မြန်မာ့အလင်း အယ်ဒီတာအာဘော်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်၏ ဖိတ်ကြားချက်အရ တရုတ်-မြန်မာ သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်မြောက်သည့် အခါသမယ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် မြန်မာနိုင်ငံသို့ တရားဝင်ချစ်ကြည်ရေးခရီး လာရောက်တော့မည် ဖြစ်သည်။ သမ္မတရှီကျင့်ဖျင်၏ ခရီးစဉ်မတိုင်မီ တစ်ရက်အလိုတွင် နှစ်ပေါင်းထောင်ချီကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များဟု အမည်ပေးထား သော သမ္မတရှီကျင့်ဖျင် ကိုယ်တိုင်ရေးသားသည့် ဆောင်းပါးကို သတင်းစာများတွင် ဖော်ပြထား သည်ကို တွေ့ရပါသည်။
တရုတ်နှင့်မြန်မာ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုအပြည့်၊ စာနာ ထောက်ထားမှုအပြည့်၊ ပူးပေါင်းဆောင်ရွက်လိုစိတ် အပြည့်ဖြင့် ရေးသားထားသော ထိုဆောင်းပါးကို ဖတ်ရသည်မှာ များစွာကျေနပ်ဖွယ်ရာ ဖြစ်ပါသည်။ တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံအကြား အေဒီ ၄ ရာစုလောက်မှ စ၍ ဆက်ဆံရေးရှိခဲ့ပုံမှစတင်ကာ သမိုင်းအဆက်ဆက် တရုတ်-မြန်မာ ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် သွေးချွေးပေါင်းများစွာဖြင့် နှစ်နိုင်ငံခေါင်းဆောင်များ အားထုတ်ကြိုးပမ်းခဲ့ကြပုံ၊ သံတမန်ဆက်ဆံရေး ထူထောင်သည့် နှစ်(၇၀)အတွင်း တရုတ်-မြန်မာနှစ်နိုင်ငံသည် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး မူကြီးငါးရပ်ကို အဆိုပြု၍လက်တွေ့ ကျင့်သုံးခဲ့ပုံ နှစ်နိုင်ငံ နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု အခြေခံအုတ်မြစ် ပိုမိုခိုင်မြဲလာပုံ၊ နှစ်နိုင်ငံလက်တွေ့ ပူးပေါင်းဆောင်ရွက်မှု ပိုမိုများပြားလာပုံ၊ နှစ်နိုင်ငံပြည်သူများအကြား ကူးလူးဖလှယ်ရေး တစ်နေ့တခြား တိုးများလာပုံ၊ မဟာဗျူဟာချိတ်ဆက်ဆောင်ရွက်မှုကို မြှင့်တင်၍ နှစ်နိုင်ငံဆက်ဆံရေး လမ်းပြမြေပုံသစ်ကို ရေးဆွဲချမှတ်ခဲ့ပုံတို့ကို ထည့်သွင်းဖော်ပြထားသည်။ ဆက်လက်၍ စီးပွားကုန်သွယ်ရေးကို နက်ရှိုင်းစေပြီး အကျိုးတူပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ စွမ်းဆောင်ရည်သစ်များ ထည့်သွင်းပေးနိုင်ပုံ၊ ညှိနှိုင်းဆောင်ရွက်မှုကို မြှင့်တင်၍ ဒေသတွင်း အေးချမ်းတည်ငြိမ်သည့် အခြေအနေသစ်ကို ဖန်တီးပုံတို့ကို ဖော်ပြသည်။
တရုတ်နိုင်ငံသည် ယခုနှစ်တွင် အသင့်အတင့်ကြွယ်ဝချမ်းသာသည့် လူ့အဖွဲ့အစည်းကို ဘက်စုံ တည်ဆောက်ပြီးစီးမည်ဖြစ်ကာ ပထမဆုံး နှစ်တစ်ရာကြိုးပမ်းချက်ကို အကောင်အထည်ဖော် နေခြင်းဖြစ်သည်။ တရုတ်ပြည်လွတ်မြောက်လာသော ၁၉၄၉ ခုနှစ်မတိုင်မီ နှစ်တစ်ရာ ကာလတွင် တရုတ်နိုင်ငံသည် ကိုလိုနီနယ်ချဲ့များ၏ နယ်မြေတိုက်ခိုက် သိမ်းပိုက်မှုများ အနိုင်ကျင့်စော်ကားမှု များကို ခံခဲ့ရသည်။ ထို့ကြောင့် လွတ်မြောက်လာပြီးနောက် နှစ်တစ်ရာ(၂၀၄၉ ခုနှစ်) တွင် ကမ္ဘာ့ အင်အားကြီး၊ ချမ်းသာကြွယ်ဝသော နိုင်ငံအဖြစ်ရောက်ရှိအောင် ကြိုးပမ်းနေခြင်းဖြစ်ပါသည်။ ထို့ကြောင့် လက်ရှိတွင် တစ်ကိုယ်တော်ဝါဒ၊ ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒများ ခေါင်းမော့လာ သည့်အတွက် နှစ်ဦးနှစ်ဖက်အနေဖြင့် ကုလသမဂ္ဂ၊ အရှေ့ အာရှ ပူးပေါင်းဆောင်ရွက်ရေး၊ လန်ချန်-မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးစသည့် ဘက်ပေါင်းစုံယန္တရား မူဘောင်များတွင် ညှိနှိုင်းဆောင်ရွက် မှုကို မြှင့်တင်ရမည်ဖြစ်ပါသည်။
လက်ရှိတွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအသီးသီး၊ နယ်ပယ်အသီးသီး၊ လူမှုအလွှာအသီးသီးမှ ကိုယ်စားလှယ်အဖွဲ့များစွာကို တရုတ်နိုင်ငံသို့ လေ့လာရေးခရီးစဉ်များ၊ ဖိုရမ်များ၊ ဆွေးနွေးပွဲများ၊ သင်တန်းများ၊ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်များ၊ ကုန်စည်ပြပွဲများ၊ အထိမ်းအမှတ်အခမ်းအနားများတွင် ပါဝင်နိုင်အောင် ဖိတ်ကြား ဆောင်ရွက်လျက်ရှိသည်။ ဤသည်မှာ ပြည်သူချင်းဆက်ဆံရေး၊ စီးပွားရေး လုပ်ငန်းချင်းဆက်ဆံရေး၊ အစိုးရချင်းဆက်ဆံရေး ဟူသော ဆက်ဆံရေးပေါင်းစုံကို မြှင့်တင်ဆောင်ရွက်နေခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။ ထို့ကြောင့်ပင် တရုတ်သမ္မတကြီး၏ဆောင်းပါး၌ “တွေ့ဖန်များသော် ခင်၊ ခင်ဖန်များသော်ရင်း'ဟူ၍ ရေးသားဖော်ပြထားခြင်း ဖြစ်သည်။ ထိုသို့ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် ညှိနှိုင်းဆောင်ရွက်မှု၊ အပြန်အလှန် ထောက်ထားစာနာမှုတို့နှင့်အတူ လက်တွဲကြိုးပမ်း၍ ပိုမိုရင်းနှီးသည့် အေးအတူပူအမျှ တရုတ်- မြန်မာ အသိုက်အဝန်းတည်ဆောက်မှုကို တွန်းအားပေး ကာ နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေးသံယောဇဉ် သစ်များကို ဆက်လက်ပုံဖော်သွားကြရမည် ဖြစ်ကြောင်း တင်ပြရပါသည်။