Skip to main content

၂၀၂၀ ပြည့်နှစ်၏ ပထမဆုံးအပြာရောင်ကမ္ပည်းပြားကို အ.ထ.က (၁) ပန်းဘဲတန်း၌ တပ်ဆင်

ရန်ကုန် ဇန်နဝါရီ ၁၁

 

ရန်ကုန်မြို့ပြအမွေအနှစ်အဖြစ် ၂၀၂၀ ပြည့်နှစ်၏ ပထမဆုံးအပြာရောင်ကမ္ပည်းပြားဖြစ်သော ၃၅ ခုမြောက် ကမ္ပည်းပြားကို ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ် ရွှေတိဂုံဘုရားလမ်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ပန်းဘဲတန်း(ယခင် စိန်မေရီ ဒိုင်အိုစီဇင် မိန်းကလေးအထက်တန်းကျောင်း)တွင် ယနေ့နံနက် ၉ နာရီက တပ်ဆင်ဖွင့်လှစ်ခဲ့သည်။

 

မြို့ပြအမွေအနှစ်တွေ ထိန်းသိမ်း

 

အဆိုပါ ၃၅ ခုမြောက် အပြာရောင်ကမ္ပည်းပြား ဖွင့်ပွဲအခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်အမှတ်တရစကား ပြောကြားခဲ့သည်။ တိုင်းဒေသကြီးဝန်ကြီးချုပ်က “ ရန်ကုန်မြို့မှာ မြို့ပြအမွေအနှစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ရန်ကုန်မြို့တော်ကြီးဟာ ဘယ်အချိန်၊ ဘယ်ကာလမှာ၊ ဘယ်လိုသမိုင်းကြောင်းတွေနဲ့ ဖြတ်သန်းခဲ့တယ်ဆိုတာကို နောင်မျိုးဆက်တွေ၊ နောင်လာ နောက်သားတွေကို သမိုင်းအမွေလက်ဆင့်ကမ်းနိုင်မှာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

 

ထို့နောက် စိန်မေရီကျောင်းသူဟောင်းများကိုယ်စား ဒေါက်တာ ဒေါ်ခင်ကြည်က ကျေးဇူးတင်စကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းနှင့် တာဝန်ရှိသူများက အပြာရောင် ကမ္ပည်းပြားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။

 

၁၈၈၆ ခုနှစ်တွင် တည်ထောင်

 

ရန်ကုန်မြို့၏ အစောဆုံးမိန်းကလေးသီးသန့်ကျောင်းများတွင် တစ်ကျောင်းအပါအဝင်ဖြစ်သော အ.ထ.က(၁)ပန်းဘဲတန်းကို ဆရာ မှတ်ကြီးဟု ထင်ရှားသော အင်္ဂလီကန် သာသနာပြုဒေါက်တာ ဂျေအီးမာ့ခ်စ် က စိန်မေရီ ဒိုင်အိုစီဇင် မိန်းကလေး အထက်တန်းကျောင်းအဖြစ် ၁၈၆၆ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး ယောင်္ကျားလေး သီးသန့်ကျောင်း ဖြစ်သည့် စိန်ဂျွန်းကောလိပ်ကို ၁၈၆၄ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဒေါက်တာမာ့ခ်စ်သည် ကျောင်းစတင်တည်ထောင်ရန်အတွက် Miss Cooke ကို ပထမဆုံးကျောင်းအုပ်အဖြစ် ခန့်အပ်ခဲ့ကာ ထိုစဉ်က ရန်ကုန်မြို့၏ ထိပ်တန်းကျောင်းတစ်ခု ဖြစ်လာခဲ့သည်။ ၁၈၉၇ ခုနှစ်တွင် Miss Laughlin က ကျောင်းအုပ်အဖြစ် တာဝန်ယူခဲ့ပြီး ကျောင်းသူဦးရေမှာ ၁၆၀ မှ ၅၀၀ အထိ တိုးလာခဲ့သည်။

 

လှူဒါန်း

 

၁၈၆၅-၆၆ ခုနှစ်တွင် တည်ဆောက်ခဲ့သော မူလသစ်သားကျောင်းဆောင်ကို လက်ရှိကျောင်းဆောင်ဖြင့် ၁၉၁၅ ခုနှစ် ဇူလိုင်လ ၂၈ ရက်တွင် အစားထိုးခဲ့ပြီး ၂၉ ရက်တွင် ဖွင့်ပွဲကျင်းပရာ ထိုအချိန်က ဒုတိယဘုရင်ခံ Adamson နှင့်ဇနီး၊ အင်္ဂလီ ကန်သာသနာချုပ်နှင့် ဂုဏ်သရေရှိ ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။ သုံးထပ်ဆောင်သစ်တွင် လျှပ်စစ်မီးများ တပ်ဆင်ထားပြီး အပေါ်ဆုံးထပ်တွင် ဝတ်ပြုခန်းမ၊ ကျောင်းသူများအိပ်ဆောင်တို့ရှိကာ ပထမထပ်တွင် Miss Laughlin ဆရာမများ နေထိုင်သည့်အခန်း များ၊ မြေညီထပ်တွင် အစည်းအဝေးခန်းမဆောင်တို့ ပါဝင်သည်။ အဆောက်အအုံဆောက်လုပ်ရာတွင် ကုန်ကျစရိတ်တစ်ဝက်ဖြစ်သည့် ပေါင် ၂၈၀၀ ကို ဗြိတိသျှ အစိုးရက ထုတ်ပေးပြီး S.P.G သာသနာပြုအဖွဲ့က ပေါင် ၁၀၀၀ လှူဒါန်းခဲ့သည်။

 

ထိပ်တန်းမိန်းကလေးကျောင်း

 

စိန်မေရီကျောင်းသည် စတင်တည်ထောင်ချိန်မှစ၍ ထိပ်တန်းမိန်းကလေးကျောင်းအဖြစ်ရပ်တည်ခဲ့ရာ ၁၉၆၅ ခုနှစ်တွင် အခြားသော သာသနာပြုကျောင်းများနည်းတူ ကျောင်းကို ပြည်သူပိုင်ပြုခဲ့ပြီး အ.ထ.က (၁) ပန်းဘဲတန်းအဖြစ် ပြင်ဆင်ဖွဲ့စည်းခဲ့သည်။ ကျောင်း၏ သမိုင်းတစ်လျှောက်တွင် ထင်ရှားသည့် မြန်မာအမျိုးသမီးများစွာ မွေးထုတ်ပေးနိုင်ခဲ့သည်။

 

အပြာရောင် ကမ္ပည်းပြားများ တပ်ဆင်ခြင်းလုပ်ငန်းကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ ၏ အားပေးကူညီမှု၊ အလှူရှင်များ၏ ငွေကြေးထည့်ဝင်မှုတို့ဖြင့် ရန်ကုန် မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့် ရှောက်ရေးအဖွဲ့က တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ပြီး ယနေ့တပ်ဆင်ခဲ့သော ၃၅ ခုမြောက် အပြာရောင် ကမ္ပည်းပြားအတွက် သုတေသနနှင့် ထုတ်လုပ်မှုကုန်ကျစရိတ်များအတွက် စိန်မေရီကျောင်းသူဟောင်းများက ကျခံထည့်ဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ထင်ပေါ်ဝင်း(ကမာရွတ်)

ဓာတ်ပုံ - ထိန်လင်း