Skip to main content

မြန်မာ့ရုပ်ရှင် အနုပညာခရီး နှစ် ၁၀၀

မြန်မာ့ရုပ်ရှင်ဟူ၍ ပေါ်ထွန်းလာခဲ့သည်မှာ ယခုနှစ်တွင် နှစ်ပေါင်း ၁၀၀ တိုင်ခဲ့ပြီတည်း။ မြန်မာ့ လွတ်လပ်ရေးအတွက် အင်္ဂလန်နိုင်ငံသို့ သွားရောက်တောင်းဆိုခဲ့သော ဦးဘဖေ၊ ဦးပု၊ ဦးထွန်းရှိန် (ဖေပူရှိန်) ဟူသည့် အမျိုးသားရေးတက်ကြွသူ ခေါင်းဆောင်သုံးဦးအနက်က တစ်ဦးဖြစ်သော ဦးထွန်းရှိန် ကွယ်လွန်သည့် ဈာပနအခမ်းအနားအား မှတ်တမ်းတင်ရုပ်ရှင်အဖြစ် ရိုက်ကူးခဲ့သော ၁၉၂၀ ပြည့်နှစ်ကို မြန်မာ့ရုပ်ရှင်အစခရီးအဖြစ် သတ်မှတ်သည့်အတွက် ၂၀၂၀ ပြည့်နှစ်ကို မြန်မာ့ရုပ်ရှင် နှစ် ၁၀၀ အဖြစ် မော်ကွန်းတင် ဂုဏ်ယူရပါသည်။

 

ပညာရှင်တို့ ထုတ်လုပ်လိုက်သည့် အနုပညာပစ္စည်းများအနက် ရုပ်ရှင်အနုပညာသည် လူမှု အသိုင်းအဝိုင်း အထူးသဖြင့် လူငယ်နှင့် ကလေးငယ်များအပေါ် များစွာလွှမ်းမိုးသက်ရောက်မှု ရှိပါသည်။ ရုပ်ရှင်ဇာတ်ကားတို့၏ အခြေခံဇာတ်လမ်းတို့သည် ယေဘုယျအားဖြင့် လူ့လောက၊ လူ့သဘာဝကို မူတည်ဖွဲ့စည်းခြင်းဖြစ်သောကြောင့် လူတို့ကရုပ်ရှင်ဇာတ်ကားနှင့် ပြင်ပလူ့လော ကကို တွဲယှဉ်လျက်သာ မြင်ကြလေ့ရှိ၏။

 

မင်းသား၊ မင်းသမီးတို့၏ ရုပ်ရည်တင့်တယ်ပြေပြစ်လှပခြင်းကို အားကျရ၏။ ဇာတ်လမ်းပါ အဖြစ်အပျက်တို့အတိုင်း လွမ်းစရာရှိလျှင် မျက်ရည်ဖြိုင်ဖြိုင်ကျကာ ရယ်မောစရာရှိလျှင် အားရပါးရ ရယ်မောပျော်ရွှင်ကြခြင်းဖြင့် ရုပ်ရှင်ကြည့်ပရိသတ်တို့ ကျေနပ်နှစ်သက်ခြင်းဖြစ်ကြရ ၏။ ယင်းသို့ နှစ်သက်သဘောကျ သည်သာမကရုပ်ရှင်ဇာတ်ကားထဲက အပြုအမူ လှုပ်ရှားမှုများ ကို အတုယူကြလေ့လည်းရှိ၏။

 

ရုပ်ရှင်ကားတစ်ကား စိတ်ဝင်စားဖွယ် ကောင်းလျှင်ကောင်းသလို၊ နှစ်သက်စွဲလမ်းဖွယ် ကောင်းလျှင်ကောင်းသလို ကိုယ်တိုင်လိုက်ပါခံစားကြလေ့ရှိ၏။ စိတ်ကူးယ့်ကြလေ့ရှိ၏။ အိပ်မက်မက်ကြလေ့ရှိ၏။ ကိုယ်တိုင် မင်းသားအလား၊ ကိုယ်တိုင် မင်းသမီး အလားလည်း ထင်မြင်ကာ အတုခိုး၊ မိတ္တူကူးကာ လိုက်ပါ လုပ်ဆောင်ကြလေ့လည်း ရှိ၏။

 

ဆိုလိုသည်မှာ ရုပ်ရှင်တို့၏ လူတို့အပေါ် လွှမ်းမိုးနိုင်စွမ်းအား ကြီးမားခြင်းပင် ဖြစ်ပါသည်။ ထို့ကြောင့်လည်း မည်သည့်နိုင်ငံ မျိုးတွင်မဆို ရုပ်ရှင်ပြသရာမှာ လူထုအပေါ် လွှမ်းမိုးဩဇာ ကြီးခြင်းကို အကြောင်းပြု၍ မည်သို့သော ပြကွက်မျိုးက လူထုကို မပြသင့်၊ မည်သည်တို့က မည်သည့်အသက်အရွယ်များ ကြည့်ရှုရန်မသင့် အစရှိသော ကန့်သတ်မှုများ၊ အတန်းအစား ခွဲခြားသတ်မှတ်မှုများရှိ၏။ ဆေးလိပ်သောက်သည့်ပြကွက်မျိုးကိုပင် ဒီမိုကရေစီအသား ကျနေ သည့် နိုင်ငံကြီးများ၌ ရုပ်မြင်သံကြားကဲ့သို့သော ဇာတ်လမ်းများတွင် ကန့်သတ်လေ့ရှိ၏။ ကလေးသူငယ်များနှင့် ကြော်ငြာရိုက်ခြင်းဆိုင်ရာ ကန့်သတ်မှုများထားခြင်း စသည်ဖြင့် ထိန်းသိမ်းကြလေ့ရှိပါသည်။

 

ထို့ပြင် ရုပ်ရှင်ဇာတ်လမ်းများတွင် လူမှုဆိုင်ရာခွဲခြားမှု၊ အချို့သော လူမှုရေးခွဲခြား သရော် လှောင်ပြောင်မှုတို့ကို သတိထား ရိုက်ကူးကြရပါသည်။ မသန်စွမ်းမှုသည် ဟာသမဟုတ်။ အသား အရောင်ကွဲပြားမှုသည် ရယ်စရာမဟုတ်။ အမျိုးသား ဖြစ်စေ၊ အမျိုးသမီး ဖြစ်စေ၊ အမျိုးသား မဟုတ်အမျိုးသမီး မဟုတ်ဖြစ်စေ သရော်လှောင်ပြောင်စရာမဟုတ်။ ထို့အတူပင် အချို့သော ခွဲခြားပုံဖော်မှုများကို သတိထား တင်ပြရသည်တို့လည်း ရှိ၏။ ဆရာဝန်၏ ပုံရိပ်၊ သင်္ဘောအရာရှိ များ၏ ပုံရိပ်၊ ကဗျာဆရာ၏ ပုံရိပ်၊ သတင်းသမား၏ ပုံရိပ်၊ ရဲ၏ ပုံရိပ် အစရှိသည်...။ ။

 

လူတို့သည် မိမိတို့တွေ့ကြုံဆုံဖူးသည်တို့အပေါ် ယေဘုယျပြုကာ မည်သည့် ဆရာဝန်မဆို၊ မည်သည့် ကဗျာဆရာမဆို သည်လိုချည်းသာပဲ စသည်ဖြင့် သတ်မှတ်လေ့ရှိသည်ဖြစ်ရာ ထို ထင်မြင်ယူဆချက်တို့ကို ရုပ်ရှင်များက ပိုမိုစွဲမြဲသွားစေအောင် လွှမ်းမိုးနိုင်သည်ကို သတိထားကြ ရ၏။

 

ထို့အတူ အချို့သော လူမှုရေးဆိုင်ရာတို့တွင် အသားအရောင် ခွဲခြားခြင်းမျိုး၊ လူမျိုးရေး ခွဲခြားခြင်းမျိုးကို အထူးသတိထားကြရ၏။

 

ရုပ်ရှင်ဟူသည် ရှိဖူးသော အတွေ့အကြုံခံစားချက်တို့အပေါ် မူတည်ကာ ဖွဲ့နွဲ့ရိုက်ကူးကြသည် ဖြစ်သောကြောင့် သည်လိုသတ်မှတ်ပုံဖော်မှုများက ရှိနေသည်မှာ မထူးဆန်းပါ။ သို့သော်လည်း ရုပ်ရှင်လောကအတွင်းက အမျိုးမျိုးသော ပညာသည်တို့သည်လည်းကောင်း၊ ရုပ်ရှင်ဝေဖန်သူ တို့သည်လည်းကောင်း၊ သက်ဆိုင်ရာ လူမှုအဖွဲ့အစည်းတို့သည်လည်းကောင်း အထူးသတိထား ကာ ဝိုင်းဝန်းထိန်းကွပ်ကြရသည်လည်း ရှိပါသည်။

 

နိုင်ငံတကာနှင့် ရင်ပေါင်တန်းနိုင်သည့် အနုပညာ အတတ်ပညာ မြင့်မားလာမှုသာမက ကျင့်ဝတ် သိက္ခာဆိုင်ရာ ရင့်ကျက်လာမှုတို့ကလည်း နှစ် ၁၀၀ ခရီးကို ဖြတ်သန်းခဲ့ပြီးဖြစ်သော မြန်မာ့ ရုပ်ရှင် ပိုမိုတိုးတက်မြင့်မားလာရေးအတွက် အရေးပါသည့် လိုအပ်ချက်အဖြစ် ရှိနေလိမ့်မည်ဟု ယုံကြည်မိပါကြောင်း။ ။