Skip to main content

ဝူဟန်မြို့မှ ပြန်ခေါ်လာမည့် မြန်မာကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ပေးနိုင်ရန် မန္တလေးမြို့တွင် အသင့်ပြင်ဆင်ပြီး

မန္တလေး ဇန်နဝါရီ ၂၉

 

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်ခေါ်လာမည့် မြန်မာကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် မန္တလေးမြို့တွင် အသင့်ပြင်ဆင်ပြီးကြောင်း သိရသည်။

“ ဝူဟန်မြို့မှာ ရောက်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ မြန်မာနိုင်ငံသား စာသင်နေတဲ့ ၆၀ တင် မကပါဘူး။ မည်သူမဆို ကျွန်တော်တို့ နိုင်ငံသား ဒါတင်မဟုတ်ပါဘူး ဒီသံသယရှိတဲ့ လူနာ သို့မဟုတ် ရောဂါဖြစ်ပွားနေတဲ့ လူနာရှိလာပါက ထိန်းချုပ်ဖို့ဆိုသည်မှာ Quarantine (သီးခြားတစ်ဉီးတည်းခွဲထားခြင်း) ဒီလုပ်ငန်းစဉ်က တစ်ခုအပါအဝင် ဖြစ်တယ်။ အဲဒီ Quarantine အတွက်ကို နေရာဒေသ ဆေးရုံပြင်ဆင်ပြီး ဖြစ်တယ်။ ” ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောသည်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှ ပြန်ခေါ်လာမည့် မြန်မာကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် ချမ်းမြသာစည်မြို့နယ်၊ ၆၂ လမ်း သူနာပြု တက္ကသိုလ်ရှေ့ရှိ ယခင် ကန်တော်နဒီဆေးရုံနေရာကို သီးသန့်ဆောင်အဖြစ်ထားရှိရန် ပြင်ဆင်ထားပြီး ပြည်သူ့ဆေးရုံကြီး၊ ကုတင် ၅၅၀ ကလေးဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံကြီး၊ ကုတင် ၃၀၀ သင်ကြားရေးဆေးရုံများတွင် ရောဂါဖြစ်ပွားပါက ကုသနိုင်ရန် သီးသန့်ခန်းများ ပြင်ဆင်ထားကြောင်း သိရသည်။

 “သတင်းအရ  ဂျပန်က လေယာဉ်တစ်စင်းနဲ့ အမေရိကန်က လေယာဉ် တစ်စင်းလာခေါ်သွားပြီဆိုတော့ ဒီမြန်မာနိုင်ငံသားတွေ ပြန်လာမယ်ဆိုရင်လည်း လာလို့ရတဲ့ အနေအထားမှာ ရှိပြီပေါ့။ မန္တလေးမှာ အကုန် Ready လုပ်ထားပြီးပြီ။ ဘာမှစိုးရိမ်စရာမရှိဘူးနော်။ သာမန်လူကောင်းတွေပါဘဲ။ ” မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင် က ပြောသည်။

ဝူဟန် - ရန်ကုန် ခရီးစဉ်မှ တစ်ဆင့် မြန်မာနိုင်ငံသို့ ရောက်ရှိခဲ့သည့် ဝူဟန်ဒေသခံ ၇၃ ယောက်သည် မန္တလေးသို့ ရောက်ရှိခဲ့ပြီး ဇန်နဝါရီလ ၂၈ ရက်နေ့ ညပိုင်းတွင် အထူးလေယာဉ်ဖြင့် လာရောက်ခေါ်ဆောင်သွားကြောင်းနှင့် ယင်းဒေသခံများ နေထိုင်သွားလာခဲ့သည့် နေရာများကို စောင့်ကြည့်မှတ်တမ်းတင်ရန် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ခေတ္တဝန်ကြီးချုပ် ဦးဇာနည်အောင်က ပြောကြားခဲ့သည်။

“ရှင်းရှင်းပြောရရင် မြန်မာနိုင်ငံမှာ ဖြစ်နေလားဆိုတော့လည်း လောလောဆယ်တော့ သတင်းတွေအရတော့ မဖြစ်သေးဘူးပေါ့။ ဖြစ်လည်း လောလောဆယ် international experience နိုင်ငံတကာအတွေ့အကြုံပေါ့။ ၁၇ နိုင်ငံရဲ့ အတွေ့အကြုံအရ ဒီလောက်ကြီး panic ရုတ်တရက်ကြီး အထိတ်တလန့် ဖြစ်စရာ မလိုပါဘူး။ ” မန္တလေးမြို့တော်ဝန် ဒေါက်တာ ရဲလွင်က ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ (SRT) ၏ ဒုတိယအကြိမ်မြောက် အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ကိုရိုနာဗိုင်းရပ်စ်ရောဂါ ဝင်ရောက်မလာစေရန် မန္တလေးတိုင်း အစိုးရအနေဖြင့် လေကြောင်းလမ်း၊ ကုန်းလမ်းနှင့် ရေလမ်းများတွင် စစ်ဆေးမှုများပြုလုပ်နိုင်ရန် ဇန်နဝါရီလ ၂၇ ရက်နေ့က ကိုရိုနာဗိုင်းရပ်စ် စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှုကော်မတီ (SRT) ကို ဖွဲ့စည်းခဲ့ကြောင်းသိရသည်။

 

တင်ဇာလှိုင်