နေပြည်တော် ဖေဖော်ဝါရီ ၁၀
အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး၊ အခြေခံလေ့ကျင့်ရေးသင်တန်းအမှတ်စဉ် (၁/၂၀၂၀) ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲတွင် နေပြည်တော် ကော်မရှင်ရုံးစုပေါင်းခန်းမ၌ ပြုလုပ်သည်။
သင်တန်းဖွင့်ပွဲတွင် ကော်မရှင်အတွင်းရေးမှူး ဦးစန်းဝင်းက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်နှင့် ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရာတွင် အဓိကကျသူများ ဖြစ်ကြောင်း၊ ပြည်သူများ ပိုင်ဆိုင်သည့် နိုင်ငံဘဏ္ဍာနှင့် အရင်းအမြစ်များကို အထိရောက်ဆုံးနှင့် ဘက်လိုက်မှုအကင်းဆုံး နည်းလမ်းဖြင့် အသုံးပြုရန် လူထုမှ ယုံကြည်အပ်နှံခံရသူများ ဖြစ်ကြောင်း၊ မိမိအကျိုးအမြတ်အတွက် အပ်နှံထားသော ရာထူးတာဝန်လုပ်ပိုင်ခွင့် အာဏာကို အလွဲသုံးစားပြုလုပ်ခြင်းသည် အဂတိလိုက်စားမှု မြောက်သည်ဟု အပြည်ပြည်ဆိုင်ရာ ပွင့်လင်းမြင်သာမှု အဖွဲ့က သတ်မှတ်ထားကြောင်း။
အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့်အညီ ကော်မရှင်နှင့် ကော်မရှင်ရုံးကို ဖွဲ့စည်းပြီး အများပြည်သူ နစ်နာမှု များအား ဥပဒေနှင့် အညီ အမှန်တရားနှင့် တရားမျှတမှုကို ရရှိရန်ဖော်ဆောင်ပေးလျှက်ရှိကြောင်း၊ ကော်မရှင် ကျင့်ဝတ်တွင် အခြေခံမူ(၆)ချက်ပါရှိပြီး ဝန်ထမ်းတစ်ဦးချင်းနှင့် သက်ဆိုင်သည့် ဖြောင့်မတ်တည်ကြည်မှု၊ တာဝန်ယူမှု၊ မျှတမှုတို့ပါဝင်ပြီး အဖွဲ့အစည်းနှင့် သက်ဆိုင်သည့် လွတ်လပ်စွာရပ်တည်နိုင်မှု၊ ပွင့်လင်းမြင်သာမှု၊ အားလုံးပါဝင်နိုင်မှုတို့ ဖြစ်ကြောင်း၊ ကော်မရှင်ရုံးဝန်ထမ်းများအနေဖြင့် အခြားအဖွဲ့ အစည်း များထက် ပိုမိုသာလွန်သည့် ကျင့်ဝတ်စံနှုန်းများကို စောင့်ထိန်းလိုက်နာကြပြီး နိုင်ငံတော်အတွက် အရေးကြီးသည့် တာဝန်များ ကို ထမ်းဆောင်ကြရမည် ဖြစ်ကြောင်း ပြောကြားသည်။
သင်တန်းသို့ ကော်မရှင်ရုံးတွင် တာဝန်ထမ်းဆောင်လိုသူများအား အရည်အချင်းစစ် ရေးဖြေစာမေးပွဲဖြေဆိုခြင်း၊ လူတွေ့စစ်ဆေးခြင်း၊ ကွန်ပျူတာ ကျွမ်းကျင်မှုစစ်ဆေးခြင်းနှင့် စိတ်အခြေအနေစစ်ဆေးခြင်းများတွင် ဖြေဆိုအောင်မြင်သည့် ဒုတိယစုံစမ်းရေးမှူး (၂၅) ဦး၊ လက်ထောက်စုံစမ်းရေးမှူး(၃၀) နှင့် ဒုတိယ လက်ထောက်ဦးစီးမှူး (၈၀) စုစုပေါင်း (၁၃၅) ဦး တက်ရောက်ကြသည်။
သင်တန်းတွင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ နည်းဥပဒေနှင့် အခြားဆက်စပ် ဥပဒေများ၊ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ဆိုင်ရာ ကုလသမဂ္ဂအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း (UNCAC)နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု၊ အသိပညာပေးခြင်း၊ တားဆီး ကာကွယ်ခြင်း၊ စုံစမ်းစစ်ဆေးခြင်း၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများနှင့် ရုံးလုပ်ငန်းလက်စွဲအကြောင်းတို့ကို ကော်မရှင်အဖွဲ့ဝင် များ၊ ကော်မရှင်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့မှ သင်တန်းနည်းပြများက ရက်သတ္ တ(၄) ပတ်ကြာ ပို့ချသွားမည် ဖြစ်သည်။
(သတင်းစဉ်)