Skip to main content

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို ပွင့်ဖြူမြို့နယ်အတွင်း  ကျေးရွာတွင်းလမ်း အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပွင့်ဖြူ   ဒီဇင်ဘာ      ၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို သည် တိုင်းဒေသကြီး/ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါ၍ ဒီဇင်ဘာ ၆ ရက် ၊ ယနေ့ နံနက် ၁၀ နာရီခွဲက ပွင့်ဖြူမြို့နယ်အတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြု ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးသည့် ကျေးရွာတွင်းလမ်းအဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု များအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုသည် တိုင်းဒေသကြီး / ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အတူ  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာနှစ် ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေ ကျပ် (၁၀)သန်းဖြင့် ဆည်တော်ကျေးရွာတွင် ကျေးရွာတွင်းလမ်းအရှည်ပေ ၆၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်း ခင်းကျင်းဆောင်ရွက်ပြီးစီးမှု ၊ ပွင့်ဖြူမြို့နယ် မဒဲ(တ) ကျေးရွာနှင့် မဒဲ(မ)ကျေးရွာ ဒေသခံပြည်သူများ အဆင်ပြေစွာ သွားလာနိုင်ရေး အမေရိကန် နိုင်ငံမှ အလှူရှင်တစ်ဦးက လှူဒါန်းသည့် အလှူငွေကျပ် သိန်း(၁၀၀)ဖြင့် ကျေးရွာတွင်းလမ်း အရှည်ပေ ၅၆၂၅ ပေ အား လမ်းအကျယ် ၁၂ ပေ ၊ ထု ၆ လက်မ မြေနီကျောက်စရစ်လမ်း အဆင့်မြှင့်တင်ဆောင်ရွက်ပြီးစီးမှု ၊ ခွင့်ပြုရန်ပုံငွေကျပ် သန်း(၂၀)ဖြင့် ရှောက်တောကျေးရွာတွင် ကျေးရွာတွင်းလမ်းအရှည်ပေ ၁၂၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက်ပြီးစီးမှုနှင့် လယ်ကိုင်းကျေးရွာတွင် ကျေးရွာတွင်းလမ်း အရှည် ပေ ၁၂၀၀ အား အကျယ် ၁၂ ပေ ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းခင်းကျင်းဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ မကွေးတိုင်းဒေသကြီးကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှု များနှင့် ပတ်သက်ပြီး ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့သည်။ 

ယခုအခါ ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက် သည့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်နေမှု လုပ်ငန်းများမှာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးသွားပြီဖြစ်၍ ဒေသခံကျေးလက်နေပြည်သူများအနေဖြင့် ရာသီမရွေး အဆင်ပြေစွာ သွားလာအသုံးပြုနိုင် မည်ဖြစ်ကြောင်းနှင့် ဒေသထွက်ကုန်သီးနှံများ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကိုလည်း အဆင်ပြေချောမွေ့စွာ ဆောင်ရွက် လုပ်ကိုင်နိုင်မည်ဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးလှဌေးမောင် ထံက သိရသည်။   

ရဲဝင်းနိုင် (ညောင်ဦး)