မတ် ၂၈ ရက်တွင် လှုပ်ခတ်ခဲ့သည့် မန္တလေးငလျင်ကြီးကြောင့် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ နိုင်ငံ့ဝန်ထမ်းအိမ်ရာများ ပြိုကျပျက်စီးခြင်းနှင့် ကြီးမားစွာထိခိုက်ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ အမိုးအကာအောက်တွင် လုံခြုံအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ယာယီတည်းခိုရေးစခန်းများကို တည်ဆောက်ဖွင့်လှစ်ပြီး နေရာချထားပေးလျက်ရှိသည်။
ထိုသို့ ယာယီနေရာချထားပေးမှုအခြေအနေများနှင့် စပ်လျဉ်း၍ ဝဏ္ဏသိဒ္ဓိရပ်ကွက်၌ တည်ဆောက်ထားသည့် ယာယီတည်းခိုရေး စခန်းသို့သွားရောက်၍ ကဏ္ဍအလိုက် ဆောင်ရွက်ထားမှုအခြေအနေ၊ ရေ၊ မီး၊ မိလ္လာကိစ္စရပ်များ စီစဉ်ဆောင်ရွက်ပြီးစီးမှုနှင့် ဝန်ထမ်းနှင့် ဝန်ထမ်းမိသားစုများအား နေရာချထားမှုအခြေအနေတို့ကို မြေပြင်ကွင်းဆင်းလေ့လာကာ တာဝန်ရှိသူများနှင့်တွေ့ဆုံ မေးမြန်းထားမှုများကို ရေးသားဖော်ပြလိုက်ပါသည်-
ဦးစိုင်းသိန်းဦး(အုပ်ချုပ်ရေးမှူး၊ ဝဏ္ဏသိဒ္ဓိရပ်ကွက်)
မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ မန္တလေးငလျင်ကြီးကြောင့် ဘေးသင့်ပြည်သူတွေနဲ့ ဝန်ထမ်းတွေ လုံခြုံအေးချမ်းစွာ နေထိုင်နိုင်ဖို့အတွက် အထက်ဌာနညွှန်ကြားချက်အရ ဝဏ္ဏသိဒ္ဓိရပ်ကွက် တည်းခိုရေးစခန်းမှာ ယာယီမိုးကာတဲတွေ ဆောက်လုပ်ထားပါတယ်။ ဒီယာယီတည်းခိုရေး စခန်းမှာဆိုရင် စက်မှုဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးနဲ့ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနတွေမှာရှိတဲ့ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုစုစုပေါင်း ၅၈၇ ဦးရှိပါတယ်။ ယာယီမိုးကာ တဲအနေနဲ့ ၁၇၂ လုံး ရှိပါတယ်။ ငလျင်ဘေးသင့် ဝန်ထမ်းမိသားစုတွေအတွက် ကျန်းမာရေးနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနက နေ့စဉ်ကျန်းမာရေး စောင့်ရှောက်မှုပေးနေတာရှိပါတယ်။
သီရိလင်္ကာနိုင်ငံက ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့တွေလည်း လာရောက်ဝန်ဆောင်မှုပေးပါတယ်။ သောက်သုံးရေအတွက် ရေသန့်စက်တည်ဆောက်ထားပါတယ်။ ပြည်သူလူထုက လှူဒါန်းထားတဲ့ ရေသန့်ဘူးတွေလည်းရှိပါတယ်။ စည်ပင်သာယာရေးကော်မတီက ချိုးရေနဲ့သုံးရေအတွက် နေ့စဉ် ဂါလန် ၄၀၀၀ လောက် လာရောက်ရေဖြည့်ပေးပါတယ်။ မိလ္လာအတွက် ကျား၊ မ ခွဲခြားထားပြီး အလုံးရေ ၂၀ ရှိပါတယ်။ ရေချိုးဖို့အတွက်လည်း ကျား၊ မ နေရာခွဲခြားထားပါတယ်။ မြန်မာနိုင်ငံ ကြက်ခြေနီအသင်းကလည်း တစ်ဖက်တစ်လမ်းက ကူညီဆောင်ရွက်ပေးပါတယ်။ လုံခြုံရေးနဲ့ပတ်သက်လို့လည်း မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲဝန်ထမ်းတွေရှိပါတယ်။ လှည့်ကင်းရဲတွေ လည်းရှိပါတယ်။ အားလုံးစိတ်အေး ချမ်းလုံခြုံစွာနဲ့ နေထိုင်နိုင်ဖို့အတွက် တစ်ဦးနဲ့တစ်ဦးဝိုင်းဝန်း ကူညီစောင့်ရှောက်ကြပါတယ်။
ဒေါက်တာအောင်သူရဝင်း (RTT အသင်း တာဝန်ခံ)
ကျွန်တော်တို့အဖွဲ့ကလူအင်အား ၄၁ ယောက်ပါဝင်ပြီး ဧရာဝတီတိုင်းဒေသကြီး RTT အသင်းက ဖြစ်ပါတယ်။ နေပြည်တော်မှာရှိတဲ့ ငလျင်ဘေးသင့်ဝန်ထမ်းတွေနဲ့ ပြည်သူတွေအတွက် ကျန်းမာရေးစောင့်ရှောက်ဖို့ရောက်ရှိနေတာ ဖြစ်ပါတယ်။ ဇမ္ဗူသီရိမြို့နယ် အတွင်းမှာရှိတဲ့ ယာယီတည်းခိုရေးစခန်းတွေမှာ နေ့ဂျူတီ၊ ညဂျူတီခွဲပြီး သုံးဦးစီထားရှိပါတယ်။ ကျွန်တော်တို့ဆီမှာလည်း လိုအပ်တဲ့ဆေးဝါးတွေပါရှိပါတယ်။ သာမန်ရောဂါအတွက်ကတော့ ဒီယာယီတည်းခိုရေး စခန်းမှာပဲကုသပေးပါတယ်။ ခွဲစိတ်ရမယ့်ရောဂါနဲ့ လွှဲပြောင်းရမယ့်ရောဂါတွေဆိုရင်မြို့နယ်၊ ခရိုင်အစရှိတဲ့ ဆေးရုံတွေကို လွှဲပြောင်းပေးပါတယ်။ ကျန်းမာရေးစောင့်ရှောက်ဖို့အတွက် Mobile Team လည်း သုံးဖွဲ့ခွဲခြားထားပါတယ်။
မအေးအေးငြိမ်းပြည့် (စေတနာ့ဝန်ထမ်း)
ကျွန်မတို့က ဝဏ္ဏသိဒ္ဓိရပ်ကွက် ယာယီတည်းခိုရေးစခန်းမှာ လူအင်အား သုံးယောက်နဲ့ကူညီမှုတွေပေးနေပါတယ်။ ကျွန်မတို့က ဒီယာယီတည်းခိုရေးစခန်းမှာဆိုရင် လူဦးရေစာရင်းနဲ့ စတိုထိန်းသိမ်းရေးပိုင်းကို တာဝန်ယူထားပါတယ်။ ကျွန်မအပိုင်းကတော့ အိမ်ထောင်စုစာရင်းကို အသက်အရွယ်အပိုင်းအခြားနဲ့ စာရင်းအတိကျ ဆောင်ရွက်ပါတယ်။
ကူညီထောက်ပံ့ရေးပစ္စည်းတွေ ခွဲဝေပေးတဲ့အခါမှာလည်း မှားယွင်းမှုမရှိစေဖို့အတွက် အိမ်ထောင်ဦးစီးအလိုက် ခွဲဝေပေးပါတယ်။ လူဦးရေတိကျဖို့အတွက် ယာယီမိုးကာတဲတွေမှာ အိမ်ထောင်ဦးစီးနာမည်နဲ့ မိသားစုဝင်စာရင်းတွေ ရေးပြီးကပ်ထားပါတယ်။ ဝန်ထမ်းနဲ့ ဝန်ထမ်းမိသားစုတွေ လိုအပ်ချက်မရှိစေဖို့အတွက် အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် ဖြည့်ဆည်းဆောင်ရွက်ပေးထားပါတယ်။ ဒီယာယီတည်းခိုရေးစခန်းမှာ နေထိုင်တဲ့မိသားစုတွေကို ကျန်းမာရေးအထူးဂရုစိုက်ကြပါလို့ ပြောချင်ပါတယ်။
မအိအိစိုးမြင့် (ဝန်ထမ်း၊ စက်မှုဝန်ကြီးဌာန)
ကျွန်မအနေနဲ့ဝဏ္ဏသိဒ္ဓိရပ်ကွက် ယာယီတည်းခိုရေးစခန်းမှာ ရေ၊ မီးကအစရရှိပြီဖြစ်တဲ့အတွက် နေထိုင်ရတာ အဆင်ပြေပါတယ်။ ဖုန်းအားသွင်းဖို့အတွက်ပါ အသေးစိတ်စီစဉ်ပေးထားတဲ့အတွက် မိသားစုနဲ့လည်း အဆက်သွယ်မပြတ်တော့ပါဘူး။ ကျန်းမာရေးအဖွဲ့နဲ့ မြန်မာနိုင်ငံကြက်ခြေနီ အသင်းပါရှိတဲ့အတွက် ကျန်းမာရေးအတွက်လည်း စိတ်အေးရပါတယ်။ အိမ်သာနဲ့ရေချိုးဖို့နေရာကိုလည်း ယောက်ျားလေး၊ မိန်းကလေးခွဲခြားပေးထားတဲ့အတွက် စိတ်လုံခြုံမှုပါရရှိပါတယ်။ သောက်သုံးရေအတွက်က ရေသန့်စက်လည်း တည်ဆောက်ပေးထားပါတယ်။ အခုလတ်တလောမှာတော့ အလှူရှင်တွေ လှူဒါန်းပေးထားတဲ့ရေသန့်ဘူးတွေပဲ အသုံးပြုနေပါတယ်။ စားသောက်ရေး အတွက်ကတော့ အလှူရှင်တွေ လာလှူပေးပါတယ်။ အလှူရှင်တွေ မလာတဲ့ရက်ဆိုရင် အုပ်ချုပ်ရေးမှူးက စီမံဆောင်ရွက်ပေးပါတယ်။ ယာယီမိုးကာတဲကလည်း ကျဉ်းမြောင်းတာရယ်၊ ထပ်တိုး လူဦးရေတွေလည်း ရှိတဲ့အတွက်ချက်စားခွင့် မပေးသေးပါဘူး။ မီးလင်းရေးအတွက်ကတော့ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနက လုံခြုံရေးမီးတွေထားပေးပါတယ်။ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ ဒီစခန်းမှာ ၂၄ နာရီ ရဲဝန်ထမ်း ရှိပါတယ်။ ရဲကင်းလှည့်ကားတွေလည်း တစ်နေ့ကို သုံးကြိမ်လောက် ကင်းလှည့်ပါတယ်။ ကျွန်မအနေနဲ့ ဒီယာယီတည်းခိုရေးစခန်းမှာ နေထိုင်ရတာ အစစအရာရာ အဆင်ပြေပြီးကိုယ်၊ စိတ်လုံခြုံမှုတွေ အပြည့်အဝရရှိပါတယ်။
မနှင်းဝေလွင်(ကုသိုလ်ရှင်)
ကျွန်မက အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနက ဖြစ်ပါတယ်။ အားကစားရွာထဲမှာလည်း ငလျင်ဒဏ်ခံစားရတဲ့ မိသားစုဝင်တွေရှိတဲ့အတွက် ကုသိုလ်ပြု လှူဒါန်းတာဖြစ်ပါတယ်။ ပြည်တွင်းပြည်ပ အလှူရှင်တွေလှူဒါန်းတဲ့ စုပေါင်းအလှူလေးဖြစ်ပါတယ်။ အစပိုင်းမှာတော့အားလုံးက ရေသန့်လိုအပ်မယ်ထင်လို့ သောက်ရေသန့် လှူဒါန်းဖြစ်ပါတယ်။ အခုနောက် ပိုင်းမှာဆိုရင် ဟင်းစားတွေပိုပြီး လှူဒါန်းဖြစ်ပါတယ်။ နှစ်ဆန်း တစ်ရက်နေ့မှာဆိုရင် တရော်ကင်ပွန်း ခေါင်းလျှော်ရည်နဲ့ အအေးလှူဒါန်းမှာ ဖြစ်ပါတယ်။ မီးဖိုချောင်သုံးပစ္စည်းနဲ့ အဝတ်အထည်တွေကို ဗလာမပါ ကံစမ်းမဲအစီအစဉ်လေး ပြုလုပ်ပေးမှာ ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာပေါ်မှာ လိုအပ်တဲ့နေရာရေးပေးတဲ့အခါ အဲဒီနေရာတွေကိုလည်း သွားရောက်လှူဒါန်းဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - အေးအေးသန့်
ဓာတ်ပုံ - ကိုအေးသန်း