အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှုနှင့်စွမ်းအင်ဆိုင်ရာ ကော်မတီသည် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများ၏ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက် အသစ် ပြဋ္ဌာန်းခြင်းများ၊ ၎င်းဝန်ကြီးဌာနများ၏မူဝါဒ၊ ရည်မှန်းချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လေ့လာသုံးသပ်အကြံပြုရန်၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ်ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာသုံးသပ် အကြံပြုရန်နှင့် ၎င်းဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်သူပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းကာ သက်ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ကူညီ ဆောင်ရွက်ပေးလျက်ရှိရာ အဆိုပါကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ လွှတ်တော် ရေးရာကဏ္ဍအနေဖြင့် ဖော်ပြလိုက်ရ ပါသည် -
(စာတည်းအဖွဲ့)
ဌာနကြီးသုံးခုရဲ့ မူဝါဒတွေ၊ နှစ်တိုနှစ်ရှည် စီမံကိန်းတွေ အချိန်နဲ့တစ်ပြေးညီ လုပ်ကိုင်နိုင်ခြင်း ရှိ၊ မရှိ ထိန်းကျောင်းစောင့်ကြည့်ရတဲ့ ကော်မတီ ဖြစ်ပါတယ်
အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောမိုးမြင့် (ခ)ဆင်မြူရယ်
အမျိုးသားလွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီသည် အမျိုးသားလွှတ်တော်၏ တာဝန်ခွဲဝေမှုအရ ၂၀၁၈ ခုနှစ် မတ်လ ၂၃ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။ ကော်မတီသည် အဆိုပါကဏ္ဍများနှင့် ဆက်စပ်သည့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနများ၏ ဥပဒေ၊ နည်းဥပဒေ၊ အမိန့် ညွှန်ကြားချက်၊ လုပ်ထုံးလုပ်နည်းများကို လေ့လာသုံးသပ်ပြီး ပြင်ဆင်၊ ပယ်ဖျက် အသစ် ပြဋ္ဌာန်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ဖွံ့ဖြိုးဆဲနိုင်ငံ တစ်ခုအတွက် မရှိမဖြစ်အရေးပါသည့် ကော်မတီတစ်ရပ်လည်း ဖြစ်သည်။
ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာကော်မတီသည် ပြည်သူများကို အကျိုးပြုမည့် မေးခွန်းနှင့် အဆိုများ မေးမြန်းဆောင်ရွက်ရန်၊ ဥပဒေကြမ်း တင်သွင်းရန်၊ မိမိတာဝန်ယူဆောင်ရွက်ရ သည့် ဝန်ကြီးဌာနများ၏ မူဝါဒ၊ ရည်မှန်းချက်များ၊ စီမံကိန်းလုပ်ငန်းစဉ်များ၊ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများကို လေ့လာသုံးသပ်အကြံပြုရန်၊ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှုကဏ္ဍ၊ လျှပ်စစ် ကဏ္ဍနှင့် စွမ်းအင်ကဏ္ဍဆိုင်ရာ ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာသုံးသပ်အကြံပြုရန်နှင့် ဝန်ကြီး ဌာနများ၊ အဖွဲ့အစည်းများ၊ ပြည်တွင်း၊ ပြည်ပမှ ကျွမ်းကျင်သူပညာရှင်များ၊ လုပ်ငန်းရှင်များနှင့် တွေ့ဆုံညှိနှိုင်းကာ သက်ဆိုင်ရာကဏ္ဍများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ဆောင်ရွက်လျက် ရှိသည်။
နိုင်ငံဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ လုပ်ငန်း များသည် အဓိက ကဏ္ဍများဖြစ်ရာ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့သည်များကို စုစည်းဖော်ပြ လိုက်ရပါသည် -
ဦးစောမိုးမြင့် (ခ) ဆင်မြူရယ်၊ အမျိုးသား လွှတ်တော် ဆောက်လုပ်ရေး၊ စက်မှု၊
လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီဥက္ကဋ္ဌ
ကျွန်တော်တို့ ကော်မတီက လွှတ်တော်သက်တမ်း ၂ နှစ်ကျော်မှ စတင်ဖွဲ့စည်းတဲ့ ကော်မတီ ဖြစ်ပါတယ်။ အခြားကော်မတီတွေနဲ့ နှိုင်းယှဉ်ရင် သက်တမ်းနုသေးပေမယ့် အခြားကော်မတီတွေလိုပဲ မြန်မာနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ကြိုးစားဆောင်ရွက် လျက်ရှိပါတယ်။ တိုင်းပြည်တစ်ပြည် ဖွံ့ဖြိုး တိုးတက်ဖို့ဆိုတာ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံ အဆောက်အအုံနဲ့ မြို့ရောတောပါ လျှပ်စစ်မီး ရရှိရမယ်။ နောက်ပြီး နိုင်ငံခြားတိုင်းပြည်တွေက တင်သွင်းနေရတဲ့ စက်မှုပစ္စည်းတွေ ထုတ်လုပ် နိုင်ရပါမယ်။
နိုင်ငံက စိုက်ပျိုးရေးကို အခြေခံတဲ့ နိုင်ငံဖြစ်တဲ့အတွက် စက်မှုလယ်ယာစနစ်က တိုင်းပြည်အတွက် လိုအပ်ပါတယ်။ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍတွေ ဖွံ့ဖြိုးတိုးတက်အောင် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာနနဲ့ လျှပ်စစ်နှင့် စွမ်းအင် ဝန်ကြီးဌာန စတဲ့ ဝန်ကြီးဌာနသုံးခုရဲ့ မူဝါဒတွေ၊ နှစ်တိုနှစ်ရှည် စီမံကိန်းတွေကို အချိန်နဲ့ တစ်ပြေးညီ လုပ်ကိုင်နိုင်ခြင်း ရှိ၊ မရှိ ထိန်း ကျောင်းစောင့်ကြည့်ရတဲ့ ကော်မတီ ဖြစ်ပါတယ်။
လမ်းပန်းဆက်သွယ်ရေးကဏ္ဍဆိုရင် နိုင်ငံတော်မှာ ပြည်ထောင်စုလမ်းမကြီးတွေ ရှိတယ်။ ကျေးရွာချင်း ဆက်လမ်းတွေ၊ BOT လမ်းတွေရှိတယ်။ ဒီလမ်းတွေမှာ ဖြတ်သန်းတဲ့ ဦးရေက တိုးလာတယ်။ တိုးလာတဲ့ အလျောက် လမ်းတွေရဲ့အင်္ဂါလက္ခဏာက ဘေးကင်းမှု ရှိရဲ့လား၊ ပြုပြင်မှုရှိရဲ့လား ဆိုတာကို ကော်မတီက စောင့်ကြည့်ပြီး သက်ဆိုင်ရာဝန်ကြီး ဌာနနဲ့ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်လျက်ရှိပါတယ်။ ဥပဒေကြမ်း အနေနဲ့ တံတားကြီးများ ဥပဒေကို ညှိနှိုင်း ရေးဆွဲနိုင်ခဲ့ပါတယ်။ ဒါကို နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုးပြဋ္ဌာန်း နိုင်ခဲ့ပါတယ်။
BOT စနစ်အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီ ၂၅ ခုကို မိုင်အားဖြင့် ၃၀၂၃ မိုင် ပေးထားပါတယ်။ ကော်မတီအနေနဲ့ ပဲခူး၊ သထုံ၊ မြဝတီ၊ မော်လမြိုင်၊ သံဖြူဇရပ် လမ်း တွေကို ကွင်းဆင်းစစ်ဆေးပါတယ်။ BOT အကောင်အထည်ဖော်နေတဲ့ ကုမ္ပဏီတွေရဲ့ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံညှိနှိုင်းဆောင် ရွက်ပါတယ်။ လမ်းတွေမှာ နေ့စဉ်ဖြတ်သန်းနေတဲ့ ကားစီးရေက များပြားလာပါတယ်။ အဲဒါတွေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် လမ်းတွေ၊ တံတားတွေရဲ့ ကြံ့ခိုင်မှုနဲ့ တိုးချဲ့ ပြုပြင်သင့်တာတွေကို ညှိနှိုင်းဆောင်ရွက် ပါတယ်။
လျှပ်စစ်ပိုင်းဆိုရင် အခုအစိုးရတက် လာတဲ့အချိန်မှာ မြန်မာနိုင်ငံ တစ်နိုင်ငံလုံး အိမ်ထောင်စုတွေရဲ့ ၃၄ ရာခိုင်နှုန်းလောက်ပဲ လျှပ်စစ်မီးရရှိခဲ့ပါတယ်။ အဲဒါကို ကြိုးစား ဆောင်ရွက်ခဲ့တော့ မဂ္ဂါဝပ်အနေနဲ့ ၇၈၆ မဂ္ဂါဝပ် တိုးတက်ထုတ်လုပ်လာနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၁၃ ရက်မှာ မြန်မာ တစ်နိုင်ငံလုံးမှာ ရှိတဲ့ အိမ်ထောင်စုပေါင်းရဲ့ ၅၀ ရာခိုင်နှုန်းကို လျှပ်စစ်မီးပေးနိုင်ခဲ့တယ်။ ရေရှည်ရည်မှန်းချက်အနေနဲ့ ၂၀၃၀ ပြည့်နှစ် မှာ တစ်နိုင်ငံလုံးကို လျှပ်စစ်မီးပေးနိုင်ဖို့ ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်။
ကော်မတီအနေနဲ့ အဓိက ထိန်းကျောင်း ဆောင်ရွက်နေတာက ဝန်ကြီးဌာနတွေက အကောင်အထည် ဖော်ဆောင်ရွက်နေတဲ့ စီမံကိန်းတွေ ဆောင်ရွက်နိုင်မှု ရှိ၊ မရှိ၊ နည်းပညာနဲ့ ဘဏ္ဍာရေးအခက်အခဲတွေကို စောင့်ကြည့်ထိန်းကျောင်း ပေးပါတယ်။ သဘာဝပတ်ဝန်းကျင်နဲ့ ပတ်သက်ပြီး ဒေသခံပြည်သူတွေ အနေနဲ့ အခက်အခဲ တွေရှိရင် စုပေါင်းဖြေရှင်းပေးပါတယ်။
အခုလတ်တလောမှာ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင်ဥပဒေကို ဆောင်ရွက်နေပါတယ်။ မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင် ဥပဒေကြမ်းကို ဥပဒေကြမ်း ကော်မတီ ၆၃/၂၀၁၉ အစည်းအဝေး ဆုံးဖြတ်ချက်အရ ကျွန်တော်တို့ ကော်မတီကို လွှဲပြောင်းပေးအပ်ခဲ့ပါတယ်။ အမျိုးသားလွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း ပြည်ပအဖွဲ့အစည်းဆိုင်ရာ ကော်မတီ၊ ပြန်ကြားရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ Myanmar Post and Telecommunications(MPT), Telenor Myanmar Limited, Ooredoo Myanmar Limited နဲ့ Mytel Myanmar Limited တို့က တာဝန်ရှိသူတွေကို ဖိတ်ကြားပြီး ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှာ တွေ့ဆုံညှိနှိုင်း ဆွေးနွေးခဲ့ပါတယ်။ ပြင်ဆင်ချက်ဇယားနဲ့ တွေ့ဆုံဆွေးနွေးမှု မှတ်တမ်းကို အမျိုးသား လွှတ်တော်ဥက္ကဋ္ဌထံ အစီရင်ခံတင်ပြခဲ့ပါတယ်။
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့ “ဆက်လက်ဆောင်ရွက်နိုင်ရန် ဥပဒေကြမ်း ကော်မတီသို့ ပေးပို့ပါဆိုတဲ့” မှာကြားချက်အရ ဥပဒေကြမ်းကော်မတီကို လွှဲပြောင်းပေးပို့ခဲ့ ပြီး ဥပဒေကြမ်းကော်မတီက ဆက်လက် ဆောင်ရွက်လျက်ရှိပါတယ်။
ကော်မတီအနေနဲ့ အပတ်စဉ်အစည်းအဝေးတွေ ဆောင်ရွက်နေပါတယ်။ သက်ဆိုင်ရာ ဝန်ကြီးဌာန တွေကို ဖိတ်ကြားပြီး သိလိုတဲ့ အကြောင်းအရာတွေကို မေးမြန်းပြီး ပေါင်းစပ်ဆောင်ရွက်နေပါတယ်။ နောက်ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နဲ့စွမ်းအင်ကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံချင်တဲ့ ပြည်တွင်း၊ ပြည်ပ အဖွဲ့အစည်းတွေက ကော်မတီကို လာရောက်ဆွေးနွေး တင်ပြတာတွေကို အမျိုးသားလွှတ်တော် ဥက္ကဋ္ဌကြီးရဲ့ ခွင့်ပြုချက်နဲ့ တွေ့ဆုံပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ စိတ်ပါဝင်စားသူတွေ အားလုံးနားထောင်နိုင်အောင် Debate အစီအစဉ်တွေမှာလည်း ဆွေးနွေး မေးမြန်းတာတွေ ရှိပါတယ်။
ဒါ့အပြင် တစ်နိုင်ငံလုံးမှာရှိတဲ့ လမ်းတွေ၊ တံတားတွေကို ကွင်းဆင်း စစ်ဆေးတာတွေ ရှိပါတယ်။ နောက်ပြီး လျှပ်စစ်ကဏ္ဍဆိုရင် ရေအားလျှပ်စစ်တို့၊ သဘာဝဓာတ်ငွေ့၊ ဆိုလာစနစ် အကောင်အထည် ဖော်မှုတွေကို ကွင်းဆင်းစစ်ဆေးတာတွေ ရှိပါတယ်။ တိုင်ကြားစာတွေ ရောက်လာရင်လည်း ကော်မတီ အနေနဲ့ ဖတ်ရှုလေ့လာညှိနှိုင်းပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြပါတယ်။ တကယ်လို့ လိုအပ်ရင် ကွင်းဆင်း စစ်ဆေးပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနကို ပြန်လည်တင်ပြပါတယ်။
ဆောက်လုပ်ရေးကဏ္ဍ အပိုင်းမှာ ဝန်ထမ်းတွေ၊ ပြည်သူတွေအနေနဲ့ နေထိုင်ရေး ခက်ခဲပါတယ်။ ဒါကို နိုင်ငံတော်အစိုးရအနေနဲ့ ပြည်သူတွေအတွက် အိမ်ရာတွေ ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ အိမ်ရာလို့ ဆိုရာမှာ ခိုင်ခံ့ရမယ်၊ တန်ဖိုးနည်းရမယ်၊ သင့်တင့်လျောက်ပတ်တဲ့ လစာနဲ့ ဝယ်ယူနိုင်မယ့် အိမ်ရာတွေ ဖော်ဆောင်ပေးဖို့ ဆောင်ရွက်နေတာကို ကော်မတီက တွေ့ရှိ ရပါတယ်။
ကျွန်တော်တို့ နိုင်ငံအနေနဲ့ အာဆီယံနိုင်ငံတွေနဲ့ ပေါင်းစပ်တဲ့ ဆက်သွယ်ရေး လမ်းကြောင်းတွေ ရှိပါတယ်။ အဲဒီလို အာဆီယံနိုင်ငံတွေက လမ်းတွေနဲ့ လိုက်လျောညီထွေတဲ့ လမ်းတွေဖြစ်အောင် နိုင်ငံ အတွင်းမှာ အဆင့်မြှင့်ဖို့ လိုပါတယ်။ မြို့ရွာ အိုးအိမ်ဆိုရင် ကျန်းမာရေးနဲ့ ညီညွတ်အောင်၊ နိုင်ငံတကာ စံနှုန်းတွေနဲ့ ညီညွတ်အောင် အစိုးရက လုပ်ဆောင်နေတာတွေကို ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။
ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍတွေက နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်နေတဲ့ ရေတိုရေရှည် စီမံကိန်းတွေ အောင်မြင်ရေးအတွက် ကော်မတီအနေနဲ့ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌရဲ့ လမ်းညွှန်ချက်နဲ့အညီ ဆက်စပ်ဝန်ကြီးဌာနတွေကို စောင့်ကြည့်ထိန်းညှိ ကူညီ ဆောင်ရွက်လျက်ရှိပါတယ်လို့ ပြောကြားလိုပါတယ်။
ဦးမြမင်းဆွေ၊ အမျိုးသားလွှတ်တော်
ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နှင့် စွမ်းအင်ဆိုင်ရာ ကော်မတီအတွင်းရေးမှူး
ကော်မတီရဲ့တာဝန်ကတော့ ဆောက်လုပ်ရေး၊ စက်မှု၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍတွေနဲ့ သက်ဆိုင်တဲ့ ဝန်ကြီးဌာနတွေရဲ့ရည်ရွယ်ချက်တွေ၊ မူဝါဒတွေ၊ အကောင်အထည်ဖော်မှုအပိုင်းတွေ၊ စီမံကိန်းတွေကို သုံးသပ်အကြံပြုပြီး လွှတ်တော်ကို တင်ပြရတဲ့တာဝန် ဖြစ်ပါတယ်။ ဥပဒေပြုတဲ့အပိုင်းမှာ တံတား ကြီးများ ဥပဒေ၊ မြို့ပြနှင့် ဒေသစီမံကိန်းဥပဒေ၊ မြန်မာနိုင်ငံ ဆက်သွယ်ရေးကော်မရှင်ဥပဒေတွေကို ဥပဒေ ကြမ်းကော်မတီရဲ့ တာဝန်ပေးအပ်ချက်အရ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေကို ခေါ်ယူ ကြားနာပြီး ဥပဒေကြမ်းအဖြစ် လွှတ်တော်ကို တင်တဲ့အဆင့်အထိ ကော်မတီက ဆောင်ရွက်နိုင်ခဲ့ပါတယ်။ အခြား ဘူမိကောင်စီဥပဒေ၊ စက်မှုဇုန်ဥပဒေတွေကို ဥပဒေကြမ်းကော်မတီ နဲ့ပူးပေါင်းပြီး ဆောင်ရွက်နိုင်ခဲ့ ပါတယ်။
လက်ရှိမှာ မြန်မာနိုင်ငံ ဆက်သွယ်ရေး ကော်မရှင် ဥပဒေတွေကို ဆောင်ရွက်နေပါတယ်။ ဒါက ဥပဒေ ပြုတဲ့အပိုင်း ဖြစ်ပါတယ်။ ကော်မတီရဲ့အစည်းအဝေးတွေ၊ ခေါ်ယူကြားနာမှုတွေ၊ ကွင်းဆင်းစစ်ဆေးမှု တွေရဲ့ သုံးသပ်အကြံပြုချက်တွေ လွှတ်တော်ကို တင်ပြထားပါတယ်။
ဆောက်လုပ်ရေးကဏ္ဍမှာ လေ့လာတွေ့ရှိ ချက်ခုနစ်ချက်ရှိပါတယ်။ မြို့ရွာတွေစနစ်တကျ ဖွံ့ဖြိုး တိုးတက်ဖို့ ဆိုတဲ့အချက် ဖြစ်ပါတယ်။ ဒီအပိုင်းမှာ လယ်ယာမြေတွေကို အခြားနည်း သုံးစွဲခွင့် မလျှောက်ဘဲ အိမ်ခြံကွက်တွေ ဖော်ကြပါတယ်။ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေနဲ့အညီ မဟုတ်တဲ့အခါ ပြဿနာရှိပါတယ်။ ဒီအတိုင်းသာမြို့ရွာကြီးထွားမှုတွေကို ဆက်ပြီးခွင့်ပြုနေမယ်ဆိုရင် နောင်အနာဂတ် မှာ စနစ်တကျရှိတဲ့ မြို့ရွာတွေ ဖြစ်လာနိုင်စရာအကြောင်း မရှိပါဘူး။ ဒါတွေကို သက်ဆိုင်ရာအစိုးရအဖွဲ့၊ တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့တွေအနေနဲ့ ဥပဒေနဲ့အညီ ကြပ်မတ်ဆောင်ရွက်ဖို့ လိုအပ်နေ ပါတယ်။
မြန်မာနိုင်ငံမှာ မြို့ပေါင်း ၃၃၀ ရှိပြီး Town Plan ရေးဆွဲပြီးသား မြို့ပေါင်းက ၅၅ မြို့ပဲရှိပါတယ်။ အဲဒီ ၅၅ မြို့ရဲ့ရေးဆွဲပြီးသား စီမံကိန်းတွေကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသေးပါဘူး။ ကော်မတီ အနေနဲ့ရေးဆွဲပြီး Town Plan တွေကို အကောင်အထည်ဖော်ဖို့နဲ့ မရေးဆွဲရသေးတဲ့ မြို့တွေကို ရေးဆွဲဖို့ အကြံပြုခဲ့တာ ရှိပါတယ်။ ဒါက မြို့ပြကဏ္ဍနဲ့ ပတ်သက်တာ ဖြစ်ပါတယ်။
လမ်းတွေနဲ့ပတ်သက်ရင် လမ်းတံတားဦးစီးဌာနက တာဝန်ယူဆောင်ရွက်နေတဲ့လမ်းတွေ ရှိပါတယ်။ လမ်းမိုင်ပေါင်း ၄၂၃၆၄ မိုင်ရှိပြီး BOT စနစ်နဲ့ ကုမ္ပဏီ ၂၅ ခုက လမ်း မိုင် ၃၀၂၃ မိုင်ကို ဆောင်ရွက်နေ ပါတယ်။ BOT စာချုပ်တွေက ကောင်းမွန်တဲ့ ပဋိညာဉ်စာချုပ်တွေဖြစ်ဖို့ လိုပါတယ်။ လက်ရှိအခြေအနေ အရ ပြည်သူနဲ့နိုင်ငံတော်ရဲ့ အကျိုးစီးပွားအတွက် ပြန်လည်ပြုပြင်ဖို့ အကြံပြုချက်လည်း ရှိပါ တယ်။
ကျေးလက်လမ်းနဲ့ ပတ်သက်ရင် တစ်နိုင်ငံလုံးမှာ ကျေးလက်လမ်းမိုင်ပေါင်း ၅၅၅၀၇ မိုင် ရှိပါတယ်။ ဒီလမ်းအားလုံးကို လာမယ့် ၂၀၃၀ ပြည့်နှစ်မှာ ရာသီမရွေးသွားလာနိုင်မယ့် လမ်းတွေဖြစ်ဖို့ ဝန်ကြီး ဌာနတွေနဲ့ လျာထားဆောင်ရွက်နေတာ ရှိပါတယ်။ လက်ရှိကာလမှာ လမ်းမိုင် ၅၉၄၆ မိုင်၊ ၁၀ ဒသမ ၇ ရာခိုင်နှုန်းသာ ဆောင်ရွက်ပြီးစီးနေပါတယ်။ ၂၀၃၀ ပြည့်နှစ်မှာ စီမံကိန်း လျာထားချက်အတိုင်းပြီးစီးဖို့ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ဘဏ္ဍာငွေလျာထားပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ လက်ရှိအတိုင်း လျာထားနေမယ်ဆိုရင် ၂၀၃၀ ပြည့်နှစ်မှာ စီမံကိန်းလျာထားချက်က ဘယ်လိုမှ ပြည့်မီနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် လာမယ့်နှစ်တွေမှာ ကျေးလက်လမ်းအပေါ် ပိုပြီးဘဏ္ဍာ ငွေလျာထားပေးဖို့ ကော်မတီအနေနဲ့ တိုက်တွန်းခဲ့ပါတယ်။
စက်မှုကဏ္ဍနဲ့ပတ်သက်ရင် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ပိုမိုဖိတ်ခေါ် ဆောင်ရွက်ဖို့ လိုအပ်နေ တာ ဖြစ်ပါတယ်။ စက်မှုဝန်ကြီးဌာနမှာ နိုင်ငံပိုင်စက်ရုံပေါင်း ၁၁၂ ခု ရှိပါတယ်။ ၅၇ ခုက ပုဂ္ဂလိကနဲ့ ပူးပေါင်း ဆောင်ရွက်နေပါတယ်။ ကျန်တဲ့စက်ရုံ ၂၄ ရုံကလည်း အရှုံးတွေနဲ့ ရင်ဆိုင်နေရတယ်။ အရှုံးပြ ရတဲ့ အကြောင်းရင်းက စက်စွမ်းအားတွေကျဆင်းပြီး ထုတ်လုပ်မှုစရိတ်တွေ မြင့်မားနေတယ်။ ဈေးကွက်မှာရှိတဲ့ ကုန်ထုတ်လုပ်မှု အပိုင်းမှာယှဉ်ပြိုင်နိုင်စွမ်း မရှိဘူး။ ဈေးကွက်မရှိဘူး။ အဲဒါတွေကို ပုဂ္ဂလိကနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ (PPP- Public Private Partnership) စနစ်နဲ့ စက်ရုံတွေကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ ကော်မတီအနေနဲ့ အကြံပြုထားပါတယ်။
လျှပ်စစ်ကဏ္ဍဆိုရင် ပြီးခဲ့တဲ့ရက်တွေက တစ်နိုင်ငံလုံး လျှပ်စစ်ဓာတ်အားသုံးစွဲမှုရဲ့ ၅၀ ရာခိုင်နှုန်း ပြည့်မီသွားတာ ဖြစ်ပါတယ်။ ထုတ်လုပ်မှုအတိုင်းအတာကို လေ့လာကြည့်မယ်ဆိုရင် ၅၆၅၃ မဂ္ဂါဝပ် ထုတ်လုပ်နိုင်တဲ့အထဲမှာ ရေအားလျှပ်စစ် က ၃၂၆၂ မဂ္ဂါဝပ်၊ သဘာဝဓာတ်ငွေ့က ၂၁၅၄ မဂ္ဂါဝပ်၊ ကျောက်မီးသွေးကမဂ္ဂါဝပ် ၁၂၀ နဲ့ ဒီဇယ်က ၁၂၇ မဂ္ဂါဝပ် ထုတ်လုပ်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့ စွမ်းအင်ကဏ္ဍမှာ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ကုန်းတွင်းပိုင်းမှာ ထုတ်လုပ်နေတဲ့ ရေနံစည် ပမာဏ ၆၃၀၀ ရှိပါ တယ်။ မကွေးတိုင်းဒေသ ကြီးမှာ ရေနံ လက်ယက်တွင်းဥပဒေနဲ့မညီဘဲ လက်ယက်တွင်းတွေက ထုတ်လုပ်နေတဲ့ ရေနံစည်ပေါင်းက ပုံမှန်ထွက်တဲ့ ၆၃၀၀ ထက်မကရှိနေ ပါတယ်။ ဒါတွေကို တရားဝင်ထုတ်လုပ်နိုင်ဖို့ လိုအပ်တဲ့ အစီအမံတွေရေးဆွဲပြီး ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေကို အကြံပြုထားတာ ရှိပါတယ်။ ရေနံလက်ယက်တွင်း တူးဖော် ထုတ်လုပ်တဲ့ ဒေသတွေမှာ တရားဥပဒေ စိုးမိုးရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းရေး၊ မှုခင်းကျဆင်းရေး၊ ရေနံလက်ယက်တွင်း ဥပဒေနဲ့အညီ ဆောင်ရွက်ရေး၊ အဂတိလိုက်စားမှု ပပျောက်ရေးတွေကိုလည်း သက်ဆိုင်ရာ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရအဖွဲ့တွေနဲ့ သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ပူးပေါင်း ဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။
ရေနံရှာဖွေရေးအပိုင်းမှာ ကုန်းတွင်းလုပ်ကွက် ၂၅ ကွက်ကို နိုင်ငံခြားရေနံကုမ္ပဏီ ၁၇ ခုက ဆောင်ရွက် နေပါတယ်။ ကမ်းလွန်လုပ်ကွက် ၁၆ ကွက်ကို နိုင်ငံခြားရေနံကုမ္ပဏီ ၁၈ ခုက အစိုးရနဲ့ ပူးပေါင်းပြီး ရေနံရှာဖွေရေး လုပ်ငန်းတွေ ဆောင်ရွက်နေပါတယ်။
ကော်မတီအနေနဲ့ နိုင်ငံတော်ရဲ့ ဆောက်လုပ်ရေးကဏ္ဍ၊ စက်မှု၊ လျှပ်စစ်နဲ့ စွမ်းအင်ကဏ္ဍတွေ ဖွံ့ဖြိုး တိုးတက်ဖို့ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌရဲ့ ခွင့်ပြုချက်နဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အစိုးရအဖွဲ့ တွေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါတယ်။ ပြည်သူတွေအနေနဲ့ ကော်မတီ ကို အကြံပြုတိုက်တွန်း လိုတာတွေရှိရင်ပေးပို့လို့ ရပါတယ်။
တွေ့ဆုံမေးမြန်း - နန္ဒာဝင်း