ဆော ဇန်နဝါရီ ၁၀
မကွေးတိုင်းဒေသကြီး၊အသေးစားစက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် ပြည်တွင်း ထွက် ဆန်၊ပဲ၊ပြောင်း၊ဂျုံနှင့် သီးနှံအခြေခံ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာ သင်တန်း ဆင်းပွဲကို ယမန်နေ့က ဂန့်ဂေါခရိုင်၊ ဆောမြို့ ရှင်မာလဲ ဘုရား ဂေါပကအဖွဲ့ရုံးတွင် ပြုလုပ်သည်။
သင်တန်းဆင်းပွဲတွင်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်နှင့် မကွေးတိုင်းဒေသကြီး၊ အသေးစား စက်မှုလက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက် အင်ဂျင်နီယာ ဒေါ်ခင်စိုးစိုးစံတို့က အမှာစကားပြောကြားကြပြီး သင်တန်းသူများကိုယ်စား သင်တန်းသူ ဒေါ်မြင့်မြင့်နွယ်က ကျေးဇူးတင်စကားပြောကြား၍ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်တင်နှင့် တာဝန်ရှိသူများက သင်တန်းဆင်း လက်မှတ်များ ပေးအပ်သည်။
ထို့နောက် တက်ရောက်လာသူများသည် သင်တန်းသူများ၏ လက်တွေ့ပြုလုပ်ထားသည့် ဖျော်ရည်၊ယို အစရှိ သည့် သီးနှံအခြေခံစားသောက်ကုန်ထုတ်လုပ်ထားရှိမှုတို့ကို အားပေးကြည့်ရှု ကြသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသူ ၂၀ ဦးတို့တက်ရောက်ခဲ့၍ သင်တန်းကာလမှာ ဇန်နဝါရီ ၃ ရက် မှ ၉ ရက်နေ့ အထိဖြစ်ကြောင်း သိရသည်။
ဇော်မျိုးသန့်(ပြန်/ဆက်)