Skip to main content

ကျိုင်းတုံမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော် ကျင်းပ

ကျိုင်းတုံ ဇန်နဝါရီ   ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို ယမန်နေ့နံနက် ၉ နာရီက မြို့တော်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အဆင့် ပညာရေးစုံညီပွဲတော်ကို တြိဂံဒေသတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်၊ အာခါတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးအာဗေလ၊ ပြည်နယ်လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီး ဦးစိုင်းရှဲန်တစ်လုံ၊ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်နှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ်ပညာရေးမှူး (ရုံးခွဲ)မှ ပြည်နယ်ပညာရေးမှူး ဦးအောင်ကျော်မြင့် တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကျောင်းသားကျောင်းသူများက “ဘက်စုံပညာကိုရည်တို့လှမ်းချီ” သီချင်းဖြင့် အခမ်းအနားကို သီဆိုဖွင့်လှစ်ပြီး တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) ပြည်နယ် ပညာရေးမှူး (ရုံးခွဲ) မှ ပြည်နယ်ပညာရေးမှူးတို့က အမှာစကား ပြောကြားကြသည်။

ယင်းနောက် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း နိုင်ငံတော်အဆင့်နှင့် ပြည်နယ်အဆင့် ကဗျာ၊  စာစီစာကုံး၊ ဆောင်းပါး၊ ပန်းချီ၊ မြန်မာစာစွမ်းရည်၊ အင်္ဂလိပ်စာစွမ်းရည်၊ သင်္ချာစွမ်းရည်၊ အားကစား ပြိုင်ပွဲများတွင် ဆုရရှိသူများ၊ လူရည်ချွန်ဆုနှင့် တက္ကသိုလ်ဝင်တန်းဂုဏ်ထူးရ ကျောင်းသားကျောင်းသူ များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြပြီး ကျောင်းသား/ကျောင်းသူများက တိုင်းရင်းသား ယဉ်ကျေးမှုတေးသီချင်းများဖြင့် သီဆိုကပြ ဖျော်ဖြေကြသည်။

ဆက်လက်၍ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် အခမ်းအနားသို့ တက်ရောက်လာသူများက ၂၀၁၉-၂၀၂၀ ပညာရေးစုံညီပွဲတော် အထိမ်းအမှတ် ပြခန်းအား လှည့်လည်ကြည့်ရှု အားပေးခဲ့ကြပြီး အ.ထ.က(၄)မှ ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)