Skip to main content

အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန(EOC)၏ စံပြုလုပ်ငန်းစဉ်များအတိုင်း လက်တွေ့ သဏ္ဍာန်တူ လေ့ကျင့်ခန်းများပြုလုပ်

နေပြည်တော် ဇန်နဝါရီ ၂၅

အရေးပေါ်အခြေအနေ စီမံခန့်ခွဲမှုဗဟိုဌာန၏ စံပြုလုပ်ငန်းစဉ်များအတိုင်း လက်တွေ့လုပ်ဆောင်နိုင်မှု အခြေအနေကို ဆန်းစစ်နိုင်ရန်ဌာနအတွင်း လက်တွေ့ သဏ္ဍာန်တူ လေ့ကျင့်ခန်း များပြုလုပ်ခြင်းကို အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန၌ ၃ ရက်ကြာ ကျင်းပရာ ယမန်နေ့က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ဒုတိယဝန်ကြီး ဦးစိုးအောင်၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာကိုကိုနိုင်နှင့် ဦးစီးဌာနမှတာဝန်ရှိသူများသည် သဏ္ဍာန်တူလေ့ကျင့်ခန်းနှင့် သက်ဆိုင်သည့်အခန်းကဏ္ဍ အလိုက်ပါဝင်ဆောင်ရွက်ခဲ့ကြသည်။

သဏ္ဍာန်တူလေ့ကျင့်ခန်း ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားရာတွင် ဘေးအန္တရာယ်ဖြစ်ပွားမှုနှင့် ပတ်သက်ပြီး ဘေးအန္တရာယ်ဖြစ်ပွားခဲ့သော ဒေသအလိုက် ပျက်စီးဆုံးရှုံးမှုစာရင်းများကို ဆောလျင်စွာ သိရှိနိုင်ရန် လိုအပ်ပါကြောင်း၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှု ဗဟိုဌာနသည် ပြည်ထောင်စုအဆင့်တွင် စီမံခန့်ခွဲမှုများလုပ်ဆောင် နေခြင်းဖြစ်ရာမြေပြင်တွင် တုံ့ပြန်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည့် အရေးပေါ် ရှာဖွေကယ်ဆယ်ရေး အဖွဲ့များ၊ ထောက်ပံ့ပို့ဆောင်ရေး၊ အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှုနှင့် လုံခြုံရေးတပ်ဖွဲ့များနှင့် အချိတ်အဆက်မိမိ လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ ဘေးအန္တရာယ်ကျရောက်ချိန်တွင် လူ့အသက်ကယ်ဆယ်ရေးသည် အရေးအကြီးဆုံး လုပ်ငန်းဖြစ်သည့်အတွက် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ထိရောက်စွာဆောင်ရွက်နိုင်ရန် လိုအပ်ပါကြောင်း။

 သတ်မှတ်ထားသည့် လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက်ရာတွင်ကြုံတွေ့ရသည့် အခက်အခဲများနှင့် အားသာချက်/ အားနည်းချက်များကိုပြန်လည်သုံးသပ်၍ SOP ကိုပြင်ဆင်ဖြည့်စွက် သွားရမည်ဖြစ်ပါကြောင်း၊ ဘေးဖြစ်ပွားချိန်တွင် ပြည်သူများ အနေဖြင့် သတင်းမှန်ကိုသိရှိနိုင်ရေးအတွက် သတင်းအဖွဲ့ ဖွဲ့စည်းဆောင်ရွက် ရန် အရေးကြီးပါကြောင်း၊ အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများဆောင်ရွက်နေစဉ်အတွင်းမှာပင် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုပါ ပေါင်းစပ်ဆောင်ရွက် ပေးနိုင်မည် ဆိုပါက ဘေးသင့်ပြည်သူများအတွက် အလျင်အမြန်ပြန်လည် ထူထောင်နိုင်ရန် အထောက်အပံ့ပေးနိုင်မည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပြီး ဘေးအန္တရာယ် ကျရောက်ချိန်တွင် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယဥက္ကဋ္ဌ အနေဖြင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို ပါ သဏ္ဍာန်တူလေ့ကျင့် ဆောင်ရွက်ခဲ့သည်။

ထို့သို့ သဏ္ဍာန်တူလေ့ကျင့်ရာတွင် မုန်တိုင်းဘေး၊ ငလျင်ဘေးဖြစ်ပွားမှု(Scenarios)များ ပြုလုပ်ပြီး EOC ၏ SOP တွင်ပါရှိသောလုပ်ငန်းစဉ်များ အတိုင်းလေ့ကျင့်ဆောင်ရွက်ခဲ့ကြပြီး ပို့ဆောင်ရေးလမ်းကြောင်းများ ပြတ်တောက်သည့်အခြေအနေ၊ ဆေးရုံ/ဆေးခန်းများ ပျက်စီးသည့်အခြေအနေ၊ ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်သည့် အခြေအနေ၊ နိုင်ငံတကာ အကူအညီလိုအပ်သည့် အခြေအနေစသည်တို့တွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကိုပါ ထည့်သွင်းလေ့ကျင့်ခဲ့ကြ သည်။

အဆိုပါ သဏ္ဍာန်တူလေ့ကျင့်မှုအစီအစဉ်တွင် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန(ရုံးချုပ်)နှင့် တိုင်းဒေသကြီး/ပြည်နယ်ရုံးများမှ အရာထမ်း/အမှုထမ်း စုစုပေါင်း(၃၀) ပါဝင်ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

(သတင်းစဉ်)