပြခန်း၊ ပညာရေးဆိုင်ရာ ပြခန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြခန်း၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြခန်းနှင့် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန ပြခန်း၊ စုစုပေါင်း ပြခန်း(၁၀)ခု တို့အား လှည့်လည်ကြည့်ရှု ခဲ့ကြကြောင်း သိရသည်။
ယနေ့ ဖွင့်လှစ်လိုက်သော ပြခန်းများအား ဖေဖေါ်ဝါရီ(၁၀)ရက်နေ့မှ (၁၂)ရက်နေ့အထိ (၃)ရက်ကြာ ဖွင့်လှစ်ပြသ ပေးသွားမည်ဖြစ်၍ မည်သူမဆို လာရောက်လေ့လာ ကြည့်ရှုနိုင်ကြောင်း သိရသည်။
ထွန်းကိုကို(ယင်းမာပင်)