ရန်ကုန် ဇန်နဝါရီ ၁၁ အမေရိကန်နိုင်ငံမှ ဒါရိုက်တာ Mr. Dylan Chow ၏ ဆုရ ဇာတ်လမ်းတိုများနှင့်ပတ်သက်၍ ဇာတ်ညွှန်းဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ညနေ ၄ နာရီခွဲက ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရွှေတောင်ကြားလမ်း အမှတ်(၅၀) ရုပ်ရှင်အနုပညာ ရပ်ဝန်းရှိ ရုပ်ရှင်ပြခန်းမ၌ ကျင်းပသည်။ ဆွေးနွေးပွဲတွင် ဒါရိုက်တာ Mr. Dylan Chow နှင့် အတူ Music Video တွင် ကိုယ်တိုင်သီဆိုပါဝင်သရုပ်ဆောင် ခဲ့သူ အဆိုတော် မဉ္ဇူရီတို့က ဆုရရုပ်ရှင်ဇာတ်လမ်းတိုများ နှင့်ပတ်သက်၍လည်းကောင်း၊ Music Video ရိုက်ကူးခဲ့ စဉ်က အတွေ့အကြုံများ၊ အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကြသည်။ ထို့နောက် ဒါရိုက်တာ Mr. Dylan Chow ရိုက်ကူးခဲ့ သည့် ဆုရရုပ်ရှင်ဇာတ်လမ်းတိုများနှင့်အတူ အဆိုတော် မဉ္ဇူရီ ကိုယ်တိုင်သီဆိုပါဝင်သရုပ်ဆောင်ထားသော “ဘာလိုလို”နှင့် “နောက်ထပ်တစ်ခေါက်”အမည်ရှိ Music Video တို့ကိုပြသပြီး ရိုက်ကူးခဲ့မှုအခြေအနေများနှင့် စပ်လျဉ်း၍ တက်ရောက်လာကြသည့် ပရိသတ်များ၏ မေးမြန်းဆွေးနွေးမှုများအပေါ် ဒါရိုက်တာ Mr. Dylan Chow က ပြန်လည်ရှင်းလင်းဖြေကြားသည်။ ဒါရိုက်တာ Mr. Dylan Chow က "အဓိကကတော့ ကျွန်တော် လော့စ်အိန်ဂျလိစ်မှာ ဆုရခဲ့တဲ့ဇာတ်ကားတွေကို ဒီမှာပြစေချင်တယ်။ အမေရိကန်ပရိသတ်လည်း လိုချင်သလို မြန်မာပရိသတ်လည်း လိုချင်ပါတယ်။ ကျွန်တော်က မြန်မာ ပြည်မှာမွေးတဲ့အတွက် မြန်မာပရိသတ်ကိုလည်း ပြသချင် ပါတယ်။ ဒါကတော့ ကျွန်တော့်ရဲ့အဓိကရည်ရွယ်ချက်ပါ"ဟု ယနေ့ဆွေးနွေးပွဲနှင့်ပတ်သက်၍ မီဒီယာများကို ပြောကြားသည်။ ၎င်းသည် မြန်မာနိုင်ငံတွင် မွေးဖွားခဲ့သူဖြစ်ပြီး သရုပ် ဆောင်ပညာလေ့လာဆည်းပူးရန် အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ထုတ်လုပ်မှု ဆိုင်ရာ ရုပ်ရှင်ပညာဘွဲ့ကို ရရှိခဲ့သည်။ ၎င်းသည် ဖြစ်ရပ်မှန် အပေါ်အခြေခံသည့် ဇာတ်လမ်းရေးသားမှုနှင့် ရုပ်ရှင်ဇာတ် လမ်းတိုဖန်တီးမှုများကို အစဉ်တစိုက် လုပ်ဆောင်ခဲ့ရာ ၎င်း၏ရုပ်ရှင်ဇာတ်လမ်းတိုများသည် လော့စ်အိန်ဂျလိစ်၌ ကျင်းပသည့် ရုပ်ရှင်ပွဲတော်များတွင် ထူးချွန်ဆုများစွာရရှိခဲ့ ကြောင်း သိရသည်။ ဆွေးနွေးပွဲသို့ ရုပ်ရှင်အနုပညာရှင်များ၊ အလှဖန်တီး ရှင်များနှင့် ရုပ်ရှင်အနုပညာအသိုင်းအဝိုင်းမှ ပုဂ္ဂိုလ်များ၊ ဝါသနာရှင်များနှင့် စိတ်ပါဝင်စားသူများ၊ ဖိတ်ကြားထားသူ များ တက်ရောက်ကြသည်။ သတင်းနှင့်ဓာတ်ပုံ-ဇော်ကြီး