Skip to main content

ဒေါက်တာခင်မောင်ညွန့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့် တိုက်ဦးစီးဌာနက စီစဉ်ကျင်းပသည့် New Views, Fresh Finds သုတေသနစာတမ်း ဖတ်ပွဲအခမ်းအနားကို ယမန်နေ့က ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့် တိုက်(ရန်ကုန်)၌ ကျင်းပခဲ့သည်

ဒေါက်တာခင်မောင်ညွန့်
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသား စာကြည့် တိုက်ဦးစီးဌာနက စီစဉ်ကျင်းပသည့် New Views, Fresh Finds သုတေသနစာတမ်း ဖတ်ပွဲအခမ်းအနားကို ယမန်နေ့က ပန်းဘဲတန်းမြို့နယ်ရှိ အမျိုးသားစာကြည့် တိုက်(ရန်ကုန်)၌ ကျင်းပခဲ့သည်။
အဆိုပါ သုတေသနစာတမ်းဖတ်ပွဲ တွင် ဖတ်ကြားကြသည့် စာတမ်းရှင်များ နှင့် တွေ့ဆုံမေးမြန်းခဲ့သည်များကို ဖော်ပြ လိုက်ပါသည်။
ဒေါက်တာခင်မောင်ညွန့်
ဒီနေ့ ဖတ်မယ့် စာတမ်းခေါင်းစဉ်က “Constitutional Changes in Myanmar since British Colonial Period” ဆိုတဲ့ မြန်မာနိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအကြောင်း၊ ဗြိတိသျှကိုလိုနီခေတ်ကစပြီး ယနေ့အထိ အကြောင်းအရာတွေကို ဖတ်ကြားမှာဖြစ် ပါတယ်။ အဓိကကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုတဲ့ နိုင်ငံရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံက ဘယ်ဟာမှ ပုံသေမရှိဘူး။ အခြေအနေ အချိန်အခါတွေက ပြောင်းလဲနေကြတာ ဖြစ်ပါတယ်။ ပြောင်းလဲနေတဲ့အခြေအနေ တွေပြောင်းမှ ဖွဲ့စည်းအုပ်ချုပ်ပုံက ပြောင်းတာ။ အခု အမေရိကန်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက အကောင်းဆုံး စနစ်အကျဆုံးလို့ လူတွေက ထင်ကြတယ်။ ပြီးတော့ အင်္ဂလန်၊ ဂျပန်၊ ရုရှားနိုင်ငံတွေ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေတွေကလည်း ကောင်းတယ်ထင်ကြတယ်။ သူတို့နိုင်ငံ တွေကလည်း အမြဲတမ်းဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြောင်းနေတယ်။ ဒီလိုပဲ မြန်မာနိုင်ငံ ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကလည်း ပြောင်းလဲလာလိုက်တာ ယနေ့အထိ ပြောင်းလဲနေတယ်။ မျိုးဆက်တွေလည်း သူ့ခေတ်နဲ့ သူ့အတွေးအခေါ်တွေ ပြောင်းကြ ဦးမှာပဲ။ အဲဒါသဘာဝပဲလို့ ပြောချင်တယ်။ မျိုးဆက်သစ်လူငယ်တွေအနေနဲ့ ကိုယ့် တိုင်းပြည်အကြောင်း၊ အိမ်နီးချင်းနိုင်ငံ တွေရဲ့ အကြောင်းနဲ့ ကမ္ဘာ့ရေးရာတွေကို မျက်ခြည်မပြတ်စေပါနဲ့။ ကိုယ့်တိုင်းပြည် အကြောင်းကို အတိတ်၊ ပစ္စုပ္ပန်သိမှ အနာဂတ် ကို ဖန်တီးရပါတယ်။ ဒီအနာဂတ်က ခေတ် လူငယ်တွေ လက်ထဲကို ထည့်ရမှာ ဖြစ်ပါ တယ်။ မျိုးဆက်သစ်တို့ တိုးတက်ဖို့ရာအတွက် စာဖတ်ကြပါ။ သတင်းနားထောင်ကြပါ။ နောင်တစ်ခေတ်မှာ နိုင်ငံရဲ့ခေါင်းဆောင်တွေ ဖြစ်မယ့် မျိုးဆက်သစ်လူငယ်တွေက တိုင်းပြည်ကို ခေါင်းဆောင်နိုင်ရမှာ ဖြစ်ပါ တယ်။ ကိုယ့်နိုင်ငံရဲ့ ပင်မယဉ်ကျေးမှု အနှစ် သာရတွေ မပျောက်ပါစေနဲ့၊ ပြည်ပက ကောင်းနိုးရာရာကို အတုယူပေမယ့် ကိုယ်နဲ့ မအပ်စပ်တာတော့ အတုမယူကြပါနဲ့လို့ ပြောလိုပါတယ်။
ဦးထွန်းအောင်ချိန်
ကျွန်တော့်စာတမ်းက ၁၇၉၅ ခုနှစ်က မြန်မာနိုင်ငံကိုရောက်လာတဲ့ စကော့လူမျိုး တွေဖြစ်တဲ့ Francis Buchanan နဲ့ John Leyden ၊ အင်္ဂလိပ်လူမျိုးဖြစ်တဲ့ Felix Carey တို့ မြန်မာစာကို လေ့လာတဲ့အကြောင်း ဖြစ်ပါတယ်။ သူတို့က ရှေးဦးလေ့လာခဲ့တဲ့ ပုဂ္ဂိုလ်တွေပါ။ ဟိုတုန်းက မြန်မာစကား၊ မြန်မာစာအကြောင်း လုံး၀မသိတဲ့အခြေအနေ ကနေ သူတို့လေ့လာခဲ့တယ်။ Francis Bu-chanan ဆိုရင် ဟိုခေတ်က မြန်မာပြည်မှာ တိုင်းရင်းသားတွေလည်း ရှိတဲ့အကြောင်း၊ ချင်း၊ ရှမ်း၊ ကရင်၊ မွန် စသဖြင့် ဘာသာစကား တွေလည်း ထွန်းကားနေတဲ့အကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်။ နောက် John Ley-den ကလည်း ထိုခေတ်ကရှိတဲ့ အသုံးအနှုန်း တချို့၊ ခုခေတ်မှာ သိပ်နားမလည်တဲ့ အသုံး အနှုန်းတချို့ကို မှတ်တမ်းတင်ခဲ့တယ်။ Felix Carey ကလည်း မြန်မာသဒ္ဒါကျမ်းကို ပထမ ဦးဆုံးရေးတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ အဲဒါတွေ ကို တင်ပြတာပါ။ ကျွန်တော့်အနေနဲ့ အခုခေတ် လူငယ်တွေ မြန်မာစာအပေါ် အလေးထားဖို့ ဆန္ဒရှိပါတယ်။ လူငယ်တွေက တစ်ခါတလေ ပြောကြတယ်၊ မြန်မာစာတတ်လို့ ဘာထူးမှာ လဲတဲ့၊ မြန်မာစာ မတတ်လို့ကတော့ ကိုယ့် အစဉ်အလာ၊ ကိုယ့်သမိုင်း၊ ကိုယ့်ယဉ်ကျေးမှု ကို သိမှာမဟုတ်ဘူး။ နိုင်ငံခြားသားတွေတောင် မြန်မာစာကို အလေးထား လေ့လာခဲ့ကြတာ တွေ့ရတော့ ကျွန်တော်တို့လည်း တန်ဖိုးထားဖို့ လိုတယ်ဆိုတာ ပြောချင်ပါတယ်။
ဒေါက်တာသော်ကောင်း
ကျွန်တော့်စာတမ်းက ရှားပါးတဲ့ဇင်းမယ် ရာဇဝင်ကို စည်သူဂါမဏိသင်္ကြန်ဆိုတဲ့ ပညာရှင်ကြီးက ပေပေါ်မှာ မြန်မာဘာသာနဲ့ ပြုစုခဲ့တာကို ဖတ်ကြားမှာပါ။ ဒါက မြန်မာ တွေ ဇင်းမယ်အကြောင်း ရေးသားထားတဲ့ ရာဇဝင်ပါ။ မြန်မာ့သမိုင်းအဖွဲ့နဲ့ သမိုင်း သုတေသနဦးစီးဌာနက တည်းဖြတ်ပြီး ပုံနှိပ် စာအုပ်ဖြစ်အောင် ပြုစုထားပါတယ်။ ပေစာ ကို ကျွန်တော်နဲ့ ညွှန်ကြားရေးမှူးချုပ်(ငြိမ်း) ဒေါ်နီနီမြင့်တို့က ဘာသာပြန်ပါတယ်။ ပြီးတော့ ဆရာကြီး ဦးထွန်းအောင်ချိန်က ပြန်လည်တည်းဖြတ်ပေးပါတယ်။ ပေပေါ်မှာ ရေးသားထားတဲ့ ရှားပါးစာပေတွေဖြစ်လို့ ပညာရှင်တချို့ကလွဲပြီး အများပြည်သူတွေ လက်လှမ်းမမီကြဘူး။ စာအုပ်မှာ နိဒါန်းရှည် ကြီးတွေ၊ မှတ်စုတွေ ဆက်ဖတ်ဖို့ ကျမ်းကိုး တွေပါတယ်။ အဲဒီလို ထုတ်ဝေလိုက်တဲ့ အတွက် အများပြည်သူက လေ့လာလို့ရတာ ပေါ့။ နောက်ပြီး ဇင်းမယ်ဘက်က သမိုင်း ပညာရှင်တွေထဲကလည်း စိတ်ဝင်စားတယ်။ အင်္ဂလိပ်ဘာသာဖြစ်တော့ သူတို့လည်း ဖတ်လို့ရတာပါ။ သူတို့ သမိုင်းနဲ့ ဒီစာအုပ် သမိုင်းနဲ့ နည်းနည်းလေး ကွာတယ်။ ဒါတွေက ထူးခြားချက်တွေပါ။ ခုလို ခေတ်မီ အမျိုးသားစာကြည့်တိုက်ကို ဖွင့်နိုင်အောင် ကြိုးစားခဲ့တာ အောင်မြင်သွားပြီဖြစ်တဲ့ အတွက် စာတမ်းဖတ်ပွဲကို မကြာခဏ ကျင်းပ နိုင်ပါစေလို့ မျှော်လင့်ပါတယ်။
ဦးစိုင်းအောင်ထွန်း
ဒီနေ့ဖတ်မယ့်စာတမ်းကတော့ အခြေခံ ဥပဒေအကြောင်း သိကောင်းစရာကို ဖတ်မှာ ပါ။ အခြေခံဥပဒေကို လေ့လာကြတဲ့ ကျောင်း သား ကျောင်းသူတွေသိဖို့ ရည်ရွယ်ထား တယ်။ နိုင်ငံတကာမှာရှိတဲ့ အခြေခံ ဥပဒေတွေအကြောင်း ရှင်းပြပေးမယ်။ ပါတီစွဲ၊ လူမျိုးစွဲ၊ အဖွဲ့စွဲတော့ မပါဘူး။ အရင်တုန်းက လူမှုရေးသိပ္ပံဘာသာရပ်ကို သင်ကြားခဲ့ပေမယ့် နောက်ပိုင်းရပ်သွား တယ်။ အခုပြန်သင်တယ်။ ကျောင်းသား ကျောင်းသူတွေကလည်း စိတ်ဝင်စားကြ တယ်။ နိုင်ငံတော်ရဲ့ အခြေခံဥပဒေကို သိမှ လည်း ကျွန်တော်တို့နိုင်ငံကို အကောင်းဆုံး ပြုပြင်လို့ ရမယ်လို့ ယူဆပါတယ်။ ။


မွန်းဦးနဒီ
ဓာတ်ပုံ - ဇော်မင်းလတ်