လွိုင်ကော် ဇန်နဝါရီ ၂၂
ကယားပြည်နယ်အတွင်းရှိ ဆွစ်ဇာလန်နိုင်ငံမှ အထောက်အပံ့ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိသည့် Humanitarian Mine Action ဆိုင်ရာ ကိစ္စရပ်များ၊ ဆွစ်ဇာလန် အစိုးရမှ အထောက်အပံ့များ ပေးအပ်လိုသည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်နိုင်ရန်အတွက် ကယားပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးအယ်လ်ဖောင်းရှိုနှင့် တာဝန်ရှိ သူတို့အား ယနေ့နံနက် ၈ နာရီခွဲက ရန်ကုန်မြို့ရှိ ဆွစ်ဇာလန် သံရုံးမှ သံအမတ် Mr . Thierry Umbehr နှင့် အဖွဲ့တို့က လာရောက် တွေ့ဆုံသည်။
ရှေးဦးစွာ မိုင်းအန္တရာယ် အသိပညာပေးခြင်းများနှင့် ပတ်သက်၍ အခြားပြည်နယ်များနှင့် နှိုင်းယဉ်လျှင် ကယား ပြည်နယ်အနေနှင့် အအောင်မြင်ဆုံး ပြည်နယ်တစ်ခုဖြစ်ပြီး မြို့နယ်များ အနေနှင့် ရှားတော၊ ဒီးမော့ဆို ၊ ဖရူဆို၊ ဖားဆောင်းနှင့် လွိုင်ကော်မြို့နယ်များတွင် တစ်စိတ်တစ်ဒေသ ပါဝင်ပြီး အသိပညာပေး မျက်ဖွင့် သင်တန်းများကို ပို့ချပေးနိုင် ခဲ့ပါကြောင်း၊ မိုင်းအသိပညာပေး သင်တန်းများသာမက စစ်အတွင်း ကျန်ရှိခဲ့သည့် ပစ္စည်းများရှိနေပါကလည်း သက်ဆိုင်ရာ အဆင့်ဆင့်နှင့် ဆက်သွယ်ညှိနှိုင်း၍ အစိုးရနှင့် ချိတ်ဆက် ဆောင်ရွက်တတ်ရန် စသည့်ပို့ချမှု များလည်းပါဝင်ပါကြောင်း၊ မိုင်းရှင်းလင်းရေးနှင့်စပ်လျဉ်း၍ လုံခြုံရေး အတွက်ထားရှိခဲ့ရသည်များ ရှိသလိုရပ်ရွာလုံခြုံရေး၊ ဖွံ့ဖြိုးမှုများ အဟန့်အတား မဖြစ်စေရေးအတွက် ဆွစ်ဇာလန်၊ နယူးဇီလန်နှင့် INGO များ ပူးပေါင်း၍ မိုင်းရှင်းလင်းရေး အာဏာပိုင်အဖွဲ့ကို ဖွဲ့စည်း တည်ထောင်သွားမည်ဖြစ်ပြီး ဆက်စပ်လုပ်ငန်းများကို လုပ်ဆောင်နေပြီဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် မိုင်းရှင်းလင်းရေးအာဏာပိုင်အဖွဲ့အား သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ဖွဲ့စည်းပြီးပါက ပြည်နယ်အဆင့်များတွင် အထူးသဖြင့် မိုင်းအန္တရာယ်ရှိ ပြည်နယ်/တိုင်းဒေသကြီးများတွင် ဆက်လက် အကောင်အထည်ဖော်မည့် ကိစ္စရပ်များကို ညှိနှိုင်းနေပြီ ဖြစ်ပါကြောင်း၊ မိုင်းရှင်းလင်းရေး အာဏာပိုင်အဖွဲ့ ဖွဲ့ပြီးပါက မိုင်းရှင်းလင်းရေးကဏ္ဍတွင် ကယားပြည်နယ်အနေနှင့် စံပြပြည်နယ်တစ်ခု သည့်အတွက် အစိုးရအဖွဲ့နှင့်ပူးပေါင်း၍ ဆက်လက်ဆောင်ရွက်မည့် အခြေအနေများ ၊ ကယားပြည်နယ်အနေနှင့် ပဋိပက္ခနည်းပြီး၊ ငြိမ်းချမ်းရေး ရရှိထားသည့် ပြည်နယ်တစ်ခုဖြစ်ရာ ဒေသခံပြည်သူများ၏ လုံခြုံရေး နှင့် ဖွံ့ဖြိုးရေးကဏ္ဍများ ဆောင်ရွက်ရာတွင် မိုင်းရှင်း လင်းရေး ကဏ္ဍများနှင့်ပတ်သက်၍ ပြည်နယ်အနေနှင့် စံပြအဖြစ်လုပ်ဆောင်နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ မိုင်းရှင်းလင်းရေးကဏ္ဍနှင့် ပတ်သက်၍ ပြည်ထောင်စုအဆင့်တွင် သက်ဆိုင်ရာဝန်ကြီးဌာနနှင့် အနီးကပ်လုပ်ဆောင်နေသည်များရှိပြီး ကယားပြည်နယ်အနေနှင့် ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ လုပ်ဆောင်သွားနိုင်ရန် မျှော်လင့်ပါကြောင်းဖြင့် သံအမတ်နှင့် ကိုယ်စားလှယ်များက ဆွေးနွေးတင်ပြခဲ့ကြသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်မှ မိုင်းဖယ်ရှားရှင်းလင်းရေးအတွက် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက် မှုများအပေါ် ကျေးဇူးတင်ရှိပါကြောင်း ၊ နိုင်ငံ၏ လုံခြုံရေး၊ တည်ငြိမ်ရေး၊ ဖွံ့ဖြိုးရေးအတွက် သတ်မှတ် ထားသည့် ကိစ္စတစ်ရပ်ဖြစ်သည်ကို အသိပေးပြောကြားလိုပါကြောင်း၊ မဟာဓာတ်အား လျှပ်စစ်လိုင်းများ တစ်ဝိုက်တွင် ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များလုံခြုံရေး၊ လူမှုစီးပွားကဏ္ဍများ ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်ထားရှိသည်ကိုလည်း ၎င်းတို့အနေနှင့် ပြည်သူများအပေါ်တွင် အသိပညာပေး ဆောင်ရွက်ပေးစေလိုကြောင်း ၊ ပြည်သူများအနေနှင့် အသိအမြင်အမှားမျိုးကိုမရရှိစေလိုကြောင်း၊ အစိုးရတစ်ရပ်၏ ပြည်သူများ၏ အကျိုး စီးပွားအတွက် ဆောင်ရွက်ထားရှိခြင်းဖြစ်သည်ကို အသိပေးပြောကြားပေးစေလိုပါကြောင်း၊ ပြည်နယ်၏ ငြိမ်းချမ်းရေးမှစ၍ နိုင်ငံတစ်ဝှမ်းလုံး ငြိမ်းချမ်းရေးအတွက်ကိုသာ ရည်ရွယ်ခြင်း ဖြစ်ပါကြောင်း၊ ပြည်နယ်အပေါ်ကို အလေးထား၍ ဆောင်ရွက်ပေးသည့်အတွက် များစွာ ကျေးဇူးတင်ရှိပါကြောင်း၊ ပြည်ထောင်စုအဆင့်မှ ချမှတ်လာမည့် မူဝါဒများ ပေါ်ထွက်လာပါက အတူပူးပေါင်း ဆောင်ရွက် သွားမည်ဖြစ်ပြီး မချမှတ်မီ ကာလအတွင်း ကယားပြည်နယ် အစိုးရအဖွဲ့၏ မူဝါဒနှင့်အညီသာ ဆက်လက် ပူးပေါင်းဆောင်ရွက် စေလိုကြောင်းဖြင့် ပြန်လည်ရှင်းလင်းပြောကြားခဲ့ သည်။
အဆိုပါတွေ့ဆု့ပွဲသို့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး၊ စိုက်ပျိုး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး၊ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
ကျော်စိုး (ပြန်/ဆက်)