Skip to main content

ဒုတိယဝန်ကြီး ဦးအောင်လှထွန်း ကျောင်းသုံးပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှုအခြေအနေများ ကြည့်ရှုစစ်ဆေး

မန္တလေး  ဖေဖော်ဝါရီ  ၂၇

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ယနေ့ နံနက်ပိုင်းက ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့် ထုတ်ဝေသူလုပ်ငန်းရှင်များမှ တင်ဒါလက်ခံရယူ ဆောင်ရွက်နေသည့် ပုံနှိပ်တိုက်များသို့ သွားရောက်၍ ကျောင်းသုံး ပြဋ္ဌာန်းစာအုပ် ရိုက်နှိပ်ပြီးစီးမှု အခြေအနေများ ကို  ကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ ဒုတိယဝန်ကြီးသည် ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန  ညွှန်ကြားရေးမှူးချုပ်ဦးအောင်မျိုးမြင့်၊ အခြေခံပညာ ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မိုးထွန်း၊ မန္တလေးတိုင်းဒေသကြီး ပုံနှိပ်နှင့်ထုတ်ဝေသူ လုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးထွန်းထွန်းစိုးတို့နှင့်အတူ ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ တင်ဒါလက်ခံရယူ ဆောင်ရွက်နေကြသည့် မန္တလေးမြို့ရှိ တော်ဝင်နန်းပုံနှိပ်လုပ်ငန်း၊ ရတနာမိုးပုံနှိပ်လုပ်ငန်း၊ တတိယလှိုင်းပုံနှိပ်လုပ်ငန်းနှင့် တော်ဝင်ပုံနှိပ် လုပ်ငန်းများသို့ သွားရောက်၍ လုပ်ငန်းပြီးစီးမှုများကို ကြည့်ရှုစစ်ဆေးရာ သက်ဆိုင်ရာ ပုံနှိပ်လုပ်ငန်းရှင်များက လက်ရှိလုပ်ငန်းပြီးစီးမှုနှင့် ရိုက်နှိပ်ပြီးစီးမှုအခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြကြသည်။

အဆိုပါရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးက ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ သတ်မှတ်အချိန်အတွင်း အချိန်မီပြီးစီးရေးနှင့် ပုံနှိပ်အရည်အသွေးပြည့်မီရေး၊ မီးဘေးလုံခြုံရေးနှင့် ရိုက်နှိပ်ပြီးစာအုပ်များ လုံခြုံစိတ်ချ စွာသိုလှောင်ထားရှိရေးတို့ကို အလေးထား ဆောင်ရွက်ကြစေလိုကြောင်းမှာကြားပြီး ပုံနှိပ်လုပ်ငန်းဆောင် ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ်ရှိ အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ(မန္တလေး) သို့ရောက်ရှိရာ   စက်ရုံမှူး ဦးဘိုလှက ရှင်းလင်းဆောင်၌ ဘဏ္ဍာရေးနှစ်အလိုက် ကုန်ထုတ်လုပ်မှုနှင့် ဘဏ္ဍာငွေရှာဖွေ ပေးနိုင်မှုများနှင့် အထက်မြန်မာပြည် အစိုးရပုံနှိပ်စက်ရုံ(မန္တလေး)မှ ၂၀၂၀-၂၀၂၁ ပညာသင်နှစ်အတွက် ကျောင်းသုံး ပြဌာန်း စာအုပ်များ ပုံနှိပ်ထုတ်လုပ်ထောက်ပံ့မှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့က ပုံနှိပ်စက်ရုံအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

 မင်းထက်အောင်(မန်းကိုယ်ပွား)