ကျိုင်းတုံ ဇန်နဝါရီ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်ရှိ လွိုင်မွေတောင်စခန်းသို့ ဇန်နဝါရီလ ချယ်ရီပန်းပွင့်ချိန်တွင် လာရောက်လည်ပတ်သူများ များပြားလျက်ရှိကြောင်း သိရသည်။
လွိုင်မွေတောင်စခန်းသည် ကျိုင်းတုံမြို့၏ အရှေ့တောင်ဘက် မိုင် ၂၀ ခန့် အကွာ၌ တည်ရှိပြီး တိုက်နယ်အဆင့်ဖြစ်ကာ ကိုလိုနီခေတ်က ခရိုင်ဝန်ရုံး တည်ရှိခဲ့သည်။ လွိုင်မွေဆိုသည်မှာ ရှမ်းဘာသာဖြင့် နှင်းတောင်ဆိုသည့် အဓိပ္ပာယ်ဖြစ်ပြီး ဧည့်သည်အများစုက ချယ်ရီမြို့၊ တောင်စခန်း မြို့ဟူ၍ ခေါ်ကြသည်။
ပင်လယ်ရေမျက်နှာပြင် အထက် (၅၅၄၂) ပေတွင် တည်ရှိပြီး တစ်နှစ်ပတ်လုံးတွင် ၉ လခန့် မြူနှင်းများ အုံ့ဆိုင်း၍ အေးမြသော ရာသီဥတု ရှိသည်။ ဧရိယာ ၄၂ ဒဿမ ၈၄ စတုရန်း ကီလိုမီတာ အကျယ်ဝန်းကို လွိုင်မွေသဘာဝနယ်မြေအဖြစ် ၁၉၉၆ ခုနှစ်က သတ်မှတ်ကာ တောင်ပေါ် တောဂေဟစနစ်ကို ထိန်းသိမ်းထားကြောင်း သိရသည်။
ထင်းရှုး၊ ချယ်ရီ၊ သစ်တော်၊ ပင်စိမ်း၊ သစ်ခွ၊ မက်မန်း အစရှိသည့် အပင်များပေါက်ပြီး ကျေးငှက်မျိုးစုံ ပျော် မြူးရာနေရာလည်း ဖြစ်သည်။ လက်ဖက်ခြောက် နှင့် ဝိုင်မျိုးစုံ ထွက်သည်။
ဇန်နဝါရီလအတွင်း ချယ်ရီပန်းများ ပင်လုံးပွင့်ပြီး ကျိုင်းတုံမြို့ အပါအဝင် ပြည်တွင်း၊ ပြည်ပမှ ဧည့်သည်များ လာရောက်၍ ချယ်ရီပန်းများအလှကို ကြည့်ရှုအပန်းဖြေခြင်း၊ ဓာတ်ပုံရိုက် ခြင်း၊ ပျော်ပွဲစားထွက်ခြင်း တို့ဖြင့် နှစ်စဉ် စည်ကားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
လွိုင်မွေသို့ရောက်လျှင် ၁၅ ဧကခန့် ကျယ်ဝန်းသော လွိုင်မွေရေကန်ကို ဦးစွာမြင်တွေ့ရမည်ဖြစ်ပြီး ရေကန်၏ မြောက်ဘက် တောင်ကုန်းတွင် (၁၉၉၁) ခုနှစ်က တည်ထားသော ဉာဏ်တော် အမြင့် ၄၅ ပေရှိ စတုရဋ္ဌသုမင်္ဂလစေတီတော် တည်ရှိသည်။ ကုန်းတော်ပေါ်သို့ မော်တော်ယာဉ်ဖြင့် တက်နိုင်သည်။ စေတီပရဝဏ်နှင့်ကပ်လျက် မြောက်ဘက်တွင် အတော်အသင့် ကျယ်ဝန်းသော ကွင်းပြင်ရှိပြီး ထိုကွင်းပြင်၌ ချယ်ရီပင်တန်းကို တွေ့မြင်ရမည်ဖြစ်သည်။ ကွင်းပြင်တွင် ယာဉ်များရပ်နားပြီး ဘုရားဖူးခြင်း၊ ပျော်ပွဲစားခြင်း၊ ချယ်ရီပင်တန်းနှင့် ဓာတ်ပုံရိုက်ခြင်းတို့ ပြုလုပ် ကြသည်။
စေတီ၏ တောင်ဘက် အုတ်လှေကား စောင်းတန်းတစ်လျှောက် ဘေးနှစ်ဘက်တွင်လည်း ချယ်ရီပင်များ လှပစွာရှိသည်။ အဆိုပါ စောင်းတန်းအတိုင်း ဆင်းလျှင် ရေကန်ဘောင်သို့ ရောက်မည် ဖြစ်သည်။ လွိုင်မွေရေကန်သည် မူလက ကန်ငယ်ဖြစ်ပြီး စမ်းချောင်းလေး စီးထွက်နေသည်။ (၁၉၂၇) ခုနှစ်တွင် လွိုင်မွေသူကြီး ဦးစံသာက ရေအားလျှပ်စစ် ထုတ်လုပ်မည့် ရည်ရွယ်ချက်ဖြင့် စမ်းချောင်းငယ်ကို ဆည်ဖို့ ပိတ်ခဲ့သည်။ (၁၉၄၀) ခုနှစ်တွင် ထပ်မံဆည်ဖို့ခဲ့ရာ ကန်ဘောင်တွင် ကားများသွားလာနိုင်ခဲ့သည်။ ဒုတိယကမ္ဘာစစ် ဖြစ်သောအခါ ဓာတ်အားထုတ်စက်ရုံ မလုပ်ဖြစ်တော့ဘဲ ရေကန်ကြီးအဖြစ် ကျန်ရစ်ခြင်း ဖြစ်သည်။ ရေကန်၏ တောင်ဘက်နှင့် မြောက်ဘက်သို့ ကူးနိုင်သည့် လူသွား သစ်သားတံတားငယ်တစ်ခု ကန်အလယ်တွင်ထိုးထားသည်။
လွိုင်မွေတွင် ကိုလိုနီခေတ်က တည်ဆောက်ခဲ့သည့် အဆောက်အဦများရှိပြီး ထိုအထဲတွင် (၁၉၁၈) ခုနှစ်က ဆောက်လုပ်ခဲ့သည့် ခရိုင်ဝန်အိမ်ကို ဧည့်သည်များ သွားရောက် လေ့လာကြသည်။ ဒေသခံ များက နှစ်တစ်ရာ စံအိမ်ဟု ခေါ်သည်။
ကိုလိုနီခေတ် အဆောက်အဦများ၊ သဘာဝအလှအပများနှင့် အေးမြသည့် ရာသီဥတုရှိသည့် လွိုင်မွေကို တစ်နှစ်ပတ်လုံး ပြည်တွင်း၊ ပြည်ပဧည့်သည်များ လာရောက်လည်ပတ်လျက်ရှိပြီး လက်ရှိကာလ ချယ်ရီပန်း ပွင့်ချိန်၌ ပိုမိုလာရောက်ကြသည်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအထိ တာချီလိတ် ဝင်ပေါက်မှ လွိုင်မွေ အပါအဝင် ကျိုင်းတုံဒေသ အထင်ကရ နေရာများသို့ နိုင်ငံခြားသား ဧည့်သည် တစ်သောင်းတစ်ထောင်ကျော် လာရာက်လည်ပတ် ခဲ့ကြောင်း ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
မောင်မောင်နိုင်(ကျိုင်းတုံ)