မကွေး ဇန်နဝါရီ ၁၁
အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို အထောက်အကူ ဖြစ်စေရန်အတွက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ ယမန်နေ့ နံနက် (၉) နာရီက တိုင်းဒေသကြီးအစိုးရအဖွဲရုံး အစည်းအဝေး ခန်းမသစ်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို တက်ရောက် အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲတွင် တိုင်းဝန်ကြီးချုပ်က “၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်တဲ့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးအဖွဲ့ အစည်းအဝေးအမှတ်စဉ်(၂၃/၂၀၁၈)၏ သဘော တူညီချက်အရ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက်သို့ ဖွဲ့စည်းတာဝန်ထမ်းဆောင် စေခဲ့ပြီးဖြစ်ပါကြောင်း၊ လက်ရှိနိုင်ငံတော်က ဦးတည်လျှောက်လှမ်းနေတဲ့ နိုင်ငံရေးစနစ်နှင့် လိုက်လျောညီထွေ ဖြစ်စေမည့် အုပ်ချုပ်ရေးယန္တရားကို တည်ဆောက်နိုင်ရန်နှင့် အုပ်ချုပ်မှု ကောင်း(Good Governance) ဖြစ်ပေါ်လာစေရန် ရည်ရွယ်ပြီး ပြောင်းရွှေ့ရခြင်းဖြစ်ကြောင်း၊ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးယန္တရား ပြောင်းလဲမှုဖြစ်စဉ်များနဲ့အတူ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို အသွင်အမျိုးမျိုးနဲ့ ပြောင်းလဲ ဖွဲ့စည်းခဲ့ရာ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေးကဏ္ဍကို အဓိကအထောက်အကူပြု ဆောင်ရွက်နေရသဖြင့် မိမိတို့ဌာနရှိ ဝန်ထမ်းများ အနေဖြင့် တစ်ဦးချင်း အလိုက်သော်လည်းကောင်း၊ ဌာန အဖွဲ့အစည်းအလိုက် သော်လည်းကောင်း စိတ်ဓါတ်နှင့်ခံယူချက်များ ပြောင်းလဲကြရမည်ဖြစ်ပြီး မိမိတို့၏ ကျင့်ဝတ်သိက္ခာ မြင့်မားရေး၊ ဌာန၏လုပ်ငန်းတာဝန်များကို လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက် နိုင်ရန်အတွက် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးကို ရည်ရွယ်၍ အလုပ်ရုံဆွေးပွဲကို ကျင်းပရခြင်း ဖြစ်ကြောင်း” အမှာစကား ပြောကြားသည်။
ဆက်လက်၍ “စိတ်ဓါတ်နှင့် ခံယူချက်ပြောင်းလဲရေး၊ ကျင့်ဝတ်သိက္ခာမြင့်မားရေး” ခေါင်းစဉ်အား မကွေး၊ မင်းဘူး၊ သရက်ခရိုင် အုပ်ချုပ်ရေးမှူးများက ဆွေးနွေးခဲ့ကြပြီး “လုပ်ငန်း စွမ်းဆောင်ရည် မြင့်မားရေး” ခေါင်းစဉ်အား ပခုက္ကူနှင့် ဂန့်ဂေါခရိုင် အုပ်ချုပ်ရေးမှူးများက ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ခေါင်းစဉ်(၈)ခုအား မဲနှိုက်၍ အဖွဲ့(၈)ဖွဲ့တို့မှ တက်ရောက် လာသည့် မကွေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူးများနှင့် ဦးစီးအရာရှိများက အုပ်စုလိုက်ဆွေးနွေးခြင်းနှင့် အပြန်အလှန်မေးမြန်းခြင်းတို့ ဆောင်ရွက်ခဲ့ပြီး၊ စိတ်ဓါတ်နှင့် ခံယူချက်ပြောင်းလဲရေး၊ ကျင့်ဝတ်သိက္ခာ မြင့်မားရေးခေါင်းစဉ်၊ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးခေါင်းစဉ်နှင့် အုပ်စုလိုက်ဆွေးနွေးချက်များအား ဝန်ထမ်းဟောင်း ဦးမောင်မောင်ဝင်းက ဖြည့်စွက်ဆွေးနွေးကာ တိုင်းဒေသကြီး အုပ်ချုပ်ရေးမှူး ဦးဝေဇင်ထွန်းက နိဂုံးချုပ် အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။
သန်းနိုင်ဦး(ငဖဲ)