Skip to main content

မန္တလေးမြို့တွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းစည်းဝေး

မန္တလေး  ဇန်နဝါရီ  ၂၉

မန္တလေးတိုင်းဒေသကြီးအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဖြစ်ပွားပျံ့နှံ့မှု မရှိစေရေးအတွက် ကာကွယ်တားဆီးရေးလုပ်ငန်းများ ဆောင်ရွက်ရန် တိုင်းဒေသကြီးအဆင့် ဖွဲ့စည်းထားသည့် စောင့်ကြည့်စစ်ဆေး ကုသရေး ကြီးကြပ်မှုကော်မတီ Surveillance and Respond Team (SRT) ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ဇန်နဝါရီ ၂၉ ရက် မွန်းလွဲ ၁ နာရီခွဲက တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ညှိနှိုင်းစာများ အမြန်ဆုံးပေးပို့ထားရန် လိုအပ်

အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က အဆိုပါရောဂါအား ကာကွယ်တားဆီးရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် ပုဂ္ဂလိကအဖွဲ့ အစည်းများ အားလုံးပါဝင်သည့် SRT ကို ဖွဲ့စည်းပြီး အစွမ်းကုန် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ဝူဟန်မြို့မှ မန္တလေးမြို့သို့ ရောက်ရှိနေသော ခရီးသွား ၇၃ ဦးသည် တံတားဦး လေဆိပ်မှ လေကြောင်းခရီးစဉ်ဖြင့် ပြန်လည်ထွက်ခွာသွားသည့် ဖြစ်စဉ်တစ်ခု ဇန်နဝါရီ ၂၈ ရက်နေ့တွင် ရှိခဲ့ကြောင်း၊ ၎င်းခရီးသွားများ မန္တလေးမြို့ တွင် ရှိနေစဉ်ကာလအတွင်း နေထိုင်သွားလာခဲ့မှုများကို မှတ်တမ်းတင်ထားရန် လိုအပ်ပါကြောင်း၊ ယခုဖွဲ့စည်းထားသည့် SRT တွင် ပါဝင်သင့်သည့်ဌာနများ၊ ပုဂ္ဂလိကအဖွဲ့အစည်းများ ကျန်ရှိနေပါကလည်း ထပ်မံပါဝင်ဖွဲ့စည်းရန် ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မလိုလားအပ်သည့် စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန် ဖြစ်ပွားနေသည့် ဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်း ဆောင်ရွက်ချက်များကို အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးရန် လိုအပ်ကြောင်း၊ ထို့ပြင် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြို့များ နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်နိုင်ရန် ညှိနှိုင်းစာများ အမြန်ဆုံးပေးပို့ထားရန် လိုအပ်ကြောင်း ပြောကြားသည်။

ဆက်လက်၍ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်က တရုတ်နိုင်ငံမှ စတင်ဖြစ်ပွားနေသည့် နိုဗယ် ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကာကွယ်တားဆီးရေးအတွက် ကျန်းမာရေးဌာန တစ်ခုတည်းဖြင့် ဆောင်ရွက်ရန် မဖြစ်နိုင်သည့် အတွက် ဌာနပေါင်းစုံ၊ အဖွဲ့အစည်းပေါင်းစုံပါဝင်သည့် SRT ကို ဖွဲ့စည်းကာ ကူညီဆောင်ရွက်လျက် ရှိကြောင်း၊ လက်ရှိတွင် တရုတ်နိုင်ငံ ဝူဟန်မြို့မှ မန္တလေးမြို့သို့ ရောက်ရှိလာမည့် မြန်မာ ကျောင်းသား ကျောင်းသူ ၆၀ အား ၁၄ ရက်ကြာ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုရန် ထားရှိမည့် ယခင် ကန်တော်နဒီဆေးရုံကိုလည်း အဆင်သင့် ပြင်ဆင်ထားရှိပြီး ဖြစ်ကြောင်း၊ ပြည်သူများ အနေဖြင့် မလိုလားအပ်သည့် စိုးရိမ်ထိတ်လန့်မှုများ မဖြစ်ပေါ်စေရန် ယခုအစည်းအဝေးတွင် ရောဂါကာကွယ်တားဆီးရေး လုပ်ငန်းများအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ငန်း ဆောင်ရွက်နေမှုများအား မီဒီယာများမှ ရေးသားဖော်ပြပေးရန် ပြောကြားခဲ့သည်။

ရောဂါကူးစက်သည့်လမ်းကြောင်းနှင့် ကာကွယ်ရန်နည်းလမ်းများပညာပေး

ထို့ပြင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာသန်းသန်းမြင့်က မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန အနေဖြင့် တံတားဦးလေဆိပ်တွင် Thermal Scanner နှစ်လုံးနှင့် ညောင်ဦးလေဆိပ်တွင် Thermal Scanner တစ်လုံးတို့ဖြင့် ဆိုက်ရောက်ခရီးသည်များအား စောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အပြင် ကုန်းလမ်းမှ ဝင်ရောက်လာသူများအား စောင့်ကြပ်ကြည့်ရှုရန် အတွက် ပြင်ဦးလွင်မြို့တွင် ယနေ့မှစ၍ Fever Surveillance လုပ်ငန်းကို စတင်ဆောင်ရွက်နေပြီ ဖြစ်ကြောင်း၊ ထို့ပြင် မန္တလေးတိုင်းဒေသကြီးနှင့် ဆက်စပ်နေသည့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့တွင်လည်း အပူချိန် စောင့်ကြပ် ကြည့်ရှုခြင်း လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း၊ ဆက်လက်၍ ယခုရောဂါ ကာကွယ်တားဆီးရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ကြမည့် အဖွဲ့အစည်းများကိုလည်း အဆိုပါရောဂါလက္ခဏာ ကူးစက်သည့် လမ်းကြောင်းနှင့် ကာကွယ်ရန် နည်းလမ်းများနှင့် ပတ်သက်၍ အသိပညာပေး လုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် လွှတ်တော်ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ပုဂ္ဂလိက အဖွဲ့အစည်းအသီးသီးတို့က ရောဂါကာကွယ်တားဆီးရေးလုပ်ငန်းတွင် ပူးပေါင်းဆောင်ရွက်နေမှုများနှင့် အကြံပြုချက်များကို တင်ပြကြသည်။

သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများပူးပေါင်း

ထို့နောက် မန္တလေးတိုင်းဒေသကြီး ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က အစိုးရ၏ ဆောင်ရွက်ချက်များသည် ပြည်သူများ၏ စိတ်လုံခြုံမှုကို ဖြစ်စေသဖြင့် သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများ ပူးပေါင်းပါဝင်သည့် SRT ကော်မတီမှ အစွမ်းကုန်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

မင်းထက်အောင်(မန်းကိုယ်ပွား)