Skip to main content

ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပညာဘွဲ့လွန်ဒီပလိုမာနှင့် စာရင်းအင်းပညာ ဘွဲ့လွန်ဒီပလိုမာသင်တန်း ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်   ဇန်နဝါရီ  

ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရန်နှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် ဝန်ထမ်းအလွှာစုံ၏ အရည်အချင်းနှင့် အရည်အသွေးများကို ထိထိရောက်ရောက် မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ အုပ်ချုပ်မှုနှင့် ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်းဌာန (GSAD)နှင့် မိတ္ထီလာ စီးပွားရေးတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သော ပြည်သူ့ရေးရာစီမံခန့်ခွဲမှုပညာ ဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Public Policy and Administration)နှင့် စာရင်းအင်း ပညာဘွဲ့လွန်ဒီပလိုမာ (Postgraduate Diploma in Statistics) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အမျိုးသားမှတ်တမ်းများ မော်ကွန်းတိုက်ဦးစီးဌာန၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မိတ္ထီလာစီးပွားရေး တက္ကသိုလ်မှ ပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူး၊ ပို့ချဆရာ/ ဆရာမ များ၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှု ပညာဘွဲ့လွန်ဒီပလိုမာနှင့် စာရင်းအင်းပညာဘွဲ့လွန်ဒီပလိုမာ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက Diploma သင်တန်းများသည် ပညာရေးဝန်ကြီးဌာန၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် ပူးပေါင်းဖွင့်လှစ်ခြင်းဖြစ်ပြီး ပညာရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုသည့် ဘွဲ့လွန်ဒီပလိုမာ လက်မှတ်များပေးအပ်သည့် သင်တန်း ဖြစ်ကြောင်း၊ ထို့ပြင် Courses/Syllabus များကိုလည်း Board of Study တင်ပြီး စနစ်တကျရေးဆွဲ ပြဋ္ဌာန်းထားပြီး ဖြစ်ကြောင်း၊  ယခင်က သင်တန်း (၃)ခု ဖွင့်လှစ်ခဲ့ပြီး ဘွဲ့လွန်ဒီပလိုမာ လက်မှတ်ရရှိပြီးသူ(၄၃၄)ဦး မွေးထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း၊ ဘွဲ့လွန် ဒီပလိုမာသင်တန်းများ အောင်အောင်မြင်မြင် ဖွင့်လှစ်နိုင်ရန်အတွက် အုပ်ချုပ်မှုနှင့်ဖွံ့ဖြိုးမှုပညာ ဘွဲ့လွန်သင်တန်း ဌာနနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးသည့် မိတ္ထီလာစီးပွားရေးတက္ကသိုလ်၊ စာရင်းအင်းပညာ ဘွဲ့လွန်ဒီပလိုမာကို ဖွင့်လှစ်နိုင်ရန် ကြီးကြပ်ပေးသည့် ဗဟိုစာရင်းအင်းအဖွဲ့နှင့် ဝန်ကြီးဌာနအသီးသီးမှ ပံ့ပိုးကူညီသင်ကြား ပေးကြသည့် ဆရာ/ ဆရာမများကို ကျေးဇူးတင်ရှိပါကြောင်း။

သင်တန်းများကို ရုံးချိန်ပြင်ပ သင်တန်းများအဖြစ် ဖွင့်လှစ်ပေးထားခြင်း ဖြစ်သည့်အတွက် နေပြည်တော်မှာရှိသည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများလွယ်ကူစွာ ပညာဆက်လက်သင်ကြားနိုင်ခြင်း၊ လုပ်ငန်းခွင်မပျက် ရုံးချိန်ပြင်ပတွင် သင်ကြားနိုင်ခြင်း၊ ဝန်ထမ်းများ အနေဖြင့် စာတွေ့၊ လက်တွေ့ကို အခြေခံထားသဖြင့် သင်တန်းမှ အတွေ့အကြုံများ၊ တတ်ကျွမ်းမှုများသည် ပြည်သူ့ရေးရာမူဝါဒနှင့် အုပ်ချုပ်မှုဆိုင်ရာကိစ္စရပ်များ၊ စာရင်းအင်းဆိုင်ရာ ကိစ္စရပ်များတွင် များစွာအထောက်အကူပြုနိုင်မည် ဖြစ်ကြောင်း၊ သင်ကြားပေးသည့် ပညာများဖြင့် တိုင်းပြည်တိုးတက်အောင် တစ်ဖက်တစ်လမ်းမှ ကြိုးစားစေလိုကြောင်း၊ နောင်တွင်တိုင်းပြည်တာဝန်ကို မိမိတို့ကိုယ်စား လွှဲပြောင်းတာဝန်ထမ်းဆောင်နိုင်ရန် စနစ်တကျ လေ့လာဆည်းပူးကြစေလိုကြောင်း ပြောကြားသည်။

ယခုဖွင့်လှစ်သည့် ဘွဲ့လွန်ဒီပလိုမာသင်တန်းသည် အမှတ်စဉ်(၄)ဖြစ်ပြီး ပြည်သူ့ရေးရာမူဝါဒနှင့်အုပ်ချုပ်မှု ပညာဘွဲ့လွန်ဒီပလိုမာ သင်တန်းသို့ သင်တန်းသား/သူ (၆၈)ဦးနှင့် စာရင်းအင်း ပညာဘွဲ့လွန် ဒီပလိုမာသင်တန်းသို့ သင်တန်းသား/သူ (၆၈)ဦး၊ စုစုပေါင်း (၁၃၆)ဦး တက်ရောက် ခွင့်ရရှိကြပြီး သင်တန်းကာလမှာ(၁)နှစ် ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

(သတင်းစဉ်)