ကျိုင်းတုံ ဇန်နဝါရီ ၂၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ 2019 Novel Coronavirus ကြောင့်ဖြစ်ပွားသော အဆုတ်ရောင် ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူး ဦးရဲနိုင်က အမှာစကားပြောကြားပြီး ပြည်နယ်ကုသရေးနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမြင့်ကျော်က အဆုတ်ရောင်ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများနှင့်ပက်သက်၍ ရှင်းလင်းပြောကြားရာတွင် တာချီလိတ်၊ မိုင်းယု၊ ကျိုင်းလတ်၊ မိုင်ယန်း၊ မိုင်းတုံ၊ ပုံပါကျင် နယ်စပ်ဝင်ပေါက်မြို့များမှ ဝင်လာသည့် ခရီးသွားလာသူများ အား ဌာနဆိုင်ရာများ၊ ကျန်းမာရေး ဝန်ထမ်းများ ပူးပေါင်း၍ ရောဂါရှာဖွေစစ်ဆေးမှုများ ဆောင်ရွက် လျက်ရှိကြောင်း၊ သံသယရှိလူနာများ ဖော်ထုတ်တွေ့ရှိခဲ့ပါက ရောဂါကာကွယ်ထိန်းချုပ်ရေး အတွက် ကြိုတင်စီစဉ် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ရောဂါ၏ လက္ခဏာများ၊ ဆောင်ရန်၊ ရှောင်ရန် အချက်များ ပြည်သူများသိရှိနိုင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း၊ အသိညာပေး လုပ်ငန်းများဆောင်ရွက်ရန်၊ ရောဂါ သံသယရှိသူအဖြစ် တွေ့ရှိပါက အရေးပေါ်ဖုန်းခေါ်ဆိုနိုင်ရန်အတွက် ဖုန်းနံပါတ် ကျိုင်းတုံ ပြည်သူ့ဆေးရုံ (၀၉၆၉၆၁၁၄၁၁၄)၊ တာချီလိတ်ဆေးရုံ(၀၉၂၅၅၃၀၆၆၆၁)တို့ကို ဆက်သွယ် အကြောင်းကြား နိုင်ကြောင်းနှင့် ရောဂါကြိုတင် ကာကွယ်ရေးဆောင်ရွက်မည့် လုပ်ငန်းအစီအမံများကို တက်ရောက် လာကြသည့် ဌာနဆိုင်ရာများ၊ နိုင်ငံရေး ပါတီများမှ ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများက ဆွေးနွေးကြသည်။
ထို့နောက် ပြည်နယ် ဒုတိယအုပ်ချုပ်ရေးမှူးက ထိရောက်သည့် အဆုတ်ရောင်ရောဂါ ကြိုတင် ကာကွယ်နိုင်ရေး အတွက် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့များ၊ စေတနာ့ဝန်ထမ်းများ၊ တိုင်းရင်းသား ပြည်သူများ ပူးပေါင်းပါဝင် ဆောင်ရွက်ရန်နှင့် ကော်မတီများ ဖွဲ့စည်းဆောင်ရွက်သွားမည် ဟု ပြောကြားခဲ့ကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)