မင်းဘူး ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု) မြို့နယ် မန်းရွှေစက်တော်ရာ ပါဒစေတီတော် ၂၅၈၆ ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲ မဟာမင်္ဂလာ အခမ်းအနားကို ယနေ့ နံနက် ၇ နာရီခွဲ အချိန်က ဖွင့်ပွဲမုခ်ဦးရှေ့တွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဆရာတော်ကြီးများနှင့် ဌာနဆိုင်ရာအကြီးအကဲများက ပွဲတော်မုခ်ဦးအထိ ရွှေစင်ရွှေသား စက်လက္ခဏာတော်အား ထီးဖြူမိုး၍ ပင့်ဆောင်ပြီး မကွေးမြို့ သံဃာရာမနိကာယ်စာသင်တိုက် ပဓာန နာယက၊ အဘိဓဇမဟာရဌဂုရု၊ ဘဒ္ဒန္တစိန္တာသာရ၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတာ၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ခင်စော၊ တိုင်းဒေသကြီး အစိုးရအဖွဲ့လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းဦးတို့က ဗုဒ္ဓပူဇနိယပွဲတော် မင်္ဂလာမုခ်ဦးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးပြီး သီတဂူဆရာတော် ဒေါက်တာ ဘဒ္ဒန္တ ဉာဏိဿရဆရာတော် အရှင်သူမြတ်မှ ပွဲတော်ဖွင့်ပွဲဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ပေးခဲ့သည်။
ဆက်လက်၍ မန်းရွှေစက်တော် အောက်စက်တော်ရာပါဒစေတီတော်(အလင်းပေါက် ဖန်အုပ်ဆောင်း)အား သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရက စက်ခလုတ်နှိပ်ဖွင့်လှစ်၍ ဗုဒ္ဓပါဒစေတီတော်မြတ်အား ဗုဒ္ဓဘိသေက အနေကဇာတင် ပရိတ် တရားတော်များ မြွက်ကြားပေးခဲ့ကြပြီး မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဧည့်ပရိတ်သတ်များက “ဗုဒ္ဓသာသနံ စိရံ တိဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနား ပထမပိုင်းကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။ ယင်းနောက် အထက်စက်တော်ရာ ဗုဒ္ဓပါဒစေတီတော် ရွှေထီးတော်သစ် တင်လှူပူဇော်ခြင်းနှင့် ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ခြင်းအခမ်းအနားကို ကျင်းပရာ ဆရာတော်ကြီးများနှင့် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို အမှူးပြုသော အစိုးရအဖွဲ့ဝင် ဝန်ကြီးများ ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ ၊ ဂေါပအဖွဲ့ တာဝန်ရှိသူများက အထက်စက်တော်ရာ ဗုဒ္ဓပါဒစေတီမြတ်အား ဖွင့်လှစ်ပေးခဲ့ပြီး အထက်စက်တော်ရာသို့ ရွှေထီးတော်သစ်၊ ငှက်မြတ်နားတော်၊ ရတနာစိန်ဖူးတော်၊ ဘုံအဆင့်ဆင့်တို့အား တင်လှူပူဇော်ခြင်းနှင့် ရွှေသင်္ကန်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ဆက်လက်၍ ကိုးခန်းကြီး မဟာမြတ်မုနိ တန်ဆောင်းတော် ဘက်စုံပြုပြင်မွမ်းမံ လှူဒါန်းခြင်း ရေစက်ချမင်္ဂလာ အခမ်းအနားကို ကျင်းပရာ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနှင့် ဧည့်ပရိတ်သတ်များက သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တဉာဏိဿရထံမှ ငါးပါးသီလခံယူဆောက်တည်ပြီး ဆရာတော်ကြီးနှင့်တကွ ပင့်သံဃာဆရာတော်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့် နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
မကွေးတိုင်းဒေသကြီး၊ မင်းဘူး(စကု)မြို့နယ်ရှိ မန်းရွှေစက်တော်ရာ ပါဒစေတီတော် ဗုဒ္ဓပူဇနိယပွဲတော်ကို နှစ်စဉ်တပို့တွဲလဆန်း ၅ ရက်နေ့မှ မြန်မာနှစ်ဆန်း ၁ ရက်နေ့ထိ ရက်ပေါင်း ၈၀ ကြာ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်လျက်ရှိရာ မြန်မာနိုင်ငံအတွင်း မြတ်စွာဘုရားရှင် ကြွရောက်တော်မူသည့် ထူးကဲလှသည့် သမိုင်းဝင် ဘုရားပွဲတော်ကြီးဖြစ်သည့်အတွက် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူး ပြည်သူများဖြင့် နှစ်စဉ် စည်ကားများပြားစွာ လာရောက်ဖူးမြော်ကြကြောင်း မင်းဘူး(စကု)မြို့နယ် မန်းရွှေစက်တော်ရာ ဘုရားဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဌေးဝင်း ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး ) ၊ ကျော်စိုးဝင်း ( မင်းဘူး )