Skip to main content

နိုင်ငံတော်မှ အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် တရုတ်နိုင်ငံသား ၃၆၅ ဦး သက်ဆိုင်ရာနိုင်ငံသို့ ထပ်မံပြည်နှင်လွှဲပြောင်းပေးအပ်

နေပြည်တော် မတ် ၂၇

မြန်မာ - တရုတ် - ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) ဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေကြသူများ၊ ပါဝင်ပတ်သက်သူများနှင့် နောက်ကွယ်မှကြိုးကိုင်သော ပြည်ပနိုင်ငံသားများကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်တိုက်ဖျက်လျက်ရှိရာ ယနေ့တွင် အဆိုပါလုပ်ငန်းများ၌ ဆက်စပ်ပါဝင်ခဲ့ကြသည့်  တရုတ်နိုင်ငံသား ၃၆၅ ဦးကို မြန်မာ - ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ထပ်မံပြည်နှင်လွှဲပြောင်းပေးသည်။

ဦးစွာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းတွင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တွေ့ဆုံကာ ပြည်ပနိုင်ငံသားများ၏ ပြည်နှင်လွှဲပြောင်းပေးရေးလုပ်ငန်းစဉ်များ စနစ်တကျဖြစ်စေရေး၊ စာရင်းဇယားအချက်အလက်များ ပြည်စုံမှန်ကန်မှုရှိရေးနှင့် ၎င်းတို့၏ နေထိုင်စားသောက်ရေး၊ ကျန်းမာရေး၊ လုံခြုံရေး အစရှိသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ ပေါင်းစပ်ညှိနှိုင်းမှုများ ဆောင်ရွက်ပေးသည်။

ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကိုကျင်းပခဲ့ရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ပြစ်မှုဆိုင်ရာစုံစမ်းစစ်ဆေးရေးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် Mr. Liu Ning Ning နှင့်  တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ တာ့ခ်ခရိုင် လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား စာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်မှ မတ်လ ၂၇ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၈၆၇၀ ဦးကို စစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၆၁၆၃ ဦးကို ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၂၅၀၇ ဦးကို သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။

အဆိုပါ ထိန်းသိမ်းနိုင်ခဲ့သည့် ပြည်ပနိုင်ငံသား ၈၆၇၀ ဦးတို့သည် တရုတ်၊ အင်ဒိုနီးရှား၊ ဗီယက်နမ်၊ မလေးရှား၊ ပါကစ္စတန်၊ အိန္ဒိယ၊ ယူဂန္ဓာ၊ အီသီယိုးပီးယား၊ နီပေါ၊ ထိုင်း၊ ရဝမ်ဒါ၊ ကင်ညာ၊ ကာဇက်စတန်၊ ကမ္ဘောဒီယား၊ ဂါနာ၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ သီရိလင်္ကာ၊ တောင်အာဖရိက၊ တူနီးရှား၊ အယ်ဂျီးရီးယား၊ ကွန်ဂို၊ ကင်မရွန်း၊  ဥဇဘတ်ကစ္စတန်၊ နိုင်ဂျီးရီးယား၊ ကာဂျစ္စတန်၊ နမီးဘီးယား၊ မာဒါဂတ်စကား၊ ရိုမေးနီးယား၊ ရှရှား၊ ဖိလစ်ပိုင်နှင့် တရုတ်(တိုင်ပေ)တို့မှ နိုင်ငံသားများဖြစ်ကြပြီး အများစုမှာ တရုတ်နိုင်ငံသားများဖြစ်ကြကြောင်း သတင်းရရှိသည်။