Skip to main content

ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး၊ ဆုံဆို့၊ မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta-4) အား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက်လုပ်ငန်းအစီအစဉ်တွင် စတင်ထည့်သွင်းတိုက်ကျွေးမည်

မန္တလေး ဇန်နဝါရီ ၂၈

အသက်(၅)နှစ်အောက်ကလေးငယ်များတွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်စေသော အဓိက အကြောင်းအရင်းဖြစ်သည့် ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေးဆုံဆို့၊မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta-4) အား ပုံမှန်ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းအစီအစဉ်တွင် စတင် ထည့်သွင်းခြင်းနှင့် ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများ လူအုပ်စုတိုင်း၊ ကလေးတိုင်းသို့ ရောက်ရှိစေ ရေး အသိပေးဆွေးနွေးပွဲကို မန္တလေးမြို့၊ လမ်း(၇၀)၊ ၂၇ လမ်းနှင့် ၂၈ လမ်းကြားရှိ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနရုံးတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။

ဆွေးနွေးပွဲတွင် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်မှ အမှာစကား ပြောကြားရာတွင်  ပုံမှန်ကာကွယ် ဆေးထိုး အစီအစဉ်တွင် ကာကွယ်ဆေး(၁၁) မျိုးကို အသုံးပြုပြီး အသက်(၅) နှစ်အောက် ကလေးများမှာ ကူးစက်ရောဂါများကြောင့် ဖြစ်ပွားသေဆုံးမှုမရှိရအောင် ကာကွယ်ပေးနေပါတယ်၊ ယခုနှစ် ကာကွယ်ဆေးအသစ်(၂)မျိုးဖြစ်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါကာကွယ်ဆေး ရိုတာဗိုင်းရပ် (စ်) ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးတို့ကို ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်မှာ ထည့်သွင်းထိုးနှံတော့မှာ ဖြစ်ပါတယ်၊ ဒါအပြင် ကလေးငယ်များ အသက်(၂)လ၊(၄)လ၊(၆)လ တို့မှာ ပုံမှန် ကာကွယ်ဆေး အစီအစဉ်အနေနဲ့ ထိုးနှံပေးနေတဲ့ ငါးမျိုးစပ် ကာကွယ်ဆေးကို ကလေးအသက်တစ်နှစ်ခွဲမှာ စတုတ္ထအကြိမ် ထည့်သွင်းထိုးနှံ ပေးသွားမည် ဖြစ်ကြောင်း၊ ထို့သို့ဆောင်ရွက်တွင် မိမိတို့ပတ်ဝန်းကျင်မှာရှိတဲ့ ကလေးငယ်များအားလုံးကို ကာကွယ်ဆေး ပြည့်ပြည့်ဝဝ ထိုးနှံတိုက်ကျွေး နိုင်ဖို့ အလွန်အရေးကြီးပါတယ် ဟု အမှာစကားပြောကြားရာတွင် ထည့်သွင်းပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဒုတိယတိုင်းဒေသကြီးဦးစီးမှူး ဒေါက်တာ သင်းသင်းနွယ်က အသက်(၅)နှစ်အောက် ကလေးငယ်များတွင် ဖြစ်ပွားတတ်သော ပြင်းထန် ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်စေသော ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး(Rotavirus Vaccine)ဆုံဆို့၊မေးခိုင် ပါဝင်သော ကာကွယ်ဆေး (Penta-4) အား ပုံမှန်ကာကွယ်ဆေးထိုး/ဆေး တိုက်လုပ်ငန်း အစီအစဉ်၌ (၁.၂.၂၀၂၀) ရက်နေ့မှ စတင်၍ အသက်(၂)လမှ (၄)လပြည့်သည့် ကလေးငယ်တိုင်းတွင်  စတင် ထည့်သွင်းခြင်းနှင့် ကာကွယ်ဆေးထိုး/ဆေးတိုက် လုပ်ငန်းများ လူအုပ်စုတိုင်း၊ကလေးတိုင်းသို့ ရောက်ရှိ စေရေး ပတ်သက်သည်များ ရှင်းလင်းတင်ပြရာ တက်ရောက်လာသူများမှ သိရှိလိုသည်များ ပြန်လည် မေးမြန်း ဆွေးနွေးခဲ့ကြသည်။

အခမ်းအနားသို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အရာရှိကြီးများ၊ နှီးနွယ်ဆက်စပ်နေသော ဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိ ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မီဒီယာများ၊ အစိုးရမဟုတ်သောအသင်းအဖွဲ့များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ အခြားဖိတ်ကြားထားသည့် ဧည့်သည် တော်များ တက်ရောက်သည်။

ရိုတာဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါသည် အသက်(၁)နှစ်အောက် ကလေးငယ်များတွင် အများဆုံး ဖြစ်ပွားပြီး ရောဂါဖြစ်ပွားပါက ပြင်းထန်စွာ ရေဓာတ်ခမ်းခြောက်ပြီး အသက်သေဆုံးခြင်းကို ဖြစ်စေရန် ပိုမိုလွယ်ကူကြောင်း၊ မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာတစ်ဝှမ်းလုံးရှိ ကလေး များတွင် ပြင်းထန်ဝမ်းပျက် ဝမ်းလျှောရောဂါဖြစ်စေခြင်း၏ အဓိက အကြောင်း အရင်းဖြစ်ကြောင်း၊ ရိုတာ ဗိုင်းရပ်(စ်)ကြောင့် ဖြစ်ပွားသော ပြင်းထန်ဝမ်းပျက်ဝမ်းလျှော ရောဂါဖြစ်ပွားမှု ကာကွယ်ရာတွင် အခြားကာကွယ်နိုင်သော နည်းလမ်းများ ရှိသော်လည်း ရိုတာဗိုင်းရပ်(စ်) ကာကွယ်ဆေး တိုက်ကျွေးသည်သာလျှင် အခြားနည်းလမ်းများထက် ပိုမိုထိရောက်စွာ ကာကွယ်နိုင်သည့် နည်းလမ်းဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ပုံမှန်ကာကွယ်ဆေးတိုက် အစီအစဉ်တွင် အသက်(၂)လမှ (၄)လအရွယ် ကလေးများကို ရိုတာဗိုင်းရပ်(စ်)ကာကွယ်ဆေး(Rotavirus Vaccine) ၂၀၂၀ ပြည့်နှစ် ဖေဖော်ဝါရီလ မှ စတင်ကာ ထည့်သွင်းတိုက်ကျွေးသွားမည် ဖြစ်ကြောင်း သိရသည်။

သန်းဇော်မင်း(ပြန်/ဆက်)