Skip to main content

အလုပ်အကိုင် မျှော်လင့်ချက်နှင့် လူကုန်ကူးမှု အန္တရာယ်

လူကုန်ကူးမှုဆိုသည့် ဝေါဟာရကို လူတော်တော်များများ နားယဉ်ကြပြီး ဖြစ်သည်။ ဥပဒေအရ တိတိကျကျ အဓိပ္ပာယ်ဖွင့်ဆိုမှုတွင်မူ လူကုန်ကူးမှုဆိုသည်မှာ ပုဂ္ဂိုလ်တစ်ဦးဦးသည် အခြားသူတစ်ဦးတစ်ယောက်ကို ထိုသူ၏ သဘောတူညီချက်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ခေါင်းပုံဖြတ်ခြင်းပြုရန် အလို့ငှာအောက်ပါပြုလုပ်မှု တစ်ရပ်ရပ်ကို ပြုလုပ်ပြီး လူများကို သိမ်းသွင်းစုဆောင်းခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ ငှားရမ်းခြင်း၊ ငှားယူခြင်း၊ ခိုလှုံခွင့်ပေးခြင်း သို့မဟုတ် လက်ခံခြင်းကို ဆိုသည်- (၁) ခြိမ်းခြောက်ခြင်း၊ အင်အားသုံးခြင်း သို့မဟုတ် အခြားနည်းဖြင့် အနိုင်အထက်ပြုခြင်း၊ (၂) သွေးဆောင် ခေါ်ယူခြင်း၊ (၃) လိမ်လည်ခြင်း၊ (၄) လှည့်ဖြားခြင်း၊ (၅) အခွင့်အာဏာကို အလွဲသုံးစားပြုခြင်း သို့မဟုတ် ဘဝရပ်တည်ရန် ခက်ခဲနေသော အခြေအနေကို အလွဲသုံးစားပြုခြင်း၊ (၆) တစ်ဦးတစ်ယောက်အပေါ် ချုပ်ကိုင်နိုင်သောသူ၏ သဘောတူညီချက်ရရှိရန် ငွေကြေး သို့မဟုတ် အကျိုးအမြတ်ကိုပေးခြင်း သို့မဟုတ် လက်ခံရယူခြင်းဟူ၍ တိတိကျကျ ဖွင့်ဆိုထားသည်။

လူကုန်ကူးမှုသည် မူးယစ်ဆေးဝါးနှင့် လက်နက်များ မှောင်ခို ရောင်းဝယ်မှုတို့ကဲ့သို့ပင် အကျိုးအမြတ်ကြီးကြီးမားမား ရရှိသော လုပ်ငန်းဖြစ်သဖြင့် ဝိသမလောဘသမားများနှင့် ဒုစရိုက်ဂိုဏ်းများက အဆက်မပြတ် ကျူးလွန်လျက်ရှိကြရာ ကမ္ဘာအနှံ့အပြားတွင် ဖြစ်ပွားနေသည့် နိုင်ငံတကာပြဿနာလည်း ဖြစ်သည်။ မိမိတို့၏ဘဝ တိုးတက် ကြီးပွားရေးအတွက် ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်းသွားလာရှာဖွေလိုသည့် လူ့သဘာဝကို အခွင့်ကောင်းယူကာ ခေါင်းပုံဖြတ် အမြတ် ထုတ်သူများကြောင့် လူကုန်ကူးမှုပြဿနာမှာ ဖြေရှင်းရန်ခက်ခဲနေဆဲ ဖြစ်သည်။ မြန်မာနိုင်ငံထက် ပိုမိုဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံများရှိ အလုပ်အကိုင်များမှ လုပ်ခလစာများ၏ ဆွဲဆောင်မှု၊ ပြည်တွင်း၌ အလုပ်အကိုင်အခွင့်အလမ်းများ နည်းပါးမှုတို့အပြင် လူပွဲစားများ၏ အယုံသွင်း သွေးဆောင်ဖြားယောင်းမှုတို့ကြောင့် မြန်မာနိုင်ငံသည် ဒေသတွင်းနိုင်ငံများအနက် လူကုန်ကူးမှုများ ပိုမိုကြုံတွေ့ရကြောင်း မှတ်တမ်းများတွင် တွေ့ရှိရသည်။ လက်ရှိအခြေအနေတွင် ပြည်တွင်း၌ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး အစီအစဉ်များ၊ ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးစီမံကိန်းများ၊ ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း ဖော်ဆောင်မှုများကို ဆောင်ရွက်ပေးလျက်ရှိပြီး လူကုန်ကူးမှု ပြဿနာများကို ကာကွယ်နိုင်ရန် ဆောင်ရွက်လျက်ရှိသော်လည်း လူကုန်ကူးမှု ပြဿနာများ ဖြစ်ပေါ်နေဆဲဖြစ်သည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားသည့် လူကုန်ကူးမှုများတွင် နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှုနှင့် ပြည်တွင်းလူကုန်ကူးမှုတို့ နှစ်မျိုးစလုံးကို တွေ့ရသည်။ ပြည်တွင်းလူကုန်ကူးမှုထက် အကျိုးအမြတ် များသည့် နယ်စပ် ဖြတ်ကျော်လူကုန်ကူးမှုဖြစ်စဉ်က လေးဆခန့်ပိုမိုများပြားပြီး လူကုန်ကူး ခံရသည့် သားကောင်များတွင်လည်း အမျိုးသမီးက အမျိုးသားထက် လေးဆမက ပိုမိုများပြားသည်ဟု သိရသည်။ အမျိုးသမီးများမှာ ပြည့်တန်ဆာ လုပ်ငန်းများတွင် ခိုင်းစေခံရခြင်း၊ အငှားကိုယ်ဝန်ဆောင်ရခြင်း၊ သတို့သမီးအဖြစ် ရောင်းစားခံရခြင်းဖြစ်စဉ်များ ရှိခဲ့ပြီး အမျိုးသားများမှာလည်း အန္တရာယ်များသည့် လုပ်ငန်းများ၊ ညစ်ပေသည့်လုပ်ငန်းများ၊ ပင်လယ်ငါးဖမ်းလုပ်ငန်းများ စသည်တို့တွင် ခေတ်သစ်ကျေးကျွန်များသဖွယ် ခိုင်းစေခံရခြင်းဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။

လူကုန်ကူးမှုများ ဖြစ်ပွားရခြင်းနှင့်စပ်လျဉ်း၍ အကြောင်းရင်းများကို ဖော်ထုတ်ရာတွင် ဆင်းရဲနွမ်းပါးမှုနှင့် အသိပညာဗဟုသုတ နည်းပါးမှုကြောင့် အဓိကဟု ဆိုသော်လည်း ပညာတတ်များပါ လူကုန်ကူးမှု သားကောင်များတွင် ပါဝင်နေကြောင်း၊ ယင်းသို့ဖြစ်ရခြင်းမှာ တရားမဝင် ရွှေ့ပြောင်း သွားလာလုပ်ကိုင်ခြင်းက လူကုန်ကူးခံရသည့် အခြေအနေသို့ ကျရောက်စေခဲ့ကြောင်း၊ လူကုန်ကူးမှု လုပ်ငန်းများတွင် အကျင့်ပျက်ဝန်ထမ်းများလည်း ပါဝင်နေတတ်ခြင်းကြောင့် နှိမ်နင်းရန် ခက်ခဲနေကြောင်း ဝေဖန်သုံးသပ်မှုများလည်း ရှိခဲ့သည်။

မြန်မာနိုင်ငံ၏ လူဦးရေတွင် အလုပ်လုပ်နိုင်သည့် လူငယ်ဦးရေ ရာခိုင်နှုန်းများပြားနေခြင်းက နိုင်ငံအတွက် အားသာချက်တစ်ခုဖြစ်နေသည်။ လူငယ်များ အလုပ်အကိုင် အခွင့်အလမ်းများ တိုးတက်ရရှိရေးနှင့် လူ့စွမ်းအားအရင်းအမြစ် တန်ဖိုးမြင့်မားလာရေးအတွက် ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းများ၊ သက်မွေးဝမ်းကျောင်းပညာ အခွင့်အလမ်းများလည်း ရှိနေသည်။ ပြည်ပသို့ အလုပ်လုပ်ကိုင်ရန် သွားရောက် လိုပါကလည်း တရားဝင်အေဂျင်စီများနှင့် တရားဝင်သွားရောက်နိုင် သည့် နည်းလမ်းများ ရှိနေပြီဖြစ်သည်။ လူကုန်ကူးခံဘဝ မကျရောက်စေရေးအတွက် မိမိကိုယ်ကို ဗဟုသုတနှင့် ကျွမ်းကျင်မှုတို့ မြှင့်တင်ကာ တရားဝင်လမ်းကြောင်းများမှသာ မိမိတို့ဘဝ သာယာလှပရေး လျှောက်လှမ်းနိုင်ကြပါစေကြောင်း။ ။