နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများလူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းပန်း ဆက်သွယ်မှုကောင်းမွန်ရေးနှင့် လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေးသည် အခြေခံ လိုအပ်ချက်ဖြစ်သည်။ ပြည်သူများ လူမှုဘဝဖွံ့ဖြိုးခြင်း၊ နိုင်ငံတိုးတက်ခြင်းတွင် လျှပ်စစ် ဓာတ်အား လုံလောက်စွာရရှိရေးသည် အဓိကအကြောင်းရင်းဖြစ်သည်။
ထို့ကြောင့် နိုင်ငံတော်အစိုးရက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်သူများ လူမှုစီးပွားဘဝ မြင့်မားရေးအတွက် ၂၀၁၉ ခုနှစ်အကုန်တွင် နိုင်ငံလူဦးရေ၏ ၅၀ ရာခိုင်နှုန်း လျှပ်စစ်မီး ရရှိအောင်ရည်မှန်း၍ လျှပ်စစ်ဓာတ်အား တိုးတက်ထုတ်လုပ်နိုင်ရေးကို ကြိုးပမ်း ဆောင်ရွက် ခဲ့ပြီး နောင်လာမည့်နှစ်များ၌ တစ်နိုင်ငံလုံးတွင် လျှပ်စစ်မီးအပြည့်အဝရရှိအောင် မျှော်မှန်း ဆောင်ရွက်နေသည်။
လျှပ်စစ်ဓာတ်အား ရရှိရေးရည်မှန်းချက်သည် မျှော်မှန်းသည့်အတိုင်း ဖြစ်လာခဲ့ပြီဖြစ်၍ ဒေသခံ ပြည်သူများအနေဖြင့် ဝမ်းမြောက်ကြမည်ဖြစ်သလို နိုင်ငံဖွံ့ဖြိုးလာရန်အတွက်လည်း အလား အလာကောင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၁၆ ရက်နေ့က လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန အနေဖြင့် နိုင်ငံတော်ဓာတ်အားစနစ်မှ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်ကြောင်း တစ်နိုင်ငံလုံးသို့ အသိပေးနိုင်ခဲ့သည်။
နိုင်ငံတော်အကြီးအကဲများက ယမန်နှစ်က လူထုနှင့် တွေ့ဆုံခဲ့ကြရာတွင် ၂၀၁၉ ခုနှစ်ကုန်လျှင် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ပြည်သူလူထု ၅၀ ရာခိုင်နှုန်းရရှိအောင် ဆောင်ရွက်ပေးနိုင်မည်ဟု ဆိုခဲ့သည့်အတိုင်း ယခု ၂၀၂၀ နှစ်ဆန်းတွင် နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ် ဓာတ်အား သုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်းပြည့်မြောက်ကြောင်း အလုပ်နှင့် သက်သေပြ နိုင်ခဲ့သည်။ ယခုအတိုင်း ဆက်လက်ကြိုးပမ်းဆောင်ရွက်သွား နိုင်မည်ဆိုလျှင် လာမည့်နှစ်များ တွင် လျှပ်စစ်ဓာတ်အား တစ်နိုင်ငံလုံး အပြည့်အဝရရှိနိုင်မည်ဖြစ်သည်။
နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုကိုတိုင်းတာရာတွင် လူတစ်ဦးချင်း၏ လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်မှု ပမာဏသည် အဓိကကျသော အချက်တစ်ခုဖြစ်သည်။ လျှပ်စစ်ဓတ်အားသည်နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူနေမှုဘဝအဆင့်အတန်းကို ခန့်မှန်းနိုင်သည့် အကြောင်း အချက်လည်းဖြစ်သည်။ လူတစ်ဦးချင်းအတွက် နှစ်စဉ်ထုတ်လုပ်သည့် ဓာတ်အား ပမာဏ(ကီလိုဝပ်နာရီ)မှာ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် ကီလိုဝပ်နာရီအလုံအလောက်ရှိပြီး အာဆီယံ နိုင်ငံများအနေဖြင့် ထိုင်းနိုင်ငံတွင် ကီလိုဝပ်နာရီ ၂၅၀၀ ကျော်၊ ဗီယက်နမ်နိုင်ငံတွင် ၁၀၀၀ ကျော်၊ လာအိုနိုင်ငံတွင် ၁၆၀၀ ကျော်၊ ကမ္ဘောဒီးယားနိုင်ငံတွင် ၃၀၀ နီးပါးရှိသည်။
မြန်မာနိုင်ငံတွင် ၂၀၁၁-၂၀၁၂ ခုနှစ်က လူတစ်ဦးချင်းအတွက် နှစ်စဉ် ထုတ်လုပ်သည့် ဓာတ်အား ကီလိုဝပ်နာရီ ၁၄၅ ရှိပြီး ပြည်သူ့အစိုးရ လက်ထက် တတိယ(၁)နှစ်တာကာလအတွင်း တစ်နှစ်လျှင် လူတစ်ယောက် ၏ လျှပ်စစ်ဓာတ်အားသုံးစွဲမှုပမာဏမှာ ကီလိုဝပ်နာရီ ၃၇၀ ရှိလာသဖြင့် များစွာတိုးတက်လာသည်ဟု ဆိုရမည်ဖြစ်သည်။ ယမန်နှစ်က မြန်မာ နိုင်ငံရှိ လူဦးရေ၏ ၄၄ ရာခိုင်နှုန်းသာ လျှပ်စစ်မီးသုံးစွဲနိုင်ပြီး ယခုအခါ ရာခိုင်နှုန်းတစ်ဝက်ပြည့်ပြီဖြစ်၍ ရာခိုင်နှုန်းပြည့်တိုးတက်လာအောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
ပြည်သူများ လျှပ်စစ်ဓာတ်အားတိုးတက်သုံးစွဲနိုင်ရေးဆိုရာ၌ နိုင်ငံတော်လျှပ်စစ်ဓာတ်အားစနစ်မှ လျှပ်စစ်မီးရရှိနေသောပြည်သူများ ပိုမိုသုံးစွဲရေးထက် လျှပ်စစ်မီးမရရှိသေးသော ပြည်သူလူထု ၅၀ ရာခိုင်နှုန်း ရှိနေသေးသည်ကို အားလုံးသတိမူကြရမည်ဖြစ်သည်။ သို့မှလည်း ရည်မှန်းချက် ပြည့်မီနိုင်မည်ဖြစ်သည်။ ထို့ကြောင့် လျှပ်စစ်ဓာတ်အားများ လေလွင့်ဆုံးရှုံးမှုမရှိစေရေး၊ လျှပ်စစ် ဓာတ်အားကိုလိုသလောက်သုံးစွဲပြီး ခြိုးခြံချွေတာစည်းကမ်းလိုက်နာခြင်းဖြင့် လိုအပ်နေသည့် ဘက်သို့ အမြန် ပြည့်မီရေး ပူးပေါင်းလက်တွဲဆောင်ရွက်ကြရမည်ဖြစ်သည်။
သို့ဖြစ်ရာ လျှပ်စစ်ဓာတ်အားသုံးစွဲမှု တစ်နိုင်ငံလုံး၏ ၅၀ ရာခိုင်နှုန်း ပြည့်မြောက်ပြီး ဆက်လက် ၍ ပြည်သူလူထုရာခိုင်နှုန်းပြည့် လျှပ်စစ်မီးရရှိ နိုင်အောင် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။ ။