နေပြည်တော် ဇန်နဝါရီ ၃၀
လတ်တလော Corona Virus ဖြစ်ပွားလျက်ရှိသည့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဟူပေပြည်နယ်၊ ဝူဟန်မြို့၌ ပညာသင်ကြားလျက်ရှိကြသော မြန်မာကျောင်းသူ/ကျောင်းသား (၆၃) ဦးအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် အထူးလေယာဉ် စေလွှတ်ခေါ်ယူသွားရန် မြန်မာအစိုးရမှ ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း သိရသည်။
သို့ဖြစ်ပါ၍ လိုအပ်သည့် လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နှင့် ဆင်းသက်ခွင့်ရရှိရေး၊ ကျောင်းသားများ ပြန်လည်ခေါ်ယူနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံအစိုးရနှင့် သံတမန်လမ်းကြောင်းမှ ဆက်သွယ်ဆောင်ရွက်လျက်ရှိပါကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ အသိပေးအကြောင်းကြားချက် ထုတ်ပြန်ထားသည်။
မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ယူပြီးပါက ကျောင်းသူ/ကျောင်းသားများအား Corona Virus ကူးစက်မှု ရှိ/မရှိ လိုအပ်သော ကျန်းမာရေးအရ စောင့်ကြပ်စစ်ဆေးမှုများကို စနစ်တကျပြုလုပ်သွားရန်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားရှိပါကြောင်းကိုလည်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။
Ref; Ministry of Foreign Affairs Myanmar