ဘားအံ ဇန်နဝါရီ ၂၈
ကရင်ပြည်နယ်အတွင်း ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် လူထုဗဟိုပြုစီမံကိန်း ထပ်မံတိုးချဲ့ဆောင်ရွက်ရန် မြို့နယ်ရွေးချယ်ရေး အကြံဉာဏ်ရယူသည့် အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီက ဘားအံမြို့ ဇွဲကပင် ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့် က အဖွင့်အမှာစကား ပြောကြားပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမောင်ဝင်းက မိတ်ဆက်စကားပြောကြားကာ ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က စီမံကိန်းအကြောင်းကို မိတ်ဆက် ရှင်းလင်းသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အုပ်ချုပ်ရေးမှူးများ၊ နိုင်ငံရေးပါတီများ၊ အရပ်ဖက်အဖွဲ့အစည်းများ၊ တိုင်းရင်းသားကိုယ်စားလှယ်များ၊ ရပ်ကွက်၊ ကျေးရွာ လူထုကိုယ်စားလှယ်များ၊ စိတ်ပါဝင်စားသူများက အုပ်စုငယ်များခွဲ၍ သတ်မှတ်ချက်များအတိုင်း မြို့နယ် ရွေးချယ်ခဲ့ကြပြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးလှခိုင်က ဆွေးနွေးချက် ရလာဒ်များအား ပြန်လည်တင်ပြကာ ပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီး ဦးစောမြင့်ဦးက နိဂုံးချုပ်အမှာစကားပြောကြားသည်။
ကမ္ဘာ့ဘဏ်၏ အထောက်အပံ့ဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လူထုဗဟိုပြုစီမံကိန်းကို ၂၀၁၃ ခုနှစ်မှ စတင်အကောင်အထည်ဖော်ခဲ့ပြီး ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် စီမံကိန်း (၄) နှစ်တာ ကာလပြီးဆုံးခဲ့ပြီး လှိုင်းဘွဲနှင့် ကော့ကရိတ်မြို့နယ်တို့တွင် စီမံကိန်း ( ၂ ) နှစ်အား ဆက်လက် အကောင်အထည် ဖော်ဆောင်ရွက် ဆဲဖြစ်ကြောင်းနှင့် လူထု ဗဟိုပြုစီမံကိန်းပိုလျှံငွေကြောင့် မြို့နယ်(၁၃)မြို့နယ်အား ထပ်မံတိုးချဲ့ဆောင်ရွက်ခွင့်ရရှိသဖြင့် ကရင် ပြည်နယ် တွင် စီမံကိန်းမြို့နယ် အသစ်(၁)မြို့နယ် ရွေးချယ်ဆောင်ရွက်ရန် ယခုအစည်းအဝေးကို ကျင်းပ ဆောင် ရွက် ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)