နေပြည်တော် ဖေဖော်ဝါရီ ၂၆
စစ်ကိုင်းတိုင်းဒေသကြီး ကလေးဝမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်လျက်ရှိသော တပ်မတော်စခန်းသို့ ဖေဖော်ဝါရီ ၂၃ ရက် ညနေ ၄ နာရီ ၄၅ မိနစ်ခန့်တွင် ကလေးခရိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တပ်ရင်း (၉) မှ တပ်စိတ်မှူးအဆင့်ရှိသူ ဖိုးသင်္ကြန် (ခ) တန်ခူး (ဘ) ဦးချစ်ဖေသည် ၎င်းကိုင်ဆောင်သည့် Type-81 သေနတ်တစ်လက်၊ ၎င်းကျည် ၁၂၅ တောင့်၊ ကျည်အိမ်သုံးခု၊ လက်ပစ်ဗုံးတစ်လုံးတို့နှင့်အတူ ဥပဒေဘောင်အတွင်း ဝင်ရောက်လာကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူအား စစ်ဆေးမေးမြန်းချက်အရ ၎င်းသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်မှ မတ် ၂၁ ရက်အထိ မော်လိုက်မြို့နယ် အုတ်ဖိုကျေးရွာ၏ အရှေ့တောင်ဘက် မီတာ ၁၃၅၀ ခန့်အကွာ နေရာရှိ ကလေးခရိုင် PDF အမည်ခံ အကြမ်းဖက်အဖွဲ့တပ်ရင်း (၉) စခန်းဟောင်း၌ အကြမ်းဖက်သင်တန်းအား တက်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ သင်တန်းဆင်းပြီးနောက် အဆိုပါစခန်းဟောင်း၌ လူနေတဲများဆောက်လုပ်ခြင်း၊ ဆက်သွယ်ရေးမြောင်းများ တူးဖော်ခြင်းနှင့် အထွေထွေတာဝန်များ ထမ်းဆောင်ခဲ့ရပြီး ၂၀၂၃ ခုနှစ် ဧပြီလခန့်တွင် ဒုတပ်စိတ်မှူးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရကြောင်း၊ ထို့နောက် ၂၀၂၄ ခုနှစ် ဇွန် ၇ ရက်တွင် ၎င်းအပါအဝင် အဖွဲ့ဝင်သုံးဦးသည် ကလေးဝမြို့နယ် ကျွဲနန်ကျေးရွာ၏ တောင်ဘက်ရှိ တောင်ယာတဲတွင် နေထိုင်လျက်ရှိသော PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား ၃၀ ခန့်ရှိ အဖွဲ့ထံ သွားရောက်ပူးပေါင်း နေထိုင်ခဲ့ပြီး ချင်းတွင်းမြစ်အတွင်း၌ တပ်မတော်ရေယာဉ်များ ဖြတ်သန်းသွားလာခြင်း ရှိ/မရှိ အားစောင့်ကြည့်ခြင်းများ လုပ်ဆောင်ခဲ့ရကြောင်း၊ ထိုမှ တစ်ဆင့် ၂၀၂၄ ခုနှစ် အောက်တို ဘာ ၂၀ ရက်တွင် ခေါမကျေးရွာ ၏ အနောက်မြောက်ဘက်ရှိ PDF အမည်ခံ အကြမ်းဖက်အဖွဲ့အင်အား ၅၀ ခန့် နေထိုင်သည့် စခန်းသို့လည်းကောင်း၊ ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် PDF အမည်ခံအကြမ်းဖက်အဖွဲ့ အင်အား ၂၀ ခန့် နေထိုင်သည့် ကလေးဝ-အောင်ချမ်းသာကား လမ်းဘေး၊ ထန်းတပင်ကာကင်း စခန်းသို့လည်းကောင်း အဆင့်ဆင့်ပြောင်းရွှေ့ နေထိုင်ခဲ့ရကြောင်း၊ ၎င်းအနေဖြင့် အကြမ်းဖက်အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိစဉ် PDFအကြမ်းဖက်အဖွဲ့များက ပြည်သူလူထုအပေါ် အနိုင်ကျင့် ဆက်ကြေး ကောက်ခံနေမှု၊ လက်နက်အားကိုးဖြင့် အနိုင်ကျင့်မှု၊ အပြစ်မဲ့ပြည်သူများကို အကြောင်းမဲ့သတ်ဖြတ်နေမှုတို့ အား သိမြင်လာခဲ့ပြီး အဆိုပါလုပ်ရပ်များအား မနှစ်သက်ခြင်း၊ ဥပဒေဘောင်အတွင်း ငြိမ်းချမ်းစွာနေထိုင်လိုခြင်း၊ တပ်မတော်၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ယုံကြည်လက်ခံခြင်းတို့ကြောင့် လက်နက်ကိုင်လမ်းစဉ်အား စွန့်လွှတ်ပြီး လက်နက်/ခဲယမ်းများနှင့်အတူ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ ဥပဒေဘောင်အတွင်းသို့ ဝင်ရောက်လာသူအား ကလေးတပ်နယ်မှ တာဝန်ရှိသူများက နွေးနွေးထွေးထွေးကြိုဆိုလက်ခံခဲ့ကြပြီးလိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များအားလုံး အဆင်ပြေစေရေး ဖြည့်ဆည်းဆောင်ရွက်ပေးထားကြောင်းနှင့် ၎င်းနှင့် ၎င်းမိသားစုဝင်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက်လည်း လိုအပ်သည့်လုံခြုံရေးကိစ္စရပ်များ ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။
ထိုသို့ ဥပဒေဘောင်အတွင်း ဝင်ရောက်လာသူ၏ ထုတ်ဖော်ပြောဆိုမှုများကိုလည်း ယခုလို ကြားသိရပါသည်-
“ကျွန်တော်ကတော့ ကလေးခရိုင် PDF တပ်ရင်း (၉) က လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ဒကစ (ကလေး) ကို အလင်းဝင်တဲ့ ဖိုးသင်္ကြန်ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ဇာတိကတော့ ကလေးဝမြို့နယ် ဇီးဆောက်ရွာဖြစ်ပါတယ်။ ရွာမှာ တောင်သူလုပ်ကိုင်နေစဉ် တပ်မတော်က နိုင်ငံတော်ကို အာဏာထိန်းလိုက်တာကို မကျေနပ်၍ လက်နက်ကိုင်တော်လှန်ခဲ့တဲ့ အကြမ်းဖက်အဖွဲ့ဝင်တစ်ဦး လည်းဖြစ်ပါတယ်။ PDF ထဲမှာ ကျွန်တော့်ရဲ့ လက်ရှိရာထူးက တပ်စိပ်မှူးရာထူးအဆင့်အထိ နှစ်နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ PDF ထဲမှာနေခဲ့တဲ့ကာလ တစ်လျှောက်လုံးကင်းတွေထွက်ရတယ်။ ကာကင်းတွေထွက်ရတယ်။ အဲဒါတွေတော့ လုပ်ခဲ့ရပါတယ်။ ရွာထဲတွေဝင် ဆက်ကြေးဝင်ကောက်ခံတာတို့ စားသောက်ဖွယ်ရာများ ရှာဖွေတွေ့လျှင် ယူတာတွေလုတာတွေတော့ ရှိခဲ့ပါတယ်။ PDF ခေါင်းဆောင်တွေကတော့ ဆက်ကြေးငွေမပေးတဲ့ သူတွေကို သူတို့ဘယ်လိုလုပ်တယ်ဆိုတာ တချို့ကိစ္စတွေမှာ ကျွန်တော်တို့မသိတဲ့အရာတွေ တော့ရှိတယ်။ သူတို့ဘာသာပြီးသွားတဲ့ ကိစ္စမျိုးတွေတော့ လုပ်ခဲ့တာတွေရှိတယ်။ ဖမ်းပြီးတော့ နှိပ်စက်တာမျိုးတွေရှိခဲ့ပါတယ်။ သူတို့က တစ်ဆင့်နဲ့တစ်ဆင့်ကြီးနိုင်ငယ်ညှဉ်းလုပ်နေ တာတွေကများပြီး သူတို့ပြောတာ တခြားလုပ်တာတခြား ဒါမျိုးတွေတော့ရှိပါတယ်။ တခြားဖြစ်စဉ်ဖြစ်တဲ့ ကာမဣန္ဒြေဖျက်ဆီးတာ တွေရှိခဲ့တယ်။ အဲဒါမျိုးတွေလည်း ရှိခဲ့ပါတယ်။ တချို့ အမျိုးသမီးတွေဆိုရင် သူတို့ဘာသာသူတို့ တပ်ထဲကနေ ထွက်ပြေးသွားတာ တွေရှိတယ်။ အဆုံးစီရင်သွားတာ မျိုးတွေရှိတယ်။ အဲဒီလိုမျိုးဖြစ်စဉ် မျိုးတွေမကြာခဏတော့ ဖြစ်ပါ တယ်။ PDF ထဲမှာတော့ စောစောကသူတို့ ပြောခဲ့တာက တစ်မျိုး လုပ်နေတာကတစ်မျိုးတွေ ပြီးရင် ကျွန်တော်တို့ကိုယ်တိုင်ကလည်း လုပ်နေတာက တစ်မျိုးတွေဆိုတော့ သူတို့ရဲ့ လုပ်ရပ်နဲ့အပြောနဲ့ ဘယ်လိုမှကိုမကိုက်ညီ တဲ့အတွက် ဒီဥပဒေဘောင်နဲ့ တပ်မတော်ဘက်ကို လာပြီးတော့ အလင်းဝင်ခြင်းဖြစ်ပါတယ်။ ကျွန်တော်အလင်းမဝင်ခင်ကတော့ စဉ်းစားပါသေးတယ်။ အလင်းဝင်လျှင် တပ်မတော်က ဘယ်လိုတွေဖြစ်မလဲ။ ကျွန်တော့်ရဲ့ အသက်အာမခံကရော ရှိပါ့မလား။ ဒါတွေအားလုံး ကျွန်တော်တွေးပါသေးတယ်။ နောက်ပိုင်းတော့ ဘယ်လိုပဲနေနေ ဟိုထဲမှာ နေရတာထက်စာလျှင် ဒီဘက်မှာ နေရတာကမှကောင်းမယ်ဆိုတဲ့ အတွေးတစ်ခုကော၊ ပြီးရင် ဒီဘက်မှာက ဘယ်လိုပဲနေနေ ဘာပဲဖြစ်ဖြစ် ဘယ်လို အန္တရာယ်ပဲဖြစ်ဖြစ် ဆိုပြီးတော့ ကျွန်တော် အလင်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော့်ရဲ့ အတွေးနဲ့ ဒီမှာရောက်တော့ ကြိုဆိုတဲ့ပုံစံက လုံးဝတခြားစီဖြစ်ပါတယ်။ ဒီမှာ နွေးနွေးထွေးထွေးကျွန်တော့်ကို ကြိုပါတယ်။ တပ်ကလည်း နွေးနွေးထွေးထွေးကြိုတယ်။ ကောင်းကောင်းမွန်မွန်လည်း ထားပါတယ်။ ကျွန်တော့်ရဲ့ရည်ရွယ်ချက် အဓိကကတော့ ဟိုဘက်မှာ လုံးဝမနေချင်တဲ့အတွက် ကိုယ့်မိသားစုနဲ့ပဲ အေးအေးဆေးဆေးနေချင်တဲ့အတွက်ကြောင့် အလင်းဝင်ခဲ့ရတာဖြစ်ပါတယ်။ ကျန်နေခဲ့တဲ့ ရဲဘော်တွေ၊ ညီအစ်ကိုတွေ အလင်းဝင်ဖို့အတွက် မဝင့်မရဲဖြစ်နေတဲ့ ဟာတွေ သူတို့ပြောတာတွေက တခြားစီပါ။ ကျွန်တော်ကိုယ်တိုင် ဒီဒကစ (ကလေး) အထဲကို ရောက်နေပါပြီ။ လူကြီးတွေလည်း သူတို့အဆင့်အဆင့် နွေးနွေးထွေးထွေးနဲ့ကြိုဆိုတယ်။ ကောင်း ကောင်းမွန်မွန်လည်း ထားတယ်။ အဲဒီတော့ စိုးရိမ်စရာလည်းမရှိပါဘူး။ စိတ်ချလက်ချနဲ့ အမြင်မှန်ရပြီးတော့ ကျွန်တော်နဲ့အတူတူ ဒီကို အလင်းဝင်ဖို့အတွက် လာရောက်ဖို့အတွက်လည်း ဒီက လူကြီးတွေပြောနေပါတယ်။ အလင်းဝင်ဖို့အတွက်လည်း ခေါ်နေပါတယ်။ အဲဒါဆိုတော့ ကျွန်တော့်ကိုသာကြည့်ပါ။ ကျွန်တော်ကောင်းကောင်းမွန်မွန်ရှိပါတယ်။ ဒဏ်ရာဒဏ်ချက်တစ်ခု မှလည်းမရပါဘူး။ တစ်ချက်မှလည်း မရှိပါဘူး။ နှိပ်စက်တာတွေ ဘာတွေမရှိပါဘူး။ သူတို့ပြောထားတဲ့အတိုင်းနဲ့ လုံးဝတခြားစီဖြစ်နေပါတယ်။ ဒီမှာ နွေးနွေး ထွေးထွေးနဲ့လည်း ကြိုဆိုတယ်။ ကောင်းကောင်းမွန်မွန်လည်းထားတယ်။ အစစအရာရာ အကုန်အဆင်ပြေပါတယ်။ ကျွန်တော်နဲ့အတူ အလင်းဝင်ဖို့ အတွက်ဖိတ်ခေါ်ပါတယ်လို့ ပြောချင်ပါတယ်။ ရဲရဲဝံ့ဝံ့သာလာခဲ့ပါလို့ ကျွန်တော်တို့ရဲ့ ကျန်တဲ့ညီအစ်ကိုတွေ၊ ရဲဘော်တွေအကုန်လုံးကို ကျွန်တော်ဒီနေရာကနေပြီးတော့မှ ပြောချင်ပါတယ်။”
သတင်းစဉ်