ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ
၂၀၂၀ ပြည့်နှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားသို့ ပေးပို့သည့်သဝဏ်လွှာ
(၂၀၂၀ ပြည့်နှစ်၊ ဇွန်လ ၅ ရက်)
ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူနိုင်ငံသားများခင်ဗျား-
ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခါသမယတွင် နိုင်ငံသူ နိုင်ငံသားများအားလုံး ရွှင်လန်းချမ်းမြေ့ကြပါစေကြောင်း နှုတ်ခွန်းဆက်သအပ်ပါသည်။
ယခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်ဆောင်ပုဒ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂက “Biodiversity” ဟု သတ်မှတ်ထားပါသည်။ ဆောင်ပုဒ်၏ အဓိကရည်ရွယ်ချက်မှာ “သဘာဝဂေဟစနစ်ကြီးထဲတွင် ဇီဝမျိုးစုံမျိုးကွဲများ အလွန်လျင်မြန်စွာဆုံးရှုံးနေမှုနှင့် သဘာဝယိုယွင်းပျက်စီးနေမှုများကို တိုက်ဖျက်နိုင်ရေးအတွက် အရေးယူဆောင်ရွက် ကြရန်” နှိုးဆော်ထားခြင်းဖြစ်ပါသည်။
ဇီဝမျိုးစုံမျိုးကွဲများကြွယ်ဝ၍ ကောင်းမွန်စွာလည်ပတ်နေသော ဂေဟစနစ်များသည် လူသားတို့အတွက် အခြေခံလိုအပ်ချက်ဖြစ်သော သန့်စင်သောလေ၊ သန့်ရှင်းသောရေ၊ အာဟာရ ပြည့်ဝသောအစားအစာများ၊ သဘာဝအခြေခံ ဆေးဝါးများနှင့် ကုန်ကြမ်းများကို နည်းလမ်း မျိုးစုံဖြင့် ပံ့ပိုးပေးနေပြီး သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်မှုများကိုလည်း လျှော့ချပေးကာ လူသား တို့ရှင်သန်မှုကို ရေရှည်တည်တံ့စေပါသည်။
ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များအပါအဝင် သဘာဝပတ်ဝန်းကျင်၏ အကျိုးပြုမှု တန်ဖိုးများကို သိရှိထားပြီး ဖြစ်သည့်အားလျော်စွာ ယနေ့ရင်ဆိုင်နေကြရသော ရာသီဥတု ပြောင်းလဲမှုနှင့် သဘာဝပတ်ဝန်းကျင် ယိုယွင်းပျက်စီးမှု ဆိုင်ရာ ဘေးဒုက္ခများကို ဖြေရှင်း နိုင်ရန် သဘာဝပတ်ဝန်းကျင်ကို မဖြစ်မနေထိန်းသိမ်းရန် လိုအပ်ပါသည်။
ယနေ့ကျရောက်သည့် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့သည် ကမ္ဘာကြီးတွင် ကြုံတွေ့ နေရသော ပတ်ဝန်းကျင် ဆိုင်ရာစိန်ခေါ်မှုများကို ဖြေရှင်းဆောင်ရွက်ရေးအတွက် ကမ္ဘာ တစ်ဝန်းမှ ပြည်သူများ၊ လူမှုအဖွဲ့အစည်းများ၊ အစိုးရများ အရှိန်အဟုန်ဖြင့် ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ဆောင်ရွက်လာစေရန် စွမ်းအားပြည့်ဝသော ပေါင်းကူးစင်္ကြံကြီးတစ်ခုဖြစ် သည်ဟု ယုံကြည်ပါသည်။ မြန်မာနိုင်ငံအနေဖြင့် ယနေ့ကျရောက်သည့် ကမ္ဘာ့ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် “တို့ကမ္ဘာမြေရေရှည်တည်တံ့စေဖို့ ဇီဝမျိုးစုံ မျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်တို့ကို အချိန်မီ ထိန်းသိမ်းကြစို့” ဆောင်ပုဒ်ဖြင့် ကမ္ဘာ့နိုင်ငံများနှင့်အတူ ဆောင်ရွက်မည်ဖြစ်ပါသည်။
ဂေဟစနစ်ဝန်ဆောင်မှုများ ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာ နိုင်ငံတကာသိပ္ပံနှင့် မူဝါဒလုပ်ငန်းအဖွဲ့၏ ၂၀၁၉ ခုနှစ် အစီရင်ခံစာတွင် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝ ဂေဟစနစ် ယိုယွင်းပျက်စီး လာမှု ကြောင့် “ဆင်းရဲမှုနှင့် ငတ်မွတ်ခေါင်းပါးမှု ပပျောက်ရေး၊ စားနပ်ရိက္ခာဖူလုံရေး၊ လူတိုင်း ကျန်းမာ ရေးနှင့် သာယာဝပြောရေး၊ စားသုံးမှုနှင့် ထုတ်လုပ်မှု ရေရှည်စဉ်ဆက်မပြတ် မျှတ စေရေး၊ ရေရှည်တည်တံ့သော မြို့ပြများဖြစ်ထွန်းလာစေရေး၊ ရာသီဥတု ပြောင်းလဲမှု လျှော့ချရေး၊ ပင်လယ်သမုဒ္ဒရာများ၊ ရေနှင့် မြေသယံဇာတများအား ထိန်းသိမ်းစောင့်ရှောက်ရေး” ဆိုင်ရာ ရေရှည်တည်တံ့သော ဖွံ့ဖြိုးရေးရည်မှန်းချက်များ၏ ၈၀ ရာခိုင်နှုန်းကို ယိုယွင်း လျော့နည်းသွားစေနိုင်ကြောင်း ဖော်ပြထားသည့်အတွက် သဘာဝ ပတ်ဝန်း ကျင် ထိန်းသိမ်းရေးသည် အဓိကကျသည့် အခြေခံအုတ်မြစ် တစ်ရပ်ဖြစ်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူနိုင်ငံသားများခင်ဗျား-
ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရာတွင် သဘာဝကို အခြေခံသည့် ဖြေရှင်းမှု (Nature based Solution) ကို ပြည့်ပြည့်ဝဝ ပိုမိုပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ကြောင်းကိုလည်း ကမ္ဘာ့နိုင်ငံများက လက်ခံထားကြပါသည်။
ကမ္ဘာ့ကုလသမဂ္ဂက ရာသီဥတုပြောင်းလဲမှုပြဿနာများကို တွန်းလှန်နိုင်ရေးနှင့် စားနပ်ရိက္ခာနှင့် သန့်ရှင်းသောရေဖူလုံမှု၊ ဇီဝမျိုးစုံမျိုးကွဲများ ထိန်းသိမ်းမှုတို့ကို မြှင့်တင်နိုင်ရေး အတွက် ပျက်စီးယိုယွင်းနေသောဂေဟစနစ် ပြန်လည်ထိန်းသိမ်းမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် နိုင်ရန်ရည်ရွယ်ပြီး ၂၀၂၁ မှ ၂၀၃၀ ပြည့်နှစ်အထိကို ကုလသမဂ္ဂဂေဟစနစ် ပြန်လည် ထိန်းသိမ်းရေး ဆယ်စုနှစ် (UN Decade on Ecosystem Restoration) အဖြစ် သတ်မှတ် ထားပါသည်။ သို့ဖြစ်၍ ၂၀၂၀ ပြည့်နှစ်သည် ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ ပတ်ဝန်းကျင်တို့ကို ပြန်လည်ထိန်းသိမ်းရန် ကမ္ဘာ့နိုင်ငံအားလုံး၏ ကတိကဝတ်များအဖြစ် အရေးကြီးသောနှစ်တစ်နှစ် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတော် တည်ထောင်ရေးအပါအဝင် သမိုင်းတွင်စေမည့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်း စဉ်များကို ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ ဤလုပ်ငန်းစဉ်များ ထိရောက်အောင်မြင်ရေး၌ နိုင်ငံ၏ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အပံ့ဖြစ်စေသည့် ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် အဖိုးတန်သယံဇာတအရင်းအမြစ်များကို ထိန်းသိမ်း ကာကွယ် ရေးသည်လည်း အရေးကြီးသောကဏ္ဍမှ ပါဝင်ပါသည်။
ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူနိုင်ငံသားများခင်ဗျား-
၂၀၃၀ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေး ရည်မှန်းချက်ပန်းတိုင် များဆိုင်ရာ ကတိ ကဝတ်များနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အရင်းအနှီးများ ကို ထိန်းသိမ်း ကာကွယ် ရာတွင် အမြော်အမြင်ရှိစွာ ဂရုပြုစီမံခန့်ခွဲရန် လိုအပ်ချက်အရ နိုင်ငံတော်အနေဖြင့် ဖွံ့ဖြိုး တိုးတက်သည့်အနာဂတ်ကို ရရှိနိုင်ရေးအတွက် ရေရှည်မဟာဗျူဟာမြောက် လမ်းညွှန် ချက်အဖြစ် အမျိုးသားပတ်ဝန်းကျင်ရေးရာမူဝါဒကို ချမှတ်ထားပြီးဖြစ်ပါသည်။
အလားတူ ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုပန်းတိုင်များနှင့် အမျိုးသားဘက်စုံ ဖွံ့ဖြိုး တိုးတက်မှုရည်မှန်းချက်များသို့ ရောက်ရှိရေး ဆောင်ရွက်ရာတွင် ရာသီဥတု ပြောင်း လဲ မှုများကို ရင်ဆိုင်တုံ့ပြန်နိုင်ရေးအတွက် ကာဗွန်ထုတ်လွှတ်မှုလျော့နည်းပြီး ရာသီဥတု ဒဏ်ခံနိုင်ရည်ရှိသည့် နိုင်ငံအဖြစ် ဖော်ဆောင်နိုင်ရန် မြန်မာနိုင်ငံ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ မူဝါဒ၊ မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ် (၂၀၁၈-၂၀၃၀ ပြည့်နှစ်) တို့ကို ချမှတ် ထားပြီးဖြစ်သည့်အပြင် စိမ်းလန်းသန့်ရှင်းပြီး ကောင်းမွန် မျှတသော ပတ်ဝန်းကျင်ကို ဖော်ဆောင်ရန် အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်းစီမံခန့်ခွဲမှု မဟာဗျူဟာနှင့် ပင်မလုပ်ငန်းအစီအစဉ်ကိုလည်း ချမှတ်ခဲ့ပြီးဖြစ်ပါသည်။
ယနေ့ကြုံတွေ့နေရသည့် သစ်တောပြုန်းတီးခြင်း၊ တောရိုင်းတိရစ္ဆာန်တို့၏ နေရင်းဒေသများ ကိုကျူးကျော်ခြင်းနှင့် တရားမဝင်ရောင်းဝယ်ခြင်း၊ စနစ်တကျ စီမံမှုမရှိသည့် စိုက်ပျိုးရေး လုပ်ငန်းများ အလွန်အကျွံချဲ့ထွင်ခြင်းနှင့် ကာဗွန် ထုတ်လွှတ်မှုများပြားသည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြောင့် ရာသီဥတုပြောင်းလဲမှုကို လျင်မြန်စေခြင်းတို့သည် လူသားတို့၏ ဆောင်ရွက်မှုများကြောင့် ဖြစ်ပြီး သဘာဝ၏ဟန်ချက်ညီမှုကို ပြိုကွဲပျက်စီးစေပါသည်။
သက်ရှိများအား သဘာဝအလျောက် ကာကွယ်ပေးနေသည့် သဘာဝ ဂေဟစနစ် ပျက်စီးယိုယွင်းမှုကြောင့် ကျန်းမာရေးကို ထိခိုက်နိုင်သောရောဂါများ ဖြစ်ပွားကူးစက် ပျံ့နှံ့နိုင်သည့် အခြေအနေများကို ဖန်တီးဖြစ်ပေါ်စေနိုင်ပါသည်။ ထို့ကြောင့် သက်ရှိများ အသက်ရှင်ရပ်တည်နိုင်ရေးအတွက် သဘာဝဂေဟ စနစ်ကြီးတစ်ခုလုံး ကောင်းမွန်ချောမွေ့စွာ လည်ပတ် နိုင်ရေးကို အလေးဂရုပြု ထိန်းသိမ်းကြရန် လိုအပ်ပါသည်။
သို့ဖြစ်ပါ၍ ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆုံးဖြတ်စီမံမှု လုပ်ငန်းစဉ်များတွင် စနစ်တကျပေါင်းစပ်ဆောင်ရွက်ရန် အရေးကြီးသည့်အချိန်အခါ ဖြစ်ပါသည်။ ယခုအချိန်သည် နိုးထရန်၊ သတိပြုရန်၊ သဘာဝနှင့်လူသားတို့၏ဆက်ဆံရေး ပြန်လည် ကောင်းမွန်အောင် ပုံဖော်ရန်နှင့် သဘာဝပတ်ဝန်းကျင်နှင့် ဟန်ချက်ညီသော ကမ္ဘာကြီးအဖြစ် ပြန်လည် တည်ဆောက်ကြရန် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ် က သတိပေး မီးမောင်းထိုးပြလျက်ရှိပါသည်။ အလားတူ မေလ ၂၂ ရက်နေ့တွင် ကျရောက်ခဲ့ပြီးဖြစ်သည့် အပြည်ပြည်ဆိုင်ရာ ဇီဝမျိုးစုံမျိုးကွဲနေ့ အထိမ်းအမှတ် ဆောင်ပုဒ် ဖြစ်သော “ကျွန်ုပ်တို့၏အဖြေများသည် သဘာဝတရားထဲတွင် ရှိနေသည်” “Our Solutions are in Nature” ကလည်း ယနေ့ရင်ဆိုင်နေကြရသော ဂေဟစနစ်နှင့် ဇီဝမျိုးစုံ မျိုးကွဲများ ပျက်စီးယိုယွင်းနေမှုကို ဖြေရှင်းဆောင်ရွက် ရမည့်အဖြေသည် သဘာဝထဲတွင်သာ ရှိနေကြောင်း ဖော်ညွှန်းထားပါသည်။
ချစ်ခင်လေးစားအပ်ပါသော နိုင်ငံသူနိုင်ငံသားများခင်ဗျား-
ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များကို ဖော်ဆောင်ရာ တွင် သဘာဝ ပတ်ဝန်းကျင် အစဉ်ဖြစ်ပျက်ပြောင်းလဲနေမှုများအား သတိမူပြီး လက်တွေ့ကျသည့် နည်းလမ်း များကို မျက်ခြည်မပြတ်လေ့လာ၍ ပတ်ဝန်းကျင်နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်း ကာကွယ်ရေး၊ ရာသီဥတုပြောင်းလဲမှုကိုခံနိုင် ရည်ရှိရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့ကို အဓိကရည်မှန်းချက်များအဖြစ် ထားရှိပြီး အမျိုးသားပတ်ဝန်းကျင်ရေးရာနှင့် ရာသီဥတု ပြောင်းလဲ မှုဆိုင်ရာ မူဝါဒများနှင့် မဟာဗျူဟာများ၊ အမျိုးသားအဆင့် စွန့်ပစ်ပစ္စည်း စီမံခန့်ခွဲမှု မဟာဗျူဟာရည်မှန်းချက်များကို နိုင်ငံတော်၏ ဦးစားပေးလုပ်ငန်းများအဖြစ် သက်ဆိုင်ရာကဏ္ဍအသီးသီး၏ ဖွံ့ဖြိုးမှုအစီအမံများတွင် ထည့်သွင်းပေါင်းစပ် ကာ တာဝန်ကိုယ်စီ၊ လက်တွဲညီညီဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ကြ ရမည် ဖြစ်ပါသည်။
တစ်ဆက်တည်းမှာပင် ရာသီဥတုပြောင်းလဲမှုကို တုံ့ပြန်ဆောင်ရွက်ရေး နှင့် ဇီဝမျိုးစုံမျိုးကွဲ ထိန်းသိမ်းရေးသည် ဒင်္ဂါးတစ်ပြား၏ တစ်ဖက်တစ်ချက် ဖြစ်ကြောင်း တင်စားပြော ဆိုကြသည့် အတိုင်း ဇီဝမျိုးစုံမျိုးကွဲများနှင့် သဘာဝ ဂေဟစနစ်များ လျော့ပါးပျောက် ကွယ်မှုကို ရပ်တန့်နိုင်ရေးအတွက် နိုင်ငံအဆင့် ဇီဝမျိုးစုံမျိုးကွဲဆိုင်ရာမဟာဗျူဟာနှင့် လုပ်ငန်း စီမံချက်အား ခိုင်မာသော ရည်မှန်းချက်များဖြင့် လက်တွေ့ လုပ်ဆောင်ကြ ရမည် ဖြစ် ပါသည်။ အဆိုပါ လုပ်ငန်းများကို ဖော်ဆောင်ရာတွင် ဒေသဆိုင်ရာ၊ နိုင်ငံ တကာနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင် ဆောင်ရွက်ကြရန် ယနေ့ကျရောက်သော ကမ္ဘာ့ပတ်ဝန်းကျင် ထိန်းသိမ်းရေးနေ့ အခါသမ ယတွင် အလေးအနက် တိုက်တွန်းအပ်ပါသည်။
နိုင်ငံသူနိုင်ငံသားအားလုံး သဘာဝ (Nature) ကို ချစ်ခင်မြတ်နိုးသူများ၊ သဘာဝ ပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်သူများ၊ ဇီဝမျိုးစုံမျိုးကွဲများနှင့် ဂေဟစနစ်များကို တန်ဖိုး ထားသူများဖြစ်ကြပြီး စိမ်းလန်းစိုပြည်သာယာလှပ သည့် အမိမြန်မာနိုင်ငံတော်ဖြစ်အောင် စုပေါင်းပုံဖော်ကြပါရန် အလေးအနက် တိုက်တွန်းလျက် သဝဏ်လွှာပေးပို့အပ်ပါသည်။
ဝင်းမြင့်
နိုင်ငံတော်သမ္မတ