Skip to main content

Asi@Connect Project ၏ပံ့ပိုးမှုဖြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ Cyber Security Operation သင်တန်းဖွင့်

ရန်ကုန် ဇန်နဝါရီ ၁၁

Asi@Connect Project ၏ပံ့ပိုးမှုဖြင့် ရန်ကုန် ကွန်ပျူတာတက္ကသိုလ်မှ Cyber Security Operation ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် ရန်ကုန်မြို့ ပြည်လမ်းရှိ နိုဗိုတယ် ဟိုတယ်၌ ကျင်းပသည်။
ယနေ့ဖွင့်လှစ်သည့် Cyber Security Operation ကို မလေးရှားနိုင်ငံမှပညာရှင်များက ရန်ကုန်၊ မန္တလေးအပါအဝင် ကွန်ပျူတာ တက္ကသိုလ် ၂၇ ကျောင်း၊ နည်းပညာတက္ကသိုလ် နှင့် ဆေးတက္ကသိုလ်တို့မှ သင်တန်းသား သင်တန်းသူ ၇၀ ကို ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်၌ ခုနစ်ရက်ကြာပို့ချပေးသွားမည်ဖြစ်သည်။

"အခုလို ပရောဂျက်တွေကို မြန်မာနိုင်ငံအနေနဲ့ နိုင်ငံတကာနဲ့အတူ ပူးပေါင်းဆောင်ရွက် လာနိုင်တဲ့အတွက် ကျွန်မတို့နိုင်ငံရဲ့ ရည်မှန်း သုတေသနအဆင့်အတန်းတွေ ပိုမိုမြင့်မားလာပြီး ပြည်သူလူထု လူမှုစီးပွားတိုးတက်လာဖို့ အတွက် ရည်ညွှန်းပါတယ်" ဟု ရန်ကုန် ကွန်ပျူတာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာမီမီသက်သွင်က ပြောသည်။

ရန်ကုန် ကွန်ပျူတာတက္ကသိုလ်သည် ၂၀၁၉ - ၂၀၂၀ အတွင်း Asi@Connect Project ၏ပံ့ပိုးမှုဖြင့် TOT (Training of Trainers) သင်တန်းပေါင်း ၁၃ မျိုးဖြစ်သည့် IT Essentials, CCNA-1, CCNA-2, CCNA-3, CCNA-4, CCNP, Internet of Things, Big Data, Software Defined Network စသည့် သင်တန်းများကို မြန်မာနိုင်ငံ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးရှိ နည်းပညာတက္ကသိုလ် များမှ ဆရာ ဆရာမများကို သင်ကြားပို့ချပေး လျက်ရှိသည်။
ယခုကဲ့သို့ သင်တန်းများ ဖွင့်လှစ်ပေးခြင်း ဖြင့် ဆရာ ဆရာမများအနေဖြင့် နိုင်ငံတကာ နည်းပညာများကို လေ့လာခွင့်ရပြီး မိမိတို့ တာဝန်ကျရာဒေသ တက္ကသိုလ်များတွင် ပြန်လည်မျှဝေနိုင်မည့်အပြင် နည်းပညာ ကွာဟမှုကိုလည်း လျှော့ချပေးနိုင်မည်ဖြစ် ကြောင်း ရန်ကုန်ကွန်ပျူတာတက္ကသိုလ် ပါမောက္ခ ဒေါ်ခင်မာစိုးက ပြောသည်။

Asi@Connect Project တွင် မလေးရှား၊ ထိုင်းနှင့် ကမ္ဘောဒီးယား စသည့်အာရှနိုင်ငံပေါင်း ၂၇ နိုင်ငံမှ တက္ကသိုလ်များနှင့် သုတေသနဌာန များ ပူးပေါင်းပါဝင်ဆောင်ရွက်လျက်ရှိပြီး ဥရောပမှ သုတေသနပညာရှင်များကို GEANT ကွန်ရက်မှ တစ်ဆင့် ဆက်သွယ်၍ သုတေသန လုပ်ငန်းပေါင်းများစွာကို ဆောင်ရွက်လျက်ရှိ သော ပရောဂျက်တစ်ခုဖြစ်သည်။
မြန်မာနိုင်ငံသည် ၂၀၁၈ ခုနှစ်မှစတင်၍ Asi@Connect Project အဖွဲ့ဝင်အဖြစ် ပါဝင်ခဲ့သည်။

ဝင်းဝင်းမော်