Skip to main content

သားဖွားသင်တန်းကျောင်း (ဘားအံ)၏ ဆဋ္ဌမအကြိမ် ဘက်စုံသားဖွား ဒီပလိုမာ အောင်လက်မှတ်အပ်နှင်း

ဘားအံ  ဇန်နဝါရီ ၂၈

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးလူ့စွမ်းအား အရင်းအမြစ် ဦးစီးဌာန၊ သားဖွားသင်တန်း ကျောင်း(ဘားအံ)၏ ဆဋ္ဌမအကြိမ် ဘက်စုံသားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘားအံမြို့၊ သူနာပြုသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ရာ ကရင် ပြည်နယ် လွှတ်တော် ဥက္ကဋ္ဌ၊ ပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ်၊ ကရင်ပြည်နယ် အစိုးရအဖွဲ့ ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာန ဆိုင်ရာများ၊ သူနာပြုနှင့် သားဖွားသင်တန်းကျောင်းမှ ကျောင်းအုပ် ဆရာမ ကြီးများနှင့် ဆရာ/ဆရာမများ၊ သူနာပြု/သားဖွား သင်တန်းသူများနှင့် မိဘဆွေမျိုးများ တက်ရောက် ခဲ့ကြ သည်။

အခမ်းအနားတွင် ပြည်နယ်စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးသန်းနိုင်က အမှာစကား ပြောကြားရာတွင် ယနေ့အခမ်းအနားဟာ သားဖွားသင်တန်းသူများ ဂုဏ်ယူဝမ်းမြောက်ရမည့်  ဒီပလိုမာ အောင်လက်မှတ် အပ်နှင်းပွဲ တစ်ခုဖြစ်ဖြစ်ပါကြောင်း၊ ပြည်သူလူထုကို အရည်အသွေး ပြည့်ဝတဲ့ ကျန်းမာရေး စောင့်ရှောက်မှုကို ပေးနိုင်ရန်အတွက် လူ့စွမ်းအား အရင်းအမြစ်ဖြစ်တဲ့ ဆရာဝန်၊ သူနာပြု၊ သားဖွားနှင့် ဆေးဖက်ပညာသည်များကို နိုင်ငံတော်ကတိုးမြှင့် မွေးထုတ်ပေးလျက် ရှိပါကြောင်း၊ ဘက်စုံဒီပလိုမာ အောင်လက်မှတ် အပ်နှင်းခြင်းခံရပြီးတဲ့ သားဖွားဆရာမ တစ်ဦးအနေနဲ့ လိုက်နာရမည့် ကျင့်ဝတ် စည်းကမ်းများနှင့် အညီ ပြည်သူအကျိုးအတွက် ဆောင်ရွက်သွားကြစေလိုကြောင်း ပြောကြား သည်။

ထို့နောက် သားဖွားသင်တန်း ကျောင်းအုပ် ဆရာမကြီးနှင့် ပညာရေးအဖွဲ့၊ စီမံခန့်ခွဲရေး အဖွဲ့ဝင်များက နေရာ ယူကြပြီး သားဖွား သင်တန်း ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းဇင်မော်မော်က သင်တန်းသူများအား အမေးအဖြေနှင့် သူနာပြု သစ္စာအဓိဋ္ဌာန်များ ရွတ်ဆိုစေသည်။ ဆက်လက်၍ ကျောင်းအုပ်က မိန့်ခွန်းပြောကြားပြီး  သင်တန်းသူ (၅၅) ဦးအား ဘက်စုံသားဖွား ဒီပလိုမာ အောင်လက် မှတ်များ အပ်နှင်းပေးခဲ့ကြောင်း သိရသည်။

နေမျိုးလွင်(ပြန်/ဆက်)