နေပြည်တော် ဇန်နဝါရီ ၁၃
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ကျင်းပရာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင် တက်ရောက် အဖွင့်အမှာစကား ပြောကြားသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲသို့ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး (ငြိမ်း) ခင်ဇော်ဦး၊ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေ၊ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC-U) ကော်မတီအဖွဲ့ဝင် ဦးမောင်မောင်ငြိမ်း၊ အတွင်းရေးမှူး ဗိုလ်မှူးကြီးဝဏ္ဏအောင်၊ ဝန်ကြီးဌာနများမှ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်၊ ကရင် ပြည်နယ်နှင့် ကယားပြည်နယ်အစိုးရအဖွဲ့တို့မှ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန အတွင်းရေးမှူး၊ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးခင်မောင်တင်က အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ နိုင်ငံတော်က ချမှတ်ထားသည့်မူဝါဒ၊ NCA အကောင်အထည်ဖော်ရေး လုပ်ငန်းစဉ်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစု ပင်လုံလုပ်ငန်းစဉ်၊ ပြည်ထောင်စု သဘောတူစာချုပ်ပါ အခြေခံမူ သဘောတူညီချက်များကို ကောင်းမွန်စွာ သိရှိနားလည်မှသာ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးကို အထောက်အကူဖြစ်မည် ဖြစ်ပါကြောင်း၊ အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေများ ရေးဆွဲပြဋ္ဌာန်းသည့်အခါ၊ အမိန့် ညွှန်ကြားချက်များ ထုတ်ပြန်သည့်အခါများတွင် အစိုးရ၏ ငြိမ်းချမ်းရေး မူဝါဒ၊ တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) ပြည်ထောင်စု သဘောတူစာချုပ်ပါ သဘောတူညီချက်များနှင့် လိုက်လျောညီထွေဖြစ် နေရန်နှင့် လိုက်ပါဖော်ဆောင်ရန် လိုအပ်ပါကြောင်း။
ထို့ကြောင့် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အစိုးရ၏ ငြိမ်းချမ်းရေးမူဝါဒများ၊ လုပ်ငန်းစဉ်များကို သိရှိနားလည်ရန်ရည်ရွယ်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် အဓိက ပတ်သက်ဆက်နွှယ်သည့် ဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ သက်ဆိုင်ရာ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူးများကို ဖိတ်ကြားပြီး အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်းဖြစ်ပါကြောင်း။
ယနေ့ အလုပ်ရုံ ဆွေးနွေးပွဲတွင် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်၊ ဒေသဖွံ့ဖြိုးရေးကိစ္စများ၊ NCA ၊ အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ၊ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနှင့် စောင့်ကြည့်ရေးလုပ်ငန်းစဉ်များ၊ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ-(၂၁)ရာစုပင်လုံနှင့် ပြည်ထောင်စု သဘောတူစာချုပ်စသည့် အကြောင်းအရာများကို ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း၊ အဆိုပါ အကြောင်းအရာများကို ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် ထဲထဲဝင်ဝင် ပါဝင်ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကော်မရှင်နှင့် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေးကော်မတီက တာဝန်ရှိပုဂ္ဂိုလ်များက ဦးဆောင် ဆွေးနွေးသွားမည် ဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူထမ်းဆောင်စကတည်းက ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးကို ဦးတည် လျှောက်လှမ်းရန် ကတိပြုခဲ့ပြီးဖြစ် ပါကြောင်း၊ အားလုံးသိကြသည့်အတိုင်း မိမိတို့နိုင်ငံ၏ နှစ်ပေါင်း (၇၀) ကျော်ကြာမြင့်ပြီဖြစ်သည့် လက်နက်ကိုင်ပဋိပက္ခသည် လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့ပြီး အစိုးရအဆက်ဆက် ငြိမ်းချမ်းရေးကို ချဉ်းကပ်မှု ပုံစံအမျိုးမျိုးဖြင့် ကြိုးပမ်းခဲ့ကြပါကြောင်း၊ လက်နက်ကိုင်ပဋိပက္ခ၏ ဇာစ်မြစ်ဖြစ်သည့် နိုင်ငံရေးပြဿနာကို ဖြေရှင်းရန်အတွက် အားလုံးသဘောတူလက်ခံနိုင်သည့် ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်ရန် ဖြစ်သည်ဆိုသည်ကို လက်ခံယုံကြည်ထားကြပါကြောင်း၊ စစ်မှန်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်မှ ရေရှည်တည်တံ့ ခိုင်မြဲသည့် ငြိမ်းချမ်းရေးရမည် ဆိုသည်ကိုလည်း အားလုံးက လက်ခံထားပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မဏ္ဍိုင်ပြုပြီး နိုင်ငံရေးဆွေးနွေးမှုများမှတစ်ဆင့် သဘောတူညီချက် များချမှတ်နိုင်ရန် ကြိုးပမ်း ဆောင်ရွက်နေခြင်းပင်ဖြစ်ပါကြောင်း။
အစိုးရအနေဖြင့် ရှေ့ဆက်လျှောက်လှမ်းမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် (၃)ရပ်ကို ချမှတ်ထားပါကြောင်း၊ ယင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်ခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လေးနှစ်မြောက် နှစ်ပတ်လည်အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လမ်းညွှန် မှာကြားထားပြီး ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို မိမိအနေဖြင့် ထပ်လောင်းပြောကြားလိုပါကြောင်း၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် ပထမဆုံး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ-(၂၁)ရာစုပင်လုံကို မည်သို့ရှေ့ဆက် သွားမည်ဆိုသည့် ဘုံလုပ်ငန်းစဉ် ဖြစ်ပါကြောင်း၊ NCA ကိုအခြေခံပြီး ရှေ့ကိုဆက် လျှောက်လှမ်းရာတွင် အားလုံးသဘောတူချမှတ်သည့် လုပ်ငန်းစဉ် တစ်ရပ်ရှိရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် ပထမအနေဖြင့် တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးသဘောတူ စာချုပ် NCA အကောင်အထည်ဖော်မှုနှင့် စပ်လျဉ်းပြီး မူဘောင် သဘောတူညီချက်များ ရယူမည်ဖြစ် ကြောင်း၊ အဆိုပါ မူဘောင် သဘောတူညီချက်များသည် လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစုပင်လုံ၊ စတုတ္ထ အစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်၏ ပထမ ပိုင်းဖြစ်လာမည်ဖြစ်ကြောင်း။
ဒုတိယအနေဖြင့် လက်ရှိဖက်ဒရယ် ဆိုင်ရာအခြေခံမူ (၅၁) ချက် ရရှိပြီးဖြစ်သည့်အတွက် နောက်ထပ် အခြေခံမူများရရှိအောင် ဆွေးနွေးညှိနှိုင်းမည် ဖြစ်ပါကြောင်း၊ နောက်ထပ်ရရှိလာမည့် အခြေခံမူ များနှင့် လက်ရှိရရှိထားသည့် (၅၁)ချက်ကို စုပေါင်းပြီး အခြေခံမူ သဘောတူညီချက်များ ရယူမည်ဖြစ် ပါကြောင်း၊ အဆိုပါ အခြေခံမူ သဘောတူညီချက်များသည် လာမည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ(၂၁)ရာစုပင်လုံ၊ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စုသဘောတူစာချုပ်တွင် ပါဝင်လာမည် ဖြစ်ပါကြောင်း။
တတိယအနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲအလွန် ဆက်လက် ဖော်ဆောင်မည့် အဆင့်လိုက် လုပ်ငန်းစဉ်များ၊ ဦးစားပေး အစီအစဉ်များကို ဘုံသဘော တူညီချက်အဖြစ် ရယူပြီး(၂၁) ရာစုပင်လုံ စတုတ္ထအစည်းအဝေးတွင် ချုပ်ဆိုမည့် ပြည်ထောင်စု သဘောတူစာချုပ်တွင် ထည့်သွင်းချုပ်ဆို သွားမည် ဖြစ်ပါကြောင်း။
ငြိမ်းချမ်းရေး ဒုတိယလုပ်ငန်းစဉ်သည် ပါဝင်သင့်ပါဝင် ထိုက်သူအားလုံး ပါဝင်လာရေးပင် ဖြစ်ပါကြောင်း၊ အစိုးရအနေဖြင့် NCA လက်မှတ်ရေးထိုး ထားခြင်းမရှိသေးသည့် တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးမှုများ ဆက်လက်အရှိန်မြှင့် လုပ်ဆောင်ပြီး ပစ်ခတ် တိုက်ခိုက်မှု လျော့နည်းသည့် အခြေအနေတစ်ရပ်ကို တည်ဆောက်နိုင်ရန်၊ နိုင်ငံရေး စားပွဲဝိုင်းတွင် ပါဝင်နိုင်ရန်၊ NCA ထီးရိပ်အောက်တွင် ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်လာရန်ကြိုးပမ်း ဆောင် ရွက်သွားမည် ဖြစ်ပါကြောင်း။
ရှေ့ဆက်သွားမည့် ငြိမ်းချမ်းရေးတတိယလုပ်ငန်းစဉ်သည် ငြိမ်းချမ်းရေး၏ အသီးအပွင့်များကို လူထုရရှိ ခံစားနိုင်ရေးပင် ဖြစ်ပါကြောင်း၊ မငြိမ်းချမ်းသည့်ဒေသများတွင် ပဋိပက္ခဒဏ်ကို အဓိကရရှိ ခံစားကြရသူများသည် အောက်ခြေက ပြည်သူလူထုပင် ဖြစ်ပါကြောင်း၊ တိုင်းရင်းသားပြည်သူလူထု အတွက် အခြေခံအဆောက်အဦ၊ လမ်းပန်းဆက်သွယ်ရေး၊ လယ်ယာ စိုက်ပျိုးရေး၊ ပညာရေးနှင့် ကျန်းမာရေးစသည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးဌာန၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တို့နှင့်ပေါင်းစပ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း။
ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲကို တက်ရောက်လာသူများကလည်း နိုင်ငံ့ကောင်းရာ ကောင်းကျိုးအတွက်၊ ရေရှည် တည်တံ့ခိုင်မြဲသည့် ငြိမ်းချမ်းရေးရရှိရေးအတွက် ဝိုင်းဝန်းဆွေးနွေး အကြံပြုပေးကြရန်၊ ယခုအလုပ်ရုံဆွေးနွေးပွဲက သိမြင်ရရှိလာမည့် အတွေ့အကြုံများ၊ နိုင်ငံတော်၏ ငြိမ်းချမ်းရေး မူဝါဒများနှင့် လိုက်လျောညီထွေဖြစ်အောင် မိမိတို့ဌာန၊ အဖွဲ့အစည်း အတွင်း လုပ်ငန်း တာဝန်များကို အောင်မြင်အောင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ထို့နောက် ငြိမ်းချမ်းရေးကော်မရှင် အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) ခင်ဇော်ဦးက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် စပ်လျဉ်း၍ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး၊ တပ်မတော် အစိုးရလက်ထက် ငြိမ်းချမ်းရေးကြိုးပမ်းမှု၊ သမ္မတဦးသိန်းစိန် အစိုးရကာလ ငြိမ်းချမ်းရေးကြိုးပမ်းမှု၊ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်၊ လက်ရှိကာလ ငြိမ်းချမ်းရေး ဆောင်ရွက်နေမှု အခြေအနေ၊ မြေပြင်အနေအထား၊ စိန်ခေါ်မှုများနှင့် အခွင့်အလမ်းများကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ ငြိမ်းချမ်းရေးကော်မရှင် အကြံပေးအဖွဲ့ဝင် ဦးလှမောင်ရွှေက ငြိမ်းချမ်းရေးရရှိရေး အတွက် ငြိမ်းချမ်းရေး စတင်ဖိတ်ခေါ်သည့် နေ့မှစ၍ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘော တူစာချုပ် (NCA) ရရှိသည်အထိ ဆောင်ရွက်ခဲ့ရသည့် လုပ်ငန်းစဉ်များနှင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးသည်။
ယင်းနောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများက မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်းပြီး ဌာနအလိုက် လက်ရှိဆောင်ရွက်နေမှုနှင့် ဆက်လက် ပူးပေါင်းဆောင်ရွက်သွားမည့် အခြေအနေများကို ဆွေးနွေးကြသည်။
ထို့နောက် တက်ရောက်လာသူများက အကြံပြုချက်များ ဆွေးနွေးခြင်းနှင့် သဘောထား စုစည်းချက်များ ဖော်ထုတ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ညနေပိုင်းတွင် အလုပ်ရုံဆွေးနွေးပွဲကို ရပ်နားလိုက် သည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဇန်နဝါရီ ၁၄ ရက်အထိ နေပြည်တော်ရှိ အမျိုးသားပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ၌ ဆက်လက် ကျင်းပသွားမည် ဖြစ်ကြောင်းသိရသည်။
(သတင်းစဉ်)