မောင်တော ဇန်နဝါရီ ၂၉
ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရပြန်လည်လက်ခံရေးစခန်း၌ ဇန်နဝါရီ ၂၉ ရက် နံနက် ၁၀ နာရီက မိမိတို့ဆန္ဒအရ ပြန်လည်ဝင်ရောက်လာသည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စုကိုးစု အမျိုးသား ၁၆ ဦး၊ အမျိုးသမီး ၁၀ ဦး စုစုပေါင်း၂၆ ဦးတို့အား ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်များအတိုင်း သက်ဆိုင်ရာ တာဝန်ရှိသူများက စိစစ်လက်ခံ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ လက်ခံဆောင်ရွက်ရာတွင် ရှေးဦးစွာ လုံခြုံရေး တာဝန်ရှိသူများက သတ်မှတ် နေရာ၌ တစ်ဦးချင်းလုံခြုံရေးဆိုင်ရာ ရှာဖွေစစ်ဆေးမှုများ ပြုလုပ်သည်။ ထို့နောက် လူဝင်မှု ကြီးကြပ်မှုဆိုင်ရာ လုပ်ငန်းစဉ်များ စိစစ်မှတ်တမ်းတင်ခြင်းအား ဆောင်ရွက်ရာတွင် အိမ်ထောင်စု ကိုးစုရှိ အသက် ၁၀ နှစ်အထက် အမျိုးသား ၁၀ ဦး၊ အမျိုးသမီး ငါးဦးပေါင်း ၁၅ ဦးတို့အား NVCard ထုတ်ပေးခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုနှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ကာ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို မွန်းလွဲ ၂ နာရီတွင် ပြီးစီးခဲ့သည်။
ထောက်ပံ့ပေးအပ်ခဲ့
ဆက်လက်၍ ငါးခူရပြန်လည် လက်ခံရေးစခန်း တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဦးမောင်သာမြက လှဖိုးခေါင် ယာယီနေရာချထားရေးစခန်းသို့ လွှဲပြောင်းပို့ဆောင်ပေးရာ လှဖိုးခေါင်စခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးစိုးရွှေအောင်နှင့် စခန်းတာဝန်ရှိသူများက လွှဲပြောင်း/ လက်ခံဆောင်ရွက်ကြပြီး ဆန်၊ ဆီ၊ ဆား၊ ပဲ၊ မီးဖိုချောင်သုံးပစ္စည်းများအား ထောက်ပံ့ပေး အပ်ခဲ့သည်။
ထို့နောက် ပြန်လည်ဝင်ရောက်လာသူ အိမ်ထောင်စု ကိုးစု၊ လူဦးရေ ၂၆ ဦးတို့သည် ယခင်နေရပ် မောင်တောမြို့နယ် ဒါးကြီးစား၊ ပဒင်း၊ ဒုညောင်ပင်ကြီး၊ ပေါင်းဇား၊ သရက်အုပ်၊ ရွက်ညိုတောင်၊ မြို့ဦး၊ ရေခပ်ချောင်းခွဆုံရွာတို့မှဖြစ်ပြီး သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံသို့ လွှဲပြောင်းပေးအပ်ခဲ့ကာ ညနေ ၄ နာရီ ၃၅ မိနစ်တွင် စခန်းမှပြန်လည် ထွက်ခွာသွားကြောင်း သိရသည်။
ဦးဇော်ဇော်ဆန်း( ခရိုင်ပြန်/ဆက်)