Skip to main content

လွတ်လပ်ရေးသည် မြတ်နိုးစရာ

မြန်မာပြည် လွတ်လပ်ပြီ လွတ်လပ်ပြီဟု ကြွေးကြော်နိုင်ခဲ့သည်မှာ ခုနစ်ဆယ့်နှစ်နှစ်ရှိခဲ့ပြီတည်း။ ကိုယ်မင်းကိုယ်ချင်းဖြင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနိုင်ပြီဟု ရင်ကော့ခေါင်းမော့နိုင်ခဲ့သည်မှာ ခုနစ်ဆယ့်နှစ် နှစ်ရှိခဲ့ပြီတည်း။

သူတစ်ပါး၏လက်အောက်ခံအဖြစ် နေရသည်ဆိုခြင်း၏ သိမ်ငယ် သေးနုပ်မှုကို ကျွန်ဘဝမရောက်ဖူးသူ မျိုးဆက်တို့အဖို့ လေးလေး နက်နက် ခံစားမိခြင်းဖြစ်လိုမှဖြစ်မည်။ သို့သော်လည်း လွတ်လပ်သည် ဆိုခြင်း၏ အနှစ်သာရကိုမူ မြတ်နိုးကြမည်ဟု ယုံကြည်ပါသည်။

မြန်မာတို့ ကျွန်ဖြစ်ခဲ့ဖူး၏။ တစ်ပါးကျွန်ဆိုသည်မှာ စိတ်ကူးနှင့်ပင် ရွံရှာဖွယ်ရာ ဖြစ်နေမည်ဆိုခြင်းက အငြင်းပွားစရာမရှိချေ။

ထို့ကြောင့်ပင် မြန်မာနိုင်ငံသူ နိုင်ငံသားတို့ တောင်ပေါ်မြေပြန့်မခွဲ အားလုံးတိုင်ပင်ထားခြင်းမရှိဘဲ ဗြိတိသျှတို့ နိုင်ငံတွင်းဝင်လာသည်နှင့် ခံပြင်းမှုများစွာဖြင့် ရရာလက်နက် ဆွဲကိုင်တော်လှန်ခဲ့ကြခြင်းက သက်သေဖြစ် ပါသည်။

လက်နက်အင်အားချင်း အဆမတန် ကွာခြားသော တိုင်းတစ်ပါးသားကို တော်လှန်ရသည်ဆိုခြင်းမှာ မည်မျှလောက် ပိုင်းဖြတ်မှုများ၊ သတ္တိရှိမှုများ၊ စွန့်လွှတ်စွန့်စားမှုများ ရှိဖို့လိုမည်ဆိုသည်မှာ မှန်းဆ ကြည့်နိုင်ပါသည်။

တော်လှန်ရေးနှင့် ပတ်သက်၍ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ပြောဖူးသည်မှာ မှတ်သားစရာဖြစ်ပါ၏။ ဖဆပလ အဖွဲ့ချုပ်ကြီး၏ ဥက္ကဋ္ဌ ဦးအောင်ဆန်းက ခေါင်းဆောင်ကာ အစိုးရ အဖွဲ့ဖွဲ့စည်းခွင့်ရထားချိန်တွင် “ဗြိတိသျှအစိုးရက မြန်မာ့လွတ်လပ်ရေးနှင့် ပတ်သက်၍ ကြေညာရန်၊ မကြေညာပါက ၁၉၄၇ ဇန်နဝါရီ ၁ ရက်တွင် အစိုးရအဖွဲ့တစ်ဖွဲ့လုံး နုတ်ထွက်မည်” ဟု ကြေညာလိုက်သည့်အခါ ဗြိတိသျှအစိုးရအဖွဲ့ဝန်ကြီးချုပ် မစ္စတာ အက်တလီကလွတ်လပ်သော နိုင်ငံအဖြစ် အသိအမှတ်ပြုပါမည်ဟူ၍ ဘိလပ်ပါလီမန်အောက်လွှတ်တော်တွင် ကြေညာပြီး လွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဦးအောင်ဆန်းတို့ကို ဖိတ်ကြားပါသည်။ ထိုဖိတ်ကြားချက်ကိုလက်ခံ၍ ဦးအောင်ဆန်းတို့ ကိုယ်စားလှယ်အဖွဲ့ ဘိလပ်သွားကြ၏။ ထိုသို့ မသွားခင် တိုင်းပြည်သို့ အသံလွှင့်ပြောကြားစဉ်က တော်လှန်ရေးနှင့် ပတ်သက်၍ ထည့်သွင်းပြောကြားခြင်း ဖြစ်လေသည်။ “အမှန်စင်စစ် တော်လှန်ရေး ဆိုတာဘာလဲ။ ကျုပ်အမြင်ပြောရမယ်ဆိုရင် တော်လှန်ရေးဆိုတာ အကြမ်းပတမ်း တိုက်ခိုက်တဲ့ ကိစ္စကိုမှ တော်လှန်ရေးလို့ ဆိုလိုတာ မဟုတ်ဘူး။ လက်ရှိစနစ်ဟောင်းကို တော်လှန်ပြီး စနစ်သစ်ဘွားခနဲ အရေအတွက်ကနေ အရည်အချင်း ပြောင်းလဲမှုတွေ ဖြစ်တာကိုတော်လှန်ရေးလို့ ဆိုတာပဲ။ ဆူတာ၊ ပူတာ၊ သောင်းကျန်းတာ၊ တိုက်တာ၊ ခိုက်တာတွေဆိုတာ မလုပ်မဖြစ်မှ လုပ်ရတာမျိုးပဲ။ ဘာပဲဖြစ်ဖြစ် စစ်တိုက်ခိုက်ချင်တယ်ဆိုတာ အဓိပ္ပာယ်မရှိဘူး..”ဟု ဆိုဖူးလေသည်။

ယနေ့ခေတ်က လွတ်လပ်ရေးရခဲ့ပြီး တိုင်းပြည်တိုးတက်ဖွံ့ဖြိုးရေး အတွက် ပြန်လည်တည်ဆောက်ရမည့် ကာလဖြစ်ပေ၏။ မည်သို့သောတော်လှန်ရေးမျိုးကို ဆင်နွှဲနေသည် ဖြစ်သနည်းဆိုသည်ကို ဆန်းစစ် သင့်ပေသည်။

နယ်ချဲ့စနစ်ကို တော်လှန်ခဲ့ရာ၌ ရွပ်ရွပ်ချွံချွံ ရှေ့ဆုံးမှ အသက်ပေး တော်လှန်ခဲ့သူ ဦးအောင်ဆန်းသည် တိုင်းပြည် ပြန်လည်ထူထောင်ရေး ကာလတွင် တစ်ဆိတ်ရှိ နယ်ချဲ့၊ နယ်ချဲ့တော်လှန်ရေးကိုပဲ ပြောနေရမည့် အချိန်မဟုတ်ဘူးဟု အဓိပ္ပာယ်ရသော စကားများကို ဆိုရန်တိုဗီလာတွင် နိုင်ငံပြန်လည်ထူထောင်ရေး စီမံကိန်းရေးဆွဲချိန်က ဆိုခဲ့ပြန်ပါသည်။ တိုင်းတစ်ပါးနိုင်ငံတစ်ခုက နယ်ချဲ့အုပ်စိုးထားသည့်အောက်တွင် မိမိတို့ လူမျိုးများ မည်သို့မျှ တိုးတက်ကြီးပွားစရာမရှိ ဆိုခြင်းမှာ မှန်၏။ သို့သော်လည်း လွတ်လပ်ရေး ရတော့မည့်အချိန်၊ ကိုယ့်အာဏာကိုယ်ကိုင်ကာ အလုပ်လုပ်ရမည့် အချိန်၊ တိုင်းပြည် ပြန်လည်ထူထောင်ရေးအချိန်တွင် နယ်ချဲ့စနစ်ကိုသာ ယိုးမယ်ဖွဲ့ပြောဆိုရမည်မဟုတ်ဟု ဆိုလိုသည်။ နယ်ချဲ့စနစ်ကို အကြောင်းပြု၍ စစ်တိုက်မည်ဟု စစ်သွေးကြွနေခြင်းက လွတ်လပ်ရေးရရှိရန်နှင့် လွတ်လပ်ရေးရပြီး တိုင်းပြည်ထူထောင်ရန် အဖြေမဟုတ်ဟု ဆိုလိုခြင်းဖြစ်ပါသည်။

ယနေ့ မြန်မာနိုင်ငံ လွတ်လပ်ရေးရသည်မှာ ခုနစ်ဆယ့်နှစ်နှစ်ပြည့်ခဲ့ပြီ။ လွတ်လပ်ရေးဟူသည်ကား မြတ်နိုးတန်ဖိုးထားစရာ အမှန်ပါပင်။ သို့သော်လည်း ယနေ့ချိန်ထိ လွတ်လပ်ရေး၏အရသာကို နိုင်ငံသူ နိုင်ငံ သားတို့ တင်းပြည့်ကျပ်ပြည့် မခံစားရသေး။ ဆင်းရဲတွင်းတွင် နစ်မွန်း နေသော နိုင်ငံကိုပြန်လည် တည်ဆောက်ကြရဦးမည်။ ထိုသို့သော ပြန်လည်ထူထောင်ရေးကာလတွင် နိုင်ငံသူနိုင်ငံသားတို့၏ လက်တွင် အချုပ်အခြာအာဏာ ပိုင်ပိုင်ရှိရေး၊ နိုင်ငံနှင့် လူမျိုး အမှန်တကယ်ဖွံ့ဖြိုး တိုးတက်ရေးနှင့် ပေါ်ပေါက်နေသည့် ပြဿနာများကို နိုင်ငံသားအားလုံး ညီညီညွတ်ညွတ် ဖြေရှင်းတည်ဆောက်ရေးက လွတ်လပ်ရေး၏ အနှစ် သာရကို မြတ်နိုးစွာစောင့်ရှောက်ခြင်း အစစ်အမှန်ဖြစ်မည်ဟု ယုံကြည်ပါကြောင်း။ ။