Skip to main content

မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေး ကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၀

မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ၏ ပထမအကြိမ် ညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၌ ကျင်းပသည်။

အစည်းအဝေးတွင် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌ၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ၂၀၁၆ ခုနှစ် အစိုးရ စတင်တာဝန်ယူစဉ်ကပင် မိမိတို့ဝန်ကြီးဌာန၏ ဦးစားပေးစီမံချက်များ၌ လူငယ်ရေးရာမူဝါဒကို ထည့်သွင်းဆောင်ရွက်ခဲ့ပါကြောင်း၊ ကိုယ်စားလှယ်လူငယ်များကိုယ်တိုင်ပါဝင်ရေးဆွဲခဲ့ပြီး ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာ ၈ ရက်တွင် ပြည်ထောင်စုအစိုးရအဖွဲ့က အတည်ပြု ပြဋ္ဌာန်းပေးခဲ့ကြောင်း၊ အဆိုပါမူဝါဒကို အကောင်အထည်ဖော်နိုင်ရန် လူငယ်ရေးရာ မဟာဗျူဟာရေးဆွဲခြင်းနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး အသီးသီးအလိုက် ဦးစားပေးလုပ်ငန်းစဉ်များ ရေးဆွဲခြင်းများကို  ဆက်လက်ပြီး ဆောင်ရွက်ခဲ့ကြပါကြောင်း၊ လူငယ်ရေးရာမူဝါဒနှင့် ပတ်သက်၍ အကောင်အထည်ဖော်နေစဉ် ကာလအတွင်း ဖြည့်စွက်စရာများရှိနေပါက အကြံဉာဏ်ပြု ဆွေးနွေး ဆောင်ရွက်ကြရမည် ဖြစ်ကြောင်း။

လူငယ်ရေးရာမဟာဗျူဟာ(မူကြမ်း)ကို ရေးဆွဲပြီးဖြစ်ရာ အတည်ပြုနိုင်တော့မည်ဖြစ်ကြောင်း၊ မူဝါဒအပေါ် အခြေခံပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများ၏ ရွေးချယ်ထားသော ဦးစားပေးကဏ္ဍများအလိုက် လုပ်ငန်းစဉ်များ ရေးဆွဲလျက်ရှိကြပါကြောင်း၊ မူဝါဒနှင့် မဟာဗျူဟာတွင် ထည့်သွင်းထားသောကဏ္ဍ (၁၆) ရပ်သည် လူငယ်များနှင့် ပတ်သက်သည့်ကဏ္ဍ အားလုံးကို ခြုံငုံမိသည်ဟု ယူဆ ပါကြောင်း၊ လူငယ်များအနေဖြင့် ဒေသအလိုက်ဦးစားပေး လုပ်ငန်းစဉ်များကို ဆောင်ရွက်ကြရာ၌  လူငယ်စင်တာ လိုအပ်မှုကိုလည်း အတက်နိုင်ဆုံး ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ လုပ်ငန်းစဉ်များကို လက်တွေ့ အကောင်အထည်ဖော်ရာတွင် လူငယ်များ၊ အစိုးရဌာနဆိုင်ရာများ၊ ပံ့ပိုးကူညီမည့်သူများနှင့် အားလုံးပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ အကောင်အထည် ဖော်ရာတွင် စည်းလုံး ညီညွတ်မှုနှင့် ဘုံသဘောတူညီမှုများရရှိမှသာ အောင်မြင်အောင်ဆောင်ရွက်နိုင် မည်ဖြစ်ပါ ကြောင်း။

အစိုးရအနေဖြင့် တစ်နိုင်ငံလုံး၏ဘုံရည်မှန်းချက်ဖြစ်သည့် ဒီမိုကရေစီဖယ်ဒရယ် ပြည်ထောင်စုတည်ဆောက်ရေးကို ဦးတည်လျက်ရှိရာ မည်သည့်လုပ်ငန်းတွင်မဆို သာတူညီမျှ၊ ခွင့်တူညီမျှဖြစ်ရေးအတွက် ဆောင်ရွက်ပါကြောင်း၊ လူငယ်များအနေဖြင့်လည်း ပြည်ထောင်စု စိတ်ဓာတ်အရင်းခံပြီး စည်းလုံးညီညွတ်မှုဖြင့် သာတူညီမျှ၊ ခွင့်တူညီမျှဖြစ်ရေး ရည်ရွယ်ချက်ထားရှိဆောင်ရွက်ပါက မိမိတို့၏ လူငယ်များ အားလုံးအတွက် ရပ်တည်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်မည့် လူငယ်မူဝါဒသည်  အကောင်အထည် ပေါ်လာမည်ဟု ယုံကြည်ပါကြောင်း၊ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် စိန်ခေါ်မှုများကို ကျော်လွှားသွားနိုင်ရန် လူငယ်ထု၏ အင်အားသည် အရေးကြီးပါကြောင်း၊ ယနေ့အစည်းအဝေးတွင် မဟာဗျူဟာအတည်ပြုနိုင်ရေးနှင့် ပတ်သက်၍ ဆွေးနွေးကြစေလို ကြောင်း၊ မူးယစ်ဆေးဝါးအန္တရာယ်သည် တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် လူငယ်များ ကြားထဲသို့ ထိုးဖောက် ဝင်ရောက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် လူငယ်နှင့်မူးယစ်ဆေးဝါး ကဏ္ဍကို ဦးစားပေးစီမံချက်တစ်ခုအနေဖြင့် ဆောင်ရွက်ရန် ရှိပါကြောင်း၊ လူငယ်များအတွက် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် လူငယ်ရေးရာကော်မတီဝင်များအနေဖြင့်လည်း ပူးပေါင်း ပါဝင်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီ ဒုတိယဥက္ကဋ္ဌ(၁)၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး က လူငယ်ရေးရာမူဝါ ဒပေါက်ပေါက်ပြီး ဖြစ်သည့်အတွက် မူဝါဒအပေါ် အခြေခံပြီး လုပ်ငန်းစဉ်များရေးဆွဲကြရာတွင် ပြည်နယ်နှင့်တိုင်းဒေသကြီးများ အလိုက် လိုအပ်ချက်များမတူညီကြသည့်အတွက် ဒေသအလိုက်အချက်အလက် အထောက် အထားများအပေါ်အခြေခံပြီး စီမံချက်များ ရေးဆွဲလျက်ရှိသည်ဟု ယုံကြည်ပါကြောင်း၊ အချက်အလက် အထောက်အထားများအပေါ် အခြေခံပြီး စနစ်တကျ ဆောင်ရွက်သည့် အတွက် မတူကွဲပြားသည့် ဒေသများ၏ ရိုးရာယဉ်ကျေးမှု၊ ဓလေ့ထုံးတမ်းများကို ဆက်လက်ထိန်းသိမ်း ရန်နှင့် ရေရှည်ဘက်စုံ ဖွံ့ဖြိုးတိုးတက်ရေးကို များစွာ အထောက်အကူပြုနိုင်မည်ဖြစ်ကြောင်း၊ လူငယ်မူဝါဒတွင် ပညာရေးကဏ္ဍနှင့်ပတ်သက်၍ (၁၅)ချက် ပါဝင်ပါကြောင်း၊ လူငယ်များ၏ အနာဂါတ်ကို လူငယ်များကိုယ်တိုင် ဖန်တီးနိုင်ရန် လူငယ်ရေးရာမူဝါဒပေါ်ပေါက်နေပြီ ဖြစ်သည့် အတွက် အားလုံးက စည်းလုံးညီညွတ်မှုဖြင့် ပါဝင်ပေးကြဖို့တိုက်တွန်းလိုပါကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ လူငယ်ရေးရာကော်မတီဝင်များက လူငယ်ရေးရာမူဝါဒကို ဌာနဆိုင်ရာများသာမက လူငယ်များ ကိုယ်တိုင်က ကျယ်ကျယ်ပြန့်ပြန့် သိရှိလာစေရန် အသိပညာပေး လုပ်ငန်းများဆောင်ရွက် နိုင်ရေး၊ လူငယ်ရေးရာမူဝါဒ အခြေခိုင်မာစေရေး၊ လူငယ်ရေးရာ စင်တာများ အမြန်ဆုံး တည်ထောင်နိုင်ရေး၊ လုပ်ငန်းများ အကောင်အထည် ဖော် ရာတွင် ရန်ပုံငွေရရှိရေးတို့အတွက် ဆွေးနွေး ခဲ့ကြသည်။

ထို့နောက် မြန်မာနိုင်ငံလူငယ်ရေးရာကော်မတီဥက္ကဌက မူဝါဒ၏ ဥယျောဇဉ်တွင် လူငယ်များအားလုံး လူငယ်မူဝါဒ ကိုသိရှိပြီး အကောင်အထည်ဖော်ကြရာတွင် မိမိတို့၏ ဆန်းသစ်သောအတွေး အမြင်သစ်များကို ဖော်ထုတ်၍ ပြည်ထောင်စုစိတ်ဓါတ်ဖြင့် ပူးပေါင်း ပါဝင်ဆောင်ရွက်ကြရန် တိုက်တွန်းထားပါကြောင်း၊ ထို့ကြောင့် စည်းလုံးညီညွတ်မှုဖြင့် ပူးပေါင်းခြင်း၊ မူဝါဒကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်မည့် နည်းလမ်းများကို ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ်ရေးရာမူဝါဒကို လူငယ်များကိုယ်တိုင်နှင့် အစိုးရကပါ အကောင်အထည်ဖော်လိုစိတ်ရှိကြသည်ဖြစ်ရာ အခြေခိုင်မာမှုရှိ စေရေးအတွက် ယခုလိုညှိနှိုင်းဆွေးနွေးမှုးများ ဆက်လက်ပြုလုပ်ကြရဦးမည် ဖြစ်ကြောင်း၊ မိမိတို့နိုင်ငံတွင် အခြေခံလိုအပ်ချက်များ များစွာရှိသည်ကို အားလုံးသိရှိပြီးဖြစ်ကြောင်း၊ မဟာဗျူဟာများ၊ စီမံချက်များကို ရေးဆွဲထားမှသာ ဝန်ကြီးဌာနအသီးသီး၏ ဘဏ္ဍာငွေလျာထားမှုများတွင် ပါဝင်လာနိုင်မည်ဖြစ်ပါ ကြောင်းနှင့် လူငယ်များအနေဖြင့် ရရှိပြီးသောအခြေအနေကောင်း များကို ပျောက်ပျက်မသွားစေဘဲ စိတ်ရှည်သည်းခံ၍ ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြ စေလိုကြောင်း ပြန်လည်ရှင်းလင်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးရှိ မြန်မာနိုင်ငံလူငယ်ရေးရာ ကော်မတီဝင်များ၊ ဆက်စပ်ဝန်ကြီး ဌာနများက တာဝန်ရှိသူများက လူငယ်ရေးရာမဟာဗျူ ဟာအတည်ပြုနိုင်ရေးနှင့် ဖြည့်စွက်လိုသည့်ကိစ္စများနှင့် ပတ်သက်၍ ညှိနှိုင်းမှုများ ဆက်လက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

(သတင်းစဉ်)