Skip to main content

COVID-19 နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်သူများနှင့် တပ်မတော်သားများ၊ မိသားစုဝင်များအတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်း အစည်းအဝေးကျင်းပ

နေပြည်တော်  မတ်  ၃၁

ကမ္ဘာ့ကပ်ရောဂါ COVID-19 နှင့် ပတ်သက်၍ မြန်မာနိုင်ငံတွင် ပြည်သူများနှင့် တပ်မတော် သားများ၊ မိသားစုဝင်များအတွက် ကာကွယ်ရေး၊ ကုသရေးနှင့် အခြားလိုအပ်ချက်များ ဆောင်ရွက်ပေးနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းတွင် နေပြည်တော်ရှိ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အဆိုပါအစည်းအဝေးသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးတင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အဖွင့် အမှာစကား ပြောကြားသည်။

ထို့နောက် အစည်းအဝေး တက်ရောက်လာကြသူများက ကိုဗစ် -၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှု အခြေအနေများကို အသီးသီး ရှင်းလင်းတင်ပြဆွေးနွေးကြသည်။

ဆွေးနွေးမှာကြား

ဆွေးနွေးတင်ပြချက်များအပေါ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ရန်ကုန်မြို့ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် သီးသန့်စောင့်ကြပ် ကြည့်ရှုရမည့်သူ၊ ကုသရမည့်သူများ အတွက် ခုတင် ၂၀၀၀ ထားရှိနိုင်ရေး၊ နေပြည်တော်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် ခုတင် ၁၅၀၀၀ ထားရှိနိုင်ရေး ဆောင်ရွက်ထားရန်၊ ထို့အပြင် တပ်မတော်အတွင်းရှိ တပ်၊ ဌာန အဆောက်အဦများတွင် လူနာများ လက်ခံကုသပေးနိုင်မည့် နေရာများအား ထပ်မံတိုးချဲ့ စီစဉ်ထားရန်၊ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်းနှင့် မြန်မာ့စီးပွားရေးဦးပိုင် အများနှင့် သက်ဆိုင် သော ကုမ္ပဏီလီမိတက်တို့မှ ရာနှုန်းပြည့် ရင်းနှီးမြှုပ်နှံဆောင်ရွက်နေသည့် စက်ရုံများအနက် စားသောက် ကုန်နှင့် မရှိမဖြစ် ထုတ်လုပ်ရမည့် ထုတ်ကုန်ပစ္စည်းများမှလွဲ၍ ကျန် စက်ရုံများတွင် ဧပြီလကုန်အထိ ထုတ်လုပ်မှုကို ၅၀ ရာခိုင်နှုန်း လျှော့ချ ဆောင်ရွက်ရန်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံ မှုများနှင့် ဖက်စပ်လုပ်ကိုင်နေသော စက်ရုံများကို ၎င်းတို့၏ သဘောထားနှင့် ညှိနှိုင်း ဆောင်ရွက်ပေးရန်၊ စစ်သည်များနှင့် ဝန်ထမ်းများအားလုံး မိမိအိမ်၊ အဆောင်များတွင် စနစ်တကျ နေထိုင်ကြရန်နှင့် သွားလာမှုကန့်သတ် ချက်၊ သတ်မှတ်စည်းကမ်းချက်များ အတိုင်း တိတိကျကျလိုက်နာကြစေ ရန်၊ တပ်မတော်(ရေ)မှ သံလွင်၊ မြစ်ကြီးနား၊ မုတ္တမရေယာဉ်များအား ဆေးရုံအဖြစ် အသုံးပြုနိုင်ရေး ပြင်ဆင် ဆောင်ရွက်ထားရန် ဆွေးနွေးမှာကြားသည်။

ကူညီဆောင်ရွက်ပေးရမည်

ထို့နောက် တပ်မတော်ကာကွယ် ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံတော် အဆင့်အနေဖြင့် COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ဖွဲ့စည်းဆောင်ရွက် လျက်ရှိပြီး ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနလက်အောက်ရှိ ပြည်သူ့ဆေးရုံများနှင့် ဆရာဝန်များ၊ သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်းများမှာ ကုသရေးအတွက် မအားမလပ် တာဝန်ထမ်းဆောင် နေကြရမည်ဖြစ်ရာ ပြည်သူများအတွက် လိုအပ်သော ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ ဆောင်ရွက်ချက်များအား မိမိတို့တွင် လေ့ကျင့်ပေးထားပြီး ပါရဂူ၊ ဆရာဝန်၊ သူနာပြု၊ ဆေးဝန်ထမ်းများနှင့် ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

အများပြည်သူနှင့် သက်ဆိုင်သော နေရာများ၊ အင်အားများပြားသော ဘုန်းတော်ကြီးကျောင်း၊ သီလရှင်ကျောင်းများ၊ စာသင်တိုက်များကို အထူးဂရုစိုက်ဆောင်ရွက်ပေးရန်နှင့် ဆွမ်း၊ ကွမ်း လိုအပ်ချက်များ မရှိရလေအောင် အခြေခံစားကုန်ဖြစ်သော ဆန်၊ ဆီ၊ ပဲနှင့် ဆေးဝါးများကို လှူဒါန်း ပေးကြရန်လိုကြောင်း၊ အလားတူပင် ခရစ်ယာန်ကျောင်းများ၊ ဟိန္ဒူဘုရား ကျောင်းများ၊ ဗလီများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးသွားကြရန် လိုကြောင်း၊ မိမိတို့ တပ်၊ ဌာနချုပ် နေရာဒေသအလိုက်ရှိ ဆေးရုံ၊ ဆေးခန်းများနှင့်လည်း မပြတ် ဆက်သွယ်၍ လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြရမည် ဖြစ်ကြောင်း၊ ပြည်သူလူထုနှင့် တပ်မတော်သားများ၊ မိသားစုများအနေဖြင့် သတင်းမှား များ၊ ကောလာဟလသတင်း၊ မှန်းဆ သတင်းများကို နားမယောင်ကြဘဲ သတင်းမှန်များ သိရှိနိုင်ရန်နှင့် အသိပညာပေးထုတ်လွှင့်မှု များအား အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ် ထုတ်လွှင့် ဖော်ပြပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

ယနေ့အထိ တပ်မတော်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ၊ ရောဂါပိုးတွေ့ရှိသူ မရှိသေးဘဲ ပြည်ပမှ ပြန်လည်ရောက်ရှိလာသူများ၊ ပြည်ပမှ ပြန်လည်ရောက်ရှိ လာသူများနှင့် တွေ့ဆုံမှု ရှိကြသော သံသယရှိသူများကို ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုခြင်း ခံရသူ စစ်သည်ခြောက်ဦး၊ မိသားစုဝင် ၁၈ ဦး၊ စုစုပေါင်း ၂၄ ဦး၊ သတ်မှတ်ထားသောနေရာတွင် အသွားအလာ ကန့်သတ်ခြင်းခံရသူ အရာရှိ ၂၉ ဦး၊ စစ်သည် ၁၁ ဦး၊ မှီခို သုံးဦး၊ စုစုပေါင်း ၄၃ ဦးရှိကြောင်း တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။

သတင်းစဉ်

ဓာတ်ပုံ - တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး