ရန်ကုန် ဇန်နဝါရီ ၂၇
ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ငါးထပ်ကြီးမြောက် ရပ်ကွက် လိပ်ပြာကန်ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း နန္ဒာအောင်မြေ ပရဟိတအသင်း ဦးစီးပဓာန နာယက ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ ဒေါက်တာ ဘဒ္ဒန္တနိမလအား အမှူးပြု၍ အလှူရှင်များ၏ (၁၂)ကြိမ် မြောက် ဧရာဝတီတိုင်းဒေသကြီး ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ်မြို့နယ်တို့မှ သံဃာတော်များ၊ သက်ကြီး ဘိုးဘွားများ၊ အခြေခံပညာအလယ်တန်း၊ မူလတန်းကျောင်းများမှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ အား လှူဒါန်းခြင်းအခမ်းအနားကို ဇန်နဝါရီ ၂၆ ရက် နံနက် ၉ နာရီက ဒေးဒရဲမြို့နယ် ဂုံမင်းကွင်းကျေးရွာအုပ်စု ထိုင်ကူ မြစ်တန်းကျေးရွာ ကျောင်းသစ်ကျောင်းတိုက်၌ ကျင်းပသည်။
ကျင်းပ လှူဒါန်းပွဲတွင် ကက်သပေါင်းဆရာတော် ဘဒ္ဒန္တ ပရမထံမှ ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး အလှူရှင် ဆရာတော် ဒေါက်တာဘဒ္ဒန္တနိမလအား ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ အခမ်းအနား ကျင်းပသည်။
ထို့နောက် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးသိန်းဆွေ၊ ဖျာပုံခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် တို့က သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ဆရာတော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ဆက်ကပ်လှူဒါန်းကြသည်။
လှူဒါန်း လှူဒါန်းပွဲတွင် ဖျာပုံခရိုင် ဒေးဒရဲမြို့နယ်နှင့် ကျိုက်လတ် မြို့နယ်အတွင်းရှိ ပင့်သံဃာများအား သင်္ကန်းပရိက္ခရာ ရှစ်ပါးနှင့် ပိဋကတ်သုံးပုံ၊ စားသောက်ဖွယ်ရာခြင်းတစ်ခြင်း နှင့် သံဃာအသုံးအဆောင်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အလှူရှင်များက သက်ကြီးဘိုးဘွားများအား အ၀တ်အထည်နှင့် ဆေးဝါးများ လှူဒါန်းပြီး အခြေခံ ပညာအလယ်တန်း၊ မူလတန်းကျောင်း စုစုပေါင်း ၂၉ ကျောင်း တို့မှ ဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူ ၃၀၀၀ ကျော်အား ပညာရေး အထောက်အပံ့ပစ္စည်းများ လှူဒါန်းကြသည်။
အဆိုပါလှူဒါန်းမှုအစုစုတို့အတွက် လိပ်ပြာကန် ကျောင်းတိုက် နန္ဒာအောင်မြေကျောင်း နန္ဒာအောင်မြေ ပရဟိတအသင်းဦးစီးပဓာနနာယက ဆရာတော် မဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တန်မလက ရေစက်ချ တရား ဟောကြားသည်။
ဆရာတော်သည် အိန္ဒိယနိုင်ငံ ကာလကတ္တားမြို့ရှိ (World Institute of Oriental Heritage & Culture) အရှေ့တိုင်းယဉ်ကျေးမှုနှင့် အမွေအနှစ်ဆိုင်ရာ ကမ္ဘာ့အဖွဲ့အစည်းက ဆက်ကပ်လှူဒါန်းသည့် Ph.D, Buddhism တို့ကို ရရှိတော်မူခဲ့သည်။
လှူဒါန်းမှုတွင် ဆရာတော်နှင့် ဒါယကာ၊ ဒါယိကာမများ စုစုပေါင်းလှူဒါန်းငွေ ကျပ်သိန်း ၆၀၀ ကျော် လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇန်နဝါရီ ၂၅ ရက်နှင့် ၂၆ ရက်ကလည်း ရန်ကုန်မြို့မှ အထူးကုဆရာဝန်ကြီးများက ဒေးဒရဲမြို့နယ် ထိုင်ကူမြစ်တန်းကျေးရွာ ကျောင်းသစ်ကျောင်းတိုက်၌ သက်ကြီးဘိုးဘွားများနှင့် ဒေသခံရွာသူရွာသား များကို ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်