ပွင့်ဖြူ ဇန်နဝါရီ ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မဲဇလီကျေးရွာအုပ်စု၊ လယ်မကျေးရွာ(အ.ထ.က-ခွဲ)တွင် ဂျပန်နိုင်ငံပြည်သူ များမှ ဂျပန်-မြန်မာ ချစ်ကြည်ရေးအစီအစဉ်ဖြင့် ဆောက်လုပ်လှူဒါန်းသည့် အာရ်စီနှစ်ထပ်စာသင်ကျောင်းဆောင်သစ် အဆောက်အအုံဖွင့်ပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက အဆိုပါ ကျေးရွာ(အ.ထ.က-ခွဲ)ကျောင်း၌ ကျင်းပရာ လှူဒါန်းဆောက်လုပ် ပြီးစီးသည့် ကျောင်းဆောင်သစ်အား မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကိုယ်စားလှယ် Miss . Suzumi Sekine၊ တိုင်းဒေသကြီးပညာရေးမှူး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်ဝင်း၊ မင်းဘူးခရိုင် ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးရဲနိုင်နှင့် ကျောင်းဆောင် ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းအေးတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့ကြပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိ သူများက ကျောင်းဆောင်သစ်အလှူရှင် ကမ္ဗည်းမော်ကွန်း ကျောက်စာအား အမွှေးနံ့သာရည်များ ပက်ဖျန်းပေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားကို ကျင်းပရာ ကျောင်းသား၊ ကျောင်းသူလေးများက ပြည်မြန်မာသီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးပြီး မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးကိုယ်စားလှယ် Miss . Suzumi Sekine က ကျောင်းဆောင်ဆောက်လုပ်လှူဒါန်းရခြင်းနှင့် စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေး ပြောကြားပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးနှင့် ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးတင်နွယ်ဦးက မကွေးတိုင်း ဒေသကြီးအတွင်း ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ဂျပန်နိုင်ငံပြည်သူများ စုပေါင်းပြီး ကျောင်းဆောင်သစ် ဆောက်လုပ် လှူဒါန်း ပေးမှုအပေါ် ကျေးဇူးတင်စကား ပြောကြားသည်။
၎င်းနောက် ကျေးရွာကျောင်းဆောင်ဆောက်လုပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးထွန်းအေးက လယ်မကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်ရေးအတွက် ကျောင်းဆောင် ဆောက်လုပ်လှူဒါန်း ပေးမှုအပေါ် ကျောင်းသား၊ ကျောင်းသူများနှင့် ဒေသခံပြည်သူများကိုယ်စား ကျေးဇူးတင်စကားပြောကြားပြီး ဂျပန်-မြန်မာ ချစ်ကြည်ရေး အာရ်စီနှစ်ထပ် ကျောင်းဆောင်သစ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို မြန်မာနိုင်ငံ ဆိုင်ရာ ဂျပန်သံရုံးကိုယ်စားလှယ် Miss . Suzumi Sekine နှင့် ကျောင်းဆောင်သစ်အား တာဝန်ယူဆောက်လုပ်သည့် ဂုဏ်ရှိန်ကြယ် ဆောက်လုပ်ရေးကုမ္ပဏီမှ မန်နေဂျင်းဒါရိုက်တာ ဦးစိုးလင်းအောင် တို့က တာဝန်ရှိသူများထံ လွှဲပြောင်းပေးအပ်ကာ ကျေးရွာရပ်မိရပ်ဖ ဦးကိုလေးက ဂျပန်နိုင်ငံမှ ကျောင်းဆောင် အလှူရှင်များအတွက် အမှတ်တရ ပုံတူပန်းချီကား ပြန်လည်ဂုဏ်ပြုပေးအပ်သည်။
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လယ်မကျေးရွာ(အ.ထ.က-ခွဲ)ကျောင်းတွင် ၂၀၁၉ - ၂၀၂၀ ပညာသင်နှစ် တွင် KG - တန်းမှ ဒသမတန်းအထိ ကျောင်းသားကျောင်းသူ စုစုပေါင်း ၄၁၆ ဦး တက်ရောက်ပညာသင်ကြား လျက်ရှိပြီး ယခုနှစ်တွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းစွာ ပညာသင်ကြားနိုင်ရေးအတွက် ဂျပန်နိုင်ငံရှိ ပြည်သူများက တန်ဖိုးငွေကျပ် အမေရိကန်ဒေါ်လာ ၁၃၂၂၄ လှူဒါန်း၍ အလျား ၁၁၂ ပေ ၊ အနံ ၃၀ ပေ အာရ်စီ နှစ်ထပ် သွပ်မိုး၊ အုတ်ကာ စာသင်ကျောင်းဆောင်သစ်အား လှူဒါန်းပြီး ဂုဏ်ရှိန်ကြယ်ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူဆောက်လုပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ပွင့်ဖြူမြို့နယ် လယ်မကျေးရွာ(အ.ထ.က-ခွဲ)တွင် ဂျပန် - မြန်မာ ချစ်ကြည်ရေး အဓွန့်ရှည်တည်တံ့ ခိုင်မြဲစေရန် ရည်ရွယ်ပြီး အာရ်စီနှစ်ထပ်စာသင်ကျောင်း ဆောင်သစ် တည်ဆောက်လှူဒါန်းပေးခဲ့သဖြင့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းပျော်ရွှင်စွာ ပညာသင်ကြားခွင့် ရရှိသွားပြီဖြစ်၍ ဒေသခံပြည်သူများ ဝမ်းသားပျော်ရွှင်လျက်ရှိနေကြကြောင်း လယ်မကျေးရွာ ကျောင်းဆောင်ဆောက်လုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းအေး ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )