Skip to main content

အနုပညာပြပွဲ Art Expo Bagan 2020 သို့ လာရောက်လေ့လာကြသူများ၏ အနုပညာခံစားမှု စကားသံများ

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံပန်းချီပန်းပုအစည်း အရုံးတို့ ပူးပေါင်းကျင်းပသည့် အနုပညာပြပွဲ Art Expo Bagan 2020 တွင် ရှေးခေတ်ပုဂံပြည်၏ ခမ်းနားထည်ဝါခဲ့သည့် အနုပညာလက်ရာများနှင့်အတူ ပြည်တွင်း၊ ပြည်ပပန်းချီပညာရှင်များ၏ ပြောင်မြောက်အသက်ဝင်လှသည့် ပန်းချီကားပေါင်း ၆၀၀ ကျော်ကို ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်အထိ ခင်းကျင်း ပြသလျက်ရှိသည်။ အဆိုပါ အနုပညာပြပွဲသို့ မိမိတို့ကိုယ်တိုင် ဖန်တီးထားသော ပန်းချီကားများ လာရောက်ပြသကြသည့် ပန်းချီပညာရှင်များနှင့် ပြပွဲသို့ လာရောက်ကြည့်ရှုလေ့လာသည့် ပန်းချီဝါသနာရှင်အချို့နှင့် တွေ့ဆုံမေးမြန်းမှု ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။

ဦးတင်ဌေး (မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး EC)

မြန်မာနိုင်ငံကို အနောက်တိုင်းပန်းချီရောက်လာတာနှစ်(၁၀၀)ပြည့်နဲ့ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုဒေသ UNESCO ဝင်တဲ့ အထိမ်းအမှတ် အနုပညာပြပွဲကို ဒီနှစ်မှာ ကျင်းပဖြစ်တာပါ။ မြန်မာပြည်အနှံ့က ပန်းချီဆရာ တွေရဲ့ မြန်မာမှု၊ အနောက်တိုင်းပန်းချီပေါင်းစုံကို တစ်နေရာတည်းမှာ ကြည့်ရှု ခံစားနိုင်တဲ့ ပြပွဲဖြစ်တဲ့အတွက် လာရောက်လေ့လာကြစေလိုပါတယ်။

Mrs Catherine (France)

လွန်ခဲ့တဲ့ နှစ် ၂၀ က ပုဂံကို ပထမအကြိမ်အဖြစ် ရောက်ခဲ့ဖူး တယ်။ ရန်ကုန်မှာ ၁၁ နှစ်နေခဲ့ဖူး တော့ မြန်မာပြည်ကို ကျွန်မ မိခင် တိုင်းပြည်လိုပဲ သိပ်သဘောကျပါ တယ်။ ကျွန်မအဘိုးက ပန်းချီဆရာ တစ်ယောက်ပါ။ ဘဝတစ်လျှောက် လုံး ပန်းချီအနုပညာလောကမှာပဲ ကြီးပြင်းခဲ့ရတော့ ပန်းချီပညာဟာ ကျွန်မအတွက် သိပ်အရေးကြီးတဲ့ အရာတွေပါပဲ။ ကျွန်မဘဝ တစ်လျှောက်လုံး ဝယ်ယူစုဆောင်းခဲ့သမျှ ပန်းချီကားတွေကို လာအိုနိုင်ငံက ကျွန်မရဲ့ မွေးစားသားကို လက်ဆင့်ကမ်းပေးဖို့ ရည်ရွယ်ထား ပါတယ်။ အခု ကျွန်မအမျိုးသား (အီတလီနိုင်ငံသား)နဲ့လည်း မြန်မာ ပြည်ကို အလည်လာရင်းနဲ့ ဖူးစာဆုံ ခဲ့တာဖြစ်တဲ့အတွက် မြန်မာပြည်ဟာ ကျွန်မအတွက်တော့ ဘယ်တော့မှ မမေ့နိုင်တဲ့ တိုင်းပြည်တစ်ခုပါပဲ။

ရေဆေးပန်းချီဆရာ အောင်မိုး(ချင်းပြည်နယ်)

ဒီပွဲကို ပန်းချီဆရာဦးချစ်ဆွေ (ညောင်ဦး) ကနေပြီးတော့မှ ဖိတ်ခေါ် တဲ့အတွက် ရေဆေးပန်းချီလာရောက် ပြသတာဖြစ်ပါတယ်။
ဒီပွဲမျိုးကို မကြာမကြာ လုပ်ပေး စေချင်တာပေါ့လေ။ နယ်စွန်နယ်ဖျားကနေ ဒီအထိ လာရောက်ပါဝင်တာက ကိုယ့်ပန်းချီပညာကို အနုပညာပြပွဲမှာ နိုင်ငံအနှံ့က ပန်းချီပညာရှင်တွေ နဲ့အတူ ပြသခွင့်နဲ့ ရင်းနှီးကျွမ်းဝင်ခွင့် ရမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။ နောက်နှစ် နောက်နှစ်တွေမှာလည်း အခုလိုအနုပညာပြပွဲမျိုး ကျင်းပနိုင်ဖို့ နဲ့ ပါဝင်ပြသခွင့်ရဖို့ မျှော်လင့်ပါတယ်။

ပန်းချီဆရာ မောင်ဦး (စစ်ကိုင်းမြို့)

မြန်မာပြည်အနှံ့အပြားက ပန်းချီဆရာတွေရဲ့ လက်ရာတွေကို တစ်စု တစ်စည်းတည်း မြင်ရတယ်ဆိုတာ ဒီပွဲမှာပဲရနိုင်တာပါ။ ဒါကြောင့် လာကြည့်တာပါ။ အပြိုင်အဆိုင်နဲ့ လက်ရာမြောက်တဲ့ ပန်းချီကားတွေကို ကြည့်ရှုလေ့လာခွင့်ရပါတယ်။ ဒီလိုအနုပညာပြပွဲမျိုးကို လာရောက်ကြည့်ရှု လေ့လာဖို့ မိဘများအနေနဲ့လည်း မိမိတို့ကလေးတွေကို တိုက်တွန်းအားပေး သင့်ပါတယ်။

Mrs Hi Yan Wong (Australia)

ဒါပထမဆုံး မြန်မာပြည်ကို ရောက်ဖူးတာပါ။ ရန်ကုန်ကနေပုဂံကို ရောက်တော့ လုံးဝထင်မှတ်မထားတဲ့နေရာတစ်ခုကို ရောက်သွားရ သလိုပါပဲ။ ပန်းချီကားတစ်ချပ်စီတိုင်း က တကယ်ကိုစိတ်ဝင်စားဖို့ကောင်းပါ တယ်။ အပြင်မှာလက်တွေ့ကိုယ်တိုင် ကိုယ်ကျလေ့လာခဲ့ရသလို ပန်းချီကား တွေထက်က ပုဂံပြည်ရဲ့ အနုပညာ လက်ရာတွေကို ရှုစားခွင့်ရပါတယ်။

တွေ့ဆုံမေးမြန်း ဖေလိန်း(ပုဂံ)