Skip to main content

မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ်(၂၀၂၅)သို့ တက်ရောက် ဆွေးနွေးခဲ့ကြသူများ၏ ဝမ်းသာပီတိစကားသံများ

နေပြည်တော် ဖေဖော်ဝါရီ ၂၀

စားသောက်ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပိုမိုကောင်းမွန်သည့် စီးပွားရေးဝန်းကျင်တစ်ရပ်ဖြစ်ထွန်းလာစေရေး၊ စားသောက်ကုန်ထုတ်လုပ်ငန်း ကွင်းဆက်တစ်လျှောက် အရည်အသွေးပြည့်မီပြီး ဘေးအန္တရာယ်ကင်းရှင်းသည့် စားသောက်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံစေပြီး သွင်းကုန်အစားထိုးထုတ်လုပ်ကာ ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရေး၊ စားသောက်ကုန်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရန်အတွက် အစီအမံသစ်များဖော်ဆောင်ပေးနိုင်ရေးနှင့် စားသောက်ကုန်ထုတ်လုပ်ငန်းနှင့် ပတ်သက်သည့် ဥပဒေ၊ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ ရှင်းလင်းလွယ်ကူစေရေးနှင့် နည်းစနစ်များ၊ စံချိန်စံညွှန်းများနှင့် သတင်းအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနိုင်ရေးဆိုသည့် ရည်ရွယ်ချက်များဖြင့် မြန်မာ့စားသောက်ကုန်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးဖိုရမ် (၂၀၂၅) ကို ဖေဖော်ဝါရီ ၁၉ ရက်မှ ၂၀ ရက်အထိ နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန- ၂ ၌ ကျင်းပခဲ့သည်။

အဆိုပါ ဖိုရမ်တွင် စားသောက်ကုန်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အခြေခံလိုအပ်ချက်များကို စားသောက်ကုန်နှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် အသင်းအဖွဲ့များမှ ကိုယ်စားလှယ်များ၊လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် တာဝန်ရှိသူများက ဆွေးနွေးအဖြေရှာဆောင်ရွက်ခဲ့ကြရာ ၎င်းတို့နှင့်တွေ့ဆုံ၍ ဆွေးနွေးခြင်းရလဒ်မှတစ်ဆင့် မြန်မာ့စားသောက်ကုန်ကဏ္ဍ တိုးတက်မြင့်မားလာစေမည့်အခြေအနေများကို တွေ့ဆုံမေးမြန်းဖော်ပြ လိုက်ရပါသည်။

ဒေါက်တာမြင့်စိန် (ဒုတိယဥက္ကဋ္ဌ၊ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း)

ဒီဖိုရမ်ဖွင့်ပွဲမှာကတည်းက တက်ရောက်ကြတဲ့ သူတွေများစွာနဲ့ အတော်လေးစည်ကားသိုက်မြိုက်ခဲ့ပါတယ်။ ပြခန်းတွေမှာ လာရောက်ပြသတဲ့သူတွေကလည်း သူတို့ထုတ်ကုန်အားလုံးကို သေချာစွာပြသနိုင်တဲ့ အနေအထားဖြစ်အောင် ဆောင်ရွက်ထားကြပါတယ်။ လာရောက်လေ့လာကြသူတွေကလည်း စိတ်ဝင်တစားနဲ့ အသေးစိတ်လာရောက်လေ့လာကြတဲ့အတွက် အကျိုးရှိပါတယ်။ အတော်ကို အောင်မြင်ခဲ့တဲ့ ဖိုရမ်ကြီးလည်းဖြစ်ပါတယ်။ ဖိုရမ်အလိုက် ဆွေးနွေးမှုတွေကလည်း နောင်မျိုးဆက်သစ်တွေအတွက် တန်ဖိုးရှိတဲ့အသိအမြင်တွေ ရရှိသွားစေပါတယ်။ နောက်ပြီး ဒီဖိုရမ်မှာ ငါးနဲ့ပတ်သက်တဲ့ ကဏ္ဍတွေပါဝင်လာပြီ။ ငါးကထွက်တဲ့ ထွက်ကုန်တွေလည်း အများကြီးရှိပါတယ်။ ဒီထွက်ကုန်တွေကို တန်ဖိုးမြင့်ထုတ်ကုန်တွေအဖြစ် ဆောင်ရွက်နေကြတာကိုလည်း တွေ့ခဲ့ရပါတယ်။ ဒီလိုဖိုရမ်တွေ ပြုလုပ်ပေးခြင်းနဲ့ ပြပွဲ၊ ပြိုင်ပွဲတွေ ပြုလုပ်ပေးခြင်းဟာ အများကြီးအကျိုးရှိစေပါတယ်။ ကျင်းပပေးတဲ့ တာဝန်ရှိသူတွေရော လာရောက်ဆောင်ရွက်ပေးတဲ့ စားသောက်ကုန်အသင်းတွေအားလုံးကိုပါ အထူးကျေးဇူးတင်ရှိပါတယ်။

ဒေါ်ခိုင်ခိုင်ဇံ (ညွှန်ကြားရေးမှူး၊ အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာန)

ကျွန်မတို့အနေနဲ့ဖိုရမ်မှာ အထွေထွေစားသောက် ကုန်လုပ်ငန်းများ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်ရေးခေါင်းစဉ်အောက်မှာရှိတဲ့ စားသောက်ကုန်အသေးစားလုပ်ငန်းများ မှတ်ပုံတင်ထားရှိမှုအခြေအနေနဲ့ MSME များဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ထားရှိမှု အခြေအနေတွေကို ဆွေးနွေးတင်ပြခဲ့ပါတယ်။ ကျွန်မတို့ ဌာနအနေနဲ့ စားသောက်ကုန်ထုတ်လုပ်ငန်းများ ပေါ်ထွန်းစေဖို့အတွက် နည်းပညာလွှဲပြောင်းမှုနဲ့ အသက်မွေးဝမ်းကျောင်းသင်တန်းတွေကို ပို့ချပေးပါတယ်။ Incubation Centre တွေမှာ စွန့်ဦးတီထွင်လုပ်ငန်းတွေကိုလည်း လေ့ကျင့်ပေးပြီး ထုတ်ကုန်အမယ်သစ်တွေ ပေါ်ထွန်းလာရေးအတွက် Research နဲ့ Innovation တွေလည်း ဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် ကျေးလက်နေမိသားစုဝင်တွေ ဝင်ငွေတိုးစေဖို့အတွက် စီမံကိန်းတွေ ဆောင်ရွက်ပေးပါတယ်။ စားသုံးသူတွေ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဓာတ်ခွဲစမ်းသပ်ပေးတဲ့အပြင် စက်ပစ္စည်းကိရိယာတွေကိုလည်း တီထွင်ထုတ်လုပ်ပေးပါတယ်။ နည်းပညာဆိုင်ရာတွေကိုလည်း အကြံဉာဏ်ပေးပြီး ဥပဒေနဲ့အညီစနစ်တကျ မှတ်ပုံတင်ပေးပါတယ်။ ဈေးကွက်ဖွံ့ဖြိုးတိုးတက်လာဖို့အတွက်လည်း ဆောင်ရွက်ပေးပါတယ်။

အသေးစားကုန်ထုတ်လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ဖက်တစ်လမ်းကနေတာဝန်ယူဆောင်ရွက်နေပါတယ်။ နောက်ပြီး လုပ်ငန်းဆောင်ရွက်ဖို့လိုအပ်တဲ့ နည်းပညာတွေ၊ သင်တန်းတွေလည်းပေးပါတယ်။ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်မှာဆိုရင် ကျေးလက်နေ မိသားစုဝင်ငွေတိုး စီမံကိန်းအစီအစဉ်မှာဆိုရင် သင်တန်းအရေအတွက်အကြိမ် ၄၀ ပို့ချခဲ့ပါတယ်။ သင်တန်းသား ၆၀၀ တက်ရောက်ခဲ့ပြီး လုပ်ငန်းရှင် ၂၀၀ တက်ရောက်ခဲ့ပါတယ်။ ဒီလို သင်တန်းအမျိုးအစား အကြောင်းတွေကို ဖိုရမ်မှာဆွေးနွေးခဲ့ပါတယ်။ နောက်ပြီး ဌာနမှာဆောင်ရွက်နေတဲ့ လုပ်ငန်းအမျိုးအစားတွေကိုလည်း ပြည်သူတွေသိရှိစေဖို့ ဆွေးနွေးတင်ပြခဲ့ပါတယ်။ အခုဖိုရမ်ကျင်းပပေးတာဟာ အကျိုးကျေးဇူးများစွာရှိပြီး အလွန်ကောင်းမွန်ပါတယ်။ လုပ်ငန်းဆောင်ရွက်တဲ့အခါမှာ အားသာချက်၊ အားနည်းချက်နဲ့ စိန်ခေါ်မှုတွေရှိပါတယ်။ ဒီလိုအားနည်းချက်တွေကို ပြန်လည်ဖြည့်စွက် ဆောင်ရွက်ပေးမယ်ဆိုရင် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၊ အလုပ်အကိုင်အခွင့်အလမ်းရရှိမှုနဲ့ မြို့ပြနဲ့ကျေးလက်ဒေသတွေမှာ ကုန်ထုတ်လုပ်မှုဖွံ့ဖြိုး တိုးတက်မှုတို့အတွက် ဆောင်ရွက်နိုင်မယ်ဆိုတာ ယုံကြည်ပါတယ်။

ဦးရဲမြင့်မောင် (ဒုတိယဥက္ကဋ္ဌ-မြန်မာနိုင်ငံစားသောက် ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းနှင့် တွဲဖက်အထွေထွေအတွင်းရေးမှူး- ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း)

ဒီလိုဖိုရမ်ကျင်းပခြင်းဟာ ကျွန်တော်တို့ စားသောက်ကုန်အသင်းအနေနဲ့ အိပ်မက်တစ်ခုဖြစ်ပါတယ်။ ဒီလိုဖိုရမ်ကို ကျွန်တော်တို့လုပ်ငန်းရှင်တွေရဲ့ အခက်အခဲတွေ၊ စားသုံးသူတွေရဲ့ အခက်အခဲတွေကို ဖော်ထုတ်ပြီး အစိုးရနဲ့ပေါင်းစပ်ညှိနှိုင်းပြီး လိုအပ်တာတွေကို ကျော်လွှားမယ်၊ အားကောင်းပြီးသားကဏ္ဍတွေမှာ ဒီထက်ပိုမိုအားကောင်းအောင် ဆောင်ရွက်မယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ကျင်းပရခြင်းဖြစ်ပါတယ်။ နောက်ပြီး အန္တရာယ်ကင်းရှင်းတဲ့ စားသောက်ကုန်တွေကို ပြည်တွင်းမှာဖူလုံစွာ ပိုမိုထုတ်လုပ်နိုင်ရေး၊ ပြည်တွင်းစားသုံးမှုဖူလုံရင် နိုင်ငံခြားကို ပိုမိုတင်ပို့နိုင်ပြီး ပြည်ပဝင်ငွေပိုမိုရရှိရေး၊ MSME လုပ်ငန်းတွေကို ပိုမိုဖွံ့ဖြိုးတိုးတက်လာစေဖို့အတွက်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့လည်း ဖိုရမ်ကိုကျင်းပရခြင်းဖြစ်ပါတယ်။

ဒီဖိုရမ်ရဲ့ ဆွေးနွေးပွဲကရရှိလာတဲ့ရလဒ်တွေကို အစိုးရနဲ့ပုဂ္ဂလိကပေါင်းစပ်ညှိနှိုင်းပြီး ပြည်သူလူထုတွေရဲ့ စားဝတ်နေရေးပြေလည်စေဖို့၊ လုပ်ငန်းတွေအောင်မြင်စေဖို့၊ နိုင်ငံရဲ့ပို့ကုန်ကဏ္ဍမြှင့်တင်နိုင်စေဖို့အတွက် ရည်ရွယ်အသုံးချသွားမှာဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေအနေနဲ့ ဖိုရမ်မှာသူတို့ရဲ့အခက်အခဲတွေကို ပြောပြခွင့်ရမယ်။ ကဏ္ဍအလိုက် တင်ပြခွင့်ရပါမယ်။ ဒါတွေကို ကျွန်တော်တို့ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းနဲ့ မြန်မာနိုင်ငံစားသောက်ကုန် ထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းတွေက သက်ဆိုင်ရာကော်မတီ၊ ကော်မရှင်တွေကိုတင်ပြပြီး တော်တော်များများကို ပြေလည်အောင်ဖြေရှင်းသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်နှစ်တွေမှာ ဖိုရမ်မဟုတ်တော့ဘဲ ညီလာခံအထိကျင်းပနိုင်ဖို့ ကြိုးစားပါ့မယ်။ နောက်ပြီး နိုင်ငံတော်ကချမှတ်ထားတဲ့ ပို့ကုန်နှစ်ဆ တိုးမြှင့်ကြဆိုတဲ့ကဏ္ဍမှာလည်း မြန်မာနိုင်ငံ စားသောက်ကုန်ထုတ်လုပ်တင်ပို့ရောင်းချသူတွေရော၊ ထုတ်လုပ်သူတွေရော နိုင်ငံခြားဝင်ငွေပိုမိုရရှိအောင် ပိုမိုထုတ်လုပ်လာနိုင်လိမ့်မယ်လို့လည်း ကျွန်တော့်အနေနဲ့မျှော်လင့်ပါတယ်။