Skip to main content

မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် ဖေဖော်ဝါရီ ၁၈

မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပနိုင်ရေးအတွက် အကြိုညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ ပြန်ကြားရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းက မိမိတို့နိုင်ငံတွင် ၁၉၁၄ ခုနှစ်က ပြဋ္ဌာန်းခဲ့သည့် မူပိုင်ခွင့်အက်ဥပဒေ ရှိသော်လည်း ခေတ်ကာလနှင့် မလျော်ညီတော့သည့် အတွက် WIPO ကွန်ဗင်းရှင်းများနှင့်အညီ ပြန်လည် ရေးဆွဲခဲ့ပါကြောင်း၊ ယခုအခါ စက်မှုဒီဇိုင်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေတို့ကို အတည်ပြုပြဋ္ဌာန်းခဲ့ပြီး ဖြစ်ပါကြောင်း၊ စာပေနှင့် အနုပညာမူပိုင်ခွင့် ဥပဒေ ကိုလည်း မကြာခင် အတည်ပြု ပြဋ္ဌာန်းသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာပေနှင့် အနုပညာဆိုင်ရာ မူပိုင်ခွင့်နှင့် ပတ်သက်သည့် ဆွေးနွေးပွဲတစ်ရပ်ကို စနစ်တကျ ကျင်းပ လိုပါကြောင်း၊ ထို့ကဲ့သို့ စနစ်တကျ ဆွေးနွေးသွားနိုင်ရန် ယနေ့တွင် အကြိုညှိနှိုင်း အစည်းအဝေး ကျင်းပခြင်းဖြစ်ပါကြောင်း။

မိမိတို့နိုင်ငံတွင် မူပိုင်ခွင့်နှင့် ပတ်သက်၍ အသိပညာ၊ ဗဟုသုတနည်းပါးခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ အခြားသူ၏ မူပိုင်ခွင့်ကို အမှတ်မထင် ချိုးဖောက်မိတတ်ကြ သကဲ့သို့ မိမိ၏ မူပိုင်ခွင့် ချိုးဖောက်ခံရပါကလည်း မေ့လျော့နေတတ်ကြ ပါကြောင်း၊ မူပိုင်ခွင့် ဥပဒေကို ပြဋ္ဌာန်းပြီးသည့်အခါ Collective Management Organization (CMO) ကို ဖွဲ့စည်းပြီး စာပေနှင့် အနုပညာ မူပိုင်ခွင့်ဆိုင်ရာ ပူးပေါင်းစီမံခန့်ခွဲမှုများ ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ဥပဒေ ပြဋ္ဌာန်းပြီးပါက နည်းဥပဒေ ရေးဆွဲနိုင်ရန် အတွက်လည်း သက်ဆိုင်ရာ ကဏ္ဍများမှ တာဝန်ရှိသူအားလုံးနှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသီတာတင် က မူပိုင်ခွင့်နှင့် စပ်လျဉ်းသည့် ဆွေးနွေးပွဲတစ်ရပ် ကျင်းပ နိုင်ရေးအတွက် ဆောင်ရွက်ရမည့် ကိစ္စရပ်များကို ဆွေးနွေးသည်။

ယင်းနောက် အမြဲတမ်းအတွင်းဝန် ဦးမျိုးမြင့်မောင်က မူပိုင်ခွင့်နှင့် ပတ်သက်၍ ဝန်ကြီးဌာနများအနေဖြင့် လုပ်ငန်းများ ဆောင်ရွက်ခဲ့မှုနှင့် စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး သည်။

ဆက်လက်၍ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေး၊ သုတေသနနှင့် တီထွင်ဆန်းသစ်မှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာနွယ်ရီဝင်း၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်ရုံးမှ ဒုတိယ ညွှန်ကြားရေးမှူး ဒေါ်အေးအေးမော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲမှူးကြီး အောင်မြင့်နိုင်၊ ဥပဒေများ စိစစ်အကြံပြုရေး ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူခိုင်၊ မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများ အသင်းအတွင်းရေးမှူး ဦးသိမ်းစိုး၊ မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး တွဲဖက် အတွင်းရေးမှူး (၁) ဦးဇော်မြင့်ဦး၊ မြန်မာနိုင်ငံ ဂီတအစည်းအရုံးမှ နိုင်ငံတကာ ဆက်ဆံရေးမှူး ဦးမျိုးဆွေ၊ မြန်မာနိုင်ငံ သဘင်အစည်းအရုံးမှ တွဲဖက်အတွင်းရေးမှူး မြန်မာပြည် ကျောက်စိမ်း၊ မြန်မာနိုင်ငံပန်းချီ၊ ပန်းပုအစည်းအရုံးမှ နိုင်ငံတကာ ဆက်ဆံရေးမှူး ဦးမိုးကျော်သန့်၊ မြန်မာနိုင်ငံ တေးသီချင်း မူပိုင်ရှင်များအသင်း (MPRO) ဒုတိယဥက္ကဋ္ဌ ဦးမြင့်မိုးအောင်၊ မူပိုင်ခွင့် ဥပဒေပညာရှင် ဦးသိန်းအောင်နှင့် ဦးသန်းမောင် (စစ်တွေ) တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် ဆွေးနွေးကြသည်။

မွန်းတည့် ၁၂ နာရီတွင် ဒုတိယဝန်ကြီး၊ ဦးအောင်လှထွန်းသည် ထိုင်းနိုင်ငံ သတင်းစာဆရာအသင်း (Thai Journalists Association - TJA) ၏ Vice President ဖြစ်သူ Miss Kornchanok Raksaseri ဦးဆောင်သော အဖွဲ့အား ဝန်ကြီးရုံး ဧည့်ခန်းမ ၌ လက်ခံ တွေ့ဆုံသည်။

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ လက်ရှိ သတင်းမီဒီယာကဏ္ဍ အခြေအနေ၊ တိုးတက်မှုများ၊ ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များနှင့် ရင်ဆိုင်နေရသည့် စိန်ခေါ် မှုများနှင့် ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံရှိ စာနယ်ဇင်း သမားများ၏ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ သင်တန်းပို့ချရေးကိစ္စရပ်များတွင် အကူအညီ ပေးရေး စသည့် ကိစ္စရပ်များကို ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

(သတင်းစဉ်)