Skip to main content

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် ကျရောက်သော (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ သဝဏ်လွှာ

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ နိုင်ငံသူ၊ နိုင်ငံသား ပြည်ထောင်စုဖွား တိုင်းရင်းသားမိဘပြည်သူ ညီအစ်ကိုမောင်နှမများခင်ဗျား-

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်သည် (၇၅) နှစ်မြောက် စိန်ရတုတပ်မတော်နေ့ ဖြစ်ပေသည်။ ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီလ ၄ ရက်တွင် ကျွန်ုပ်တို့ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာပိုင်ဆိုင်မှု (၇၂) နှစ် ပြည့်မြောက်ခဲ့ပြီးဖြစ်သည်။ တပ်မတော်သမိုင်းကြောင်းသည် လွတ်လပ်ရေးကြိုးပမ်းမှုနှင့်အတူ ယှဉ်တွဲလျက်ရှိပြီး မြန်မာပြည်သူ အပေါင်းတို့အတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ဆိုသည်မှာ အဖိုးမဖြတ်နိုင်သောပိုင်ဆိုင်မှုပင် ဖြစ်ပေသည်။

မြန်မာတို့၏သမိုင်းကြောင်းမှာ ရှည်လျားလှသည်။ ထိုရှည်လျားလှသော မြန်မာ့သမိုင်းကြောင်းတွင် အရုပ်ဆိုး၊ အကျည်းတန်ဆုံးသော အမှောင်ကာလမှာ တိုင်းတစ်ပါးသားတို့က ကျူးကျော်နယ်ချဲ့ အုပ်ချုပ်ခဲ့သော ကိုလိုနီကာလ တစ်နည်းအားဖြင့် တစ်ပါးကျွန်ဘဝရောက်ခဲ့သောကာလများဖြစ်သည်။

လွတ်လပ်ရေးဆုံးရှုံးခဲ့ရခြင်း၏ အဓိကအကြောင်းတရားမှာ စည်းလုံးညီညွတ်မှုပြိုကွဲခြင်းနှင့် အင်အား တောင့်တင်းသော ခေတ်မီတပ်မတော်တစ်ရပ် ခိုင်ခိုင်မာမာမရှိခဲ့ခြင်းကြောင့် ဖြစ်ကြောင်း သမိုင်းကပေးသော သင်ခန်းစာကြောင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလတွင် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော မျိုးချစ်လူငယ် ရဲဘော်သုံးကျိပ်တို့က ခေတ်မီစစ်အတတ် ပညာများကို စွန့်လွှတ်စွန့်စား အပင်ပန်းအဆင်းရဲခံ သင်ယူကာ ပြည်သူများနှင့်အတူ လက်တွဲ၍ ၁၉၄၅ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် ဖက်ဆစ်တော်လှန်ရေးကြီး စတင်ဆင်နွှဲနိုင်ခဲ့ပြီး လွတ်လပ်ရေးရရှိသည်အထိ ဆောင်ရွက် နိုင်ခဲ့သည်။ ထိုနေ့ကို “တော်လှန်ရေးနေ့ ” အဖြစ် ဦးစွာသတ်မှတ်ခဲ့ပြီး ၁၉၅၅ ခုနှစ်မှစ၍ “တပ်မတော်နေ့”  အဖြစ် အဓိပ္ပာယ်လေးနက်စွာ ပြောင်းလဲသတ်မှတ်ခဲ့ကာ ယခု ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်နေ့တွင် (၇၅) နှစ်မြောက် စိန်ရတုတိုင်အောင် ရောက်ရှိခဲ့ပြီဖြစ်သည်။

တပ်မတော်သည် စိန်ရတုကာလသက်တမ်းအား လွယ်လွယ်ကျော်ဖြတ် ခဲ့ရခြင်းမဟုတ်ဘဲ ခရောင်းလမ်း ခရီးကြမ်းကြီးကို အသက်၊ ခန္ဓာ၊ သွေး၊ ချွေး များစွာဖြင့် ပေးဆပ်၍ ကျော်ဖြတ် ခဲ့ရခြင်းဖြစ်သည်။ ပေးဆပ်မှုအားလုံး၊ ပေးဆပ်သူများအားလုံး၏ တစ်ခုတည်းသောရည်မှန်းချက်မှာ နိုင်ငံတော်နှင့် နိုင်ငံသားအားလုံးအတွက် လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး၊ ပြည်ထောင်စု မပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေးတို့သာဖြစ်ပေသည်။ ထိုသို့ ပေးဆပ်ရဲကြသော တပ်မတော်သားတို့၏ ခံယူချက်မှာ သစ္စာဓိဋ္ဌာန်လေးချက်ပင် ဖြစ်သည်။

တပ်မတော်သားတို့၏ သစ္စာဓိဋ္ဌာန်လေးချက်

(၁) ငါတို့သည်၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏သစ္စာကို စောင့်သိရိုသေပါမည်။

(၂) ငါတို့သည်၊ ကျဆုံးလေပြီးသော တပ်မတော်သားတို့၏သစ္စာကို စောင့်သိရိုသေပါမည်။

(၃) ငါ့အား၊ အထက်မှပေးအပ်သော အမိန့်နှင့်တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်ပါမည်။

(၄) ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်အတွက် ငါ၏အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏။

ကာလအပိုင်းအခြားများကို အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ဟူ၍ ပိုင်းခြားရာတွင် တပ်မတော်သည် အတိတ်ကာလဖြစ်သော ၇၅ နှစ်တာကာလတစ်လျှောက်လုံး နိုင်ငံနှင့်ပြည်သူအပေါ် သစ္စာစောင့်သိ ရိုသေလျက် လွတ်လပ်ရေးရရှိရန်၊ ရရှိပြီးသော လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရန် ရင်ကို မြေကတုတ်လုပ်ကာ မားမားမတ်မတ် ရပ်တည်ဆောင်ရွက်ခဲ့သည်။

ပစ္စုပ္ပန်ကာလတွင်လည်း ပြည်သူတို့၏ဆန္ဒဖြစ်သော ပါတီစုံဒီမိုကရေစီလမ်းကြောင်း ခိုင်ခိုင်မြဲမြဲ မယိုင်လဲစေရန်နှင့် နိုင်ငံ၏အဓိက လိုအပ်ချက်ဖြစ်သော နိုင်ငံရေးအရ တည်ငြိမ်အေးချမ်းရေး၊ လုံခြုံရေးအရ တည်ငြိမ်အေးချမ်းရေး၊ ထာဝရ ငြိမ်းချမ်းရေးတို့အတွက် မည်သို့သောအခက်အခဲများနှင့် ရင်ဆိုင်ရသည်ဖြစ်စေ တိုင်းပြည်၏မျက်နှာ၊ နိုင်ငံသားတို့၏ အကျိုးစီးပွားအတွက်ကိုသာရှေးရှု၍ ကာကွယ်ရေးတာဝန်၊ သမိုင်းပေးတာဝန်များကို ဦးလည်မသုန် ကျေပွန်အောင် ထမ်းရွက်လျက်ရှိသည်။

အနာဂတ်တွင်လည်း ဒေသတွင်း၊ ကမ္ဘာ့နိုင်ငံတပ်မတော်များနှင့် ရင်ပေါင် တန်းနိုင်သည့် အင်အား တောင့်တင်းပြီး စွမ်းရည်ထက်မြက်သော ခေတ်မီမျိုးချစ် တပ်မတော်ဖြစ်စေရန် အရှိန်အဟုန်ဖြင့် တည်ဆောက်လျက်ရှိသည်။ နိုင်ငံတော်အတွက် တပ်မတော်ပြိုကွဲ၍မရပါ။ နိုင်ငံတော်ကိုဖြိုခွဲချင်သူ များက အတိတ်၊ ပစ္စုပ္ပန် ကာလတို့တွင် တပ်မတော်ပြိုကွဲစေရန်ကြိုးစားခဲ့၊ ကြိုးစားနေကြဆဲ၊ အနာဂတ် တွင်လည်း ကြိုးစားနေကြမည်ဖြစ်၍ သတိတမံ၊ ဉာဏ်မြေကတုတ်ဖြင့် အမြဲတမ်း လေ့ကျင့်၊ အမြဲတမ်း စစ်ရေးသတိရှိ၊ အမြဲတမ်းတိုက်ပွဲဝင်အသင့်ရှိ နေရမည်ဖြစ်သည်။

တပ်မတော်သည် ပြည်ထောင်စုတိုင်းရင်းသားပြည်သူများမှ မွေးဖွားလာကြသော ပြည်သူများ၏ သားသမီးများနှင့် ဖွဲ့စည်းတည်ဆောက်ထားသည့် တစ်ခုတည်းသော ပြည်ထောင်စုတပ်မတော် စစ်စစ်ဖြစ်၏။ တပ်မတော်သည် နိုင်ငံတော်၏အစိတ်အပိုင်း၊ တပ်မတော်သားများသည် ပြည်သူများ၏ အစိတ် အပိုင်းပင် ဖြစ်ပေသည်။

တပ်မတော်၏ သမိုင်းကြောင်းတစ်လျှောက် ကောင်းမြတ်သော အစဉ်အလာကောင်းများကို ကျွန်ုပ်တို့နှင့် ကျွန်ုပ်တို့၏ သားစဉ်မြေးမြစ် မျိုးဆက်သစ်များက အသက်နှင့်ထပ်တူ ထိန်းသိမ်း စောင့်ရှောက်သွားမည်၊ နိုင်ငံတော်၏ မြေပြင်၊ ရေပြင်၊ ဝေဟင်နယ်နိမိတ်များကို တစ်လက်မမျှ အထိမခံ၊ နိုင်ငံသူ၊ နိုင်ငံသား မိဘပြည်သူများအားလုံးရှေ့မှ အဓိဋ္ဌာန်ပြုလျက် မားမားမတ်မတ်ရပ်တည်ကာ ကမ္ဘာတည်သရွေ့ မြန်မာတည်စေရမည် ဖြစ်ကြောင်း (၇၅)နှစ်မြောက် စိန်ရတုတပ်မတော်နေ့ အထိမ်းအမှတ် သဝဏ်လွှာပါးအပ်ပါသည်။

 

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်

၂၀၂၀ ပြည့်နှစ်၊ မတ်လ ၂၇ ရက်