Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင် စာသင်ကျောင်းဆောင်သစ် ပန္နက်တင်အခမ်းအနား၊ မြေ စာရင်း ပုံစံ(၁၀၅)ပေးအပ်ပွဲသို့ တက်ရောက်၍ ဒေသခံပြည်သူများနှင့်တွေ့ဆုံ

 

နေပြည်တော်  ဇန်နဝါရီ   ၁၀

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်သည် ယမန်နေ့နံနက် ၁၀ နာရီက နေပြည်တော် ဥတ္တရ သီရိမြို့နယ်၊ မင်းကုန်းကျေးရွာအုပ်စု၊ မင်းကုန်းကျေးရွာ အခြခံပညာ အထက်တန်းကျောင်းတွင် ပြုလုပ်သည့် စာသင်ကျောင်းဆောင်သစ် ပန္နက်တင်အခမ်းအနား၊ မြေစာရင်းပုံစံ(၁၀၅)ပေးအပ်ပွဲသို့ တက်ရောက်၍ ဒေသခံ ပြည်သူများနှင့်တွေ့ဆုံခဲ့သည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးတင်ထွန်း၊ ဦးအေးမောင်စိန်၊ ဦးညီထွန်းနှင့် နေပြည်တော်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ကျောင်းအတွင်း၌ အသစ်ဆောက်လုပ်မည့် (၁၄၀ × ၃၀) ပေ တိုးချဲ့နှစ်ထပ်ဆောင်သစ်ပန္နတင်မည့် နေရာများတွင် နေရာ ယူကြပြီး မင်္ဂလာအချိန် ကျရောက်သည့်နှင့်တစ်ပြိုင်နက်  ပန္နတင်မင်္ဂလာအခမ်းအနား ပြုလုပ်ပေးခဲ့သည်။

ဆက်လက်၍ ကျွဲရှင်းကျေးရွာ(အ.လ.က) စာသင်ကျောင်းမြေနေရာအတွက် ပြန်လည်စွန့်လွှတ်မြေအား မြေစာရင်း ပုံစံ(၁၀၅)ပေးအပ်ပွဲနှင့် ဒေသခံပြည်သူများ နှင့်တွေ့ဆုံပွဲပြုလုပ်ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌမှ ယခုကဲ့သို့ တိုးချဲ့ကျောင်းဆောင်သစ်များ ဆောက်လုပ်ပေးခြင်းသည် နိုင်ငံတော်မှ အရေးကြီးသည့် ပညာရေး မြှင့်တင်မှု ဖြစ်ပါကြောင်း၊ ဘဝအတွက် ပညာရေးသည် အရေးကြီး ပါသဖြင့် မိဘများအနေဖြင့်လည်း မိမိတို့၏ သားသမီးများအားကျောင်းသို့ စေလွှတ်ပေးစေလို ကြောင်း၊ ကျောင်းသား၊ကျောင်းသူများအကြား မူးယစ် ဆေးဝါး အန္တရာယ်သည် ပျံနှံလျက်ရှိရာ ဆရာ/ဆရာမများ၊ မိဘများအနေဖြင့်လည်း ကျောင်းသား၊ ကျောင်းသူ များအား မူးယစ်ဆေးဝါးမသုံးစွဲမိစေရန် ပူးပေါင်း၍ ဝိုင်းဝန်းဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့သည်။ ထို့နောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းလှိုင်က လွှတ်တော်ကိုယ်စားလှယ် တစ်ဦးအနေဖြင့် ဒေသဖွံဖြိုးရေးလုပ်ငန်း လိုအပ်ချက် များကို အစိုးရနှင့်ပြည်သူကြား ဆက်သွယ် ဆောင်ရွက်ပေးလျက်ရှိရာ လူနေမှုဘဝမြှင့်တင်ရန်အတွက် ပြည်သူများအနေဖြင့်လည်း ပူးပေါင်းပါဝင်ကြရန် ရှင်းလင်းပြေကြားသည်။

ထို့နောက် ကျွဲရှင်းကျေးရွာ(အ.လ.က)စာသင်ကျောင်းမြေနေရာအတွက် မြေစာရင်းပုံစံ(၁၀၅)ကို နေပြည်တော် ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပေးအပ်ရာ ကျောင်းအကျိုးတော်ဆောင်ဦးတင်စိုးနှင့် တာဝန်ခံ ကျောင်းအုပ်  ဒေါ်အေးသီတာမျိုးတို့က လက်ခံရယူခဲ့သည်။ ယင်းနောက် မင်းကုန်းကျေးရွာအုပ်စု အတွင်းရှိ ဒေသခံပြည်သူများမှ ကျောင်းခြံစည်းရိုးကာရံပေးနိုင်ရေး၊ ကျောင်းသန့်စင်ခန်းများ လုံလောက်မှု မရှိသည့် အတွက် ထပ်မံတည်ဆောက်ပေးနိုင်ရေး၊ မင်းကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ရုံးအား ပြောင်းရွှေ့ ဆောက်လုပ်ပေးစေရေး၊ သိမ်းဆည်းခံ လယ်ယာမြေများ ပြန်လည်ရရှိရေး၊ ကုန်ထုတ်လမ်း ဖောက်လုပ် ပေးနိုင်ရေးနှင့် လယ်ယာမြေများအတွက် ရေလုံလောက်စွာ ရရှိရေး စသည့်ဒေသဖွံဖြိုးရေး လိုအပ်ချက်များ တင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)